Thursday, 1 September 2016

သွေးအားနည်းခြင်း ကာကွယ်အောင်

ကျွန်မတို့ အမျိုးသမီးအများစုဟာ သွေးအားနည်းခြင်းဆိုတဲ့ လက္ခဏာတစ်ရပ်ရှိတတ်ကြပါတယ်။
သွေးအားနည်းရောဂါလို့လည်း အမည်တပ်တဲ့ Anemia က လူ့ခန္ဓာကိုယ်ထဲမှာ သွေးနီဥ တစ်နည်းအားဖြင့် ဟေမိုဂလိုဘင် လိုအပ်တဲ့ ပမာဏထက် လျော့နည်းလို့ ဖြစ်ပါတယ်။ သွေးအားနည်းခြင်း မနည်းခြင်းကို ဟေမိုဂလိုဘင်နဲ့တိုင်းတာပါတယ်။ ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥတွေရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး အောက်ဆီဂျင်ကို အဆုတ်မှနေ၍ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ရှုးများအားလုံးဆီသို့ သယ်ယူပို့ဆောင်ပေးပါတယ်။

သွေးအားနည်းခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာတွေကတော့ မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းတို့ဖြစ်ကြပါတယ်။ နားအူခြင်း၊ ခေါင်းကိုက်ခြင်းများကလည်း သွေးအားနည်းခြင်းရဲ့ လက္ခဏာရပ်များမှာ ပါဝင်ပါတယ်။ သွေးအားနည်းခြင်းကို ခံစားနေရပြီဆိုရင် ကျွန်မတို့ရဲ့ အသွင်အပြင်က အားနည်းဖျော့တော့ပါတယ်။ သွေးအားနည်းခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းကတော့ သံဓာတ် (iron) ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။
သွေးအားကောင်းစေရန်အတွက်သော်လည်းကောင်း ၊ သွေးအားနည်းခြင်းမှ ကာကွယ်ရန်အတွက်သော်
လည်းကောင်း သံဓာတ်ကြွယ်ဝတဲ့အစာများကို စားသုံးသင့်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့အစာများကတော့ အနီရောင်ရှိတဲ့အသားများဖြစ်တဲ့ အမဲသား၊ သိုးသား၊ ဆိတ်သားနဲ့ အသည်း၊ ပုစွန်၊ ပင်လယ်ငါး၊ တို့ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များအနေနဲ့ကတော့ ဟင်းနုနွယ်၊ ပဲ၊ တိုဖူး၊ ဖယုံစေ့၊ စပျစ်သီးခြောက်၊ စွန်ပလွန်သီး၊ နေရောင်ဖြင့်ခြောက်သွေ့ထားသော ခရမ်းချဉ်သီးခြောက်၊ ပန်းဂေါ်ဖီအစိမ်းရောင်၊ ဂေါ်ဖီထုပ်၊ သစ်စေ့များစတာတို့ဖြစ်ပါတယ်။ ဗီတာမင်စီဓာတ်က သံဓာတ်ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့အတွက်လည်း ဗီတာမင်စီပါဝင်တဲ့ အသီး အရွက်များကို လည်းစားသုံးသင့်ပါတယ်။

 ဟင်းနုနွယ်ရွက် ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၇ မီလီဂရမ်ပါဝင်တဲ့အတွက် ဟင်းနုနွယ်ရွက်ကို ချက်၍တစ်မျိုး
အရည်ဖျော်သောက်လို့တစ်ဖုံ စားသုံးနိုင်ပါတယ်။ လက်တစ်ဆုပ်စာ ဟင်းနုနွယ်ရွက်များကို ရေဆေးသန့်စင်ပြီး ကြိတ်စက်ထဲမှာ ရေဖန်ခွက်တစ်ခွက်စာနဲ့အတူ ရောပြီး ကြိတ်ပါတယ်။ အရွက်များ ကြေညက်သွားတယ်ဆိုရင် ဇကာနဲ့ အဖတ်များကို စစ်ဖယ်ပြီး အရည်ကို တစ်လီတာဆံ့တဲ့ ဗူးထဲကို ထည့်ပါတယ်။ ရေကို ဗူးထဲ ပြည့်အောင် သို့မဟုတ် ဗူးရဲ့လည်ပင်းဝအထိ ထပ်ဖြည့်ပြီး ရေခဲသတ္တာထဲမှာ အအေးခံထားပြီး သောက်သုံးနိုင်ပါတယ်။ အရသာ မကြိုက်နှစ်သက်လို့ သကြားအနည်းငယ်ထည့်ပြီး သောက်လိုကလည်း သောက်နိုင်ပါတယ်။ ရေခဲသေတ္တာထဲ အအေးခံထားခြင်းဖြင့် ဟင်းနုနွယ်ရွက်ရဲ့ အနံ့ကို သက်သာစေနိုင်ပါတယ်။

သွေးအားနည်းသူများအဖို့ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကာဘွန်နိတ်အချိုရည်များ၊ စည်သွပ်ဗူးအစားအစာများ၊ အသင့်စားအကြော်အလှော်များ၊ ကဖင်းဓာတ်ဖြစ်တဲ့ လက်ဖက်ရည်၊ ကော်ဖီ တို့ကို ရှောင်ကြဉ်ရပါမယ်။







ကိုးကား။   http://www.medicinenet.com/hemoglobin/article.htm
                  www.mayoclinic.org/diseases-conditions/iron-deficiency-anemia


                                                                                                         ဟနစံ
                                                                                                     ၃ ရက် စက်တင်ဘာ၊ ၂၀၁၆။



No comments:

Post a Comment