Thursday, 4 August 2016

သမိုင်းထဲက ကြောင်များရဲ့ ကံကြမ္မာ


 

ရှေးနှစ်ပေါင်းများစွာကတည်းက ကြောင်များဟာလူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာ ညှင်းပန်းနှိပ်စက်မှု တို့ကိုခံရပြီး ကြောင်များရဲ့ ကံကြမ္မာဟာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ စိတ်ဝင် စားစရာ ကောင်းလှပါတယ်။ ကြောင်များဟာ အသိရခက်ခြင်းကြောင့် ကြောင်ချစ်သူ ကြောင်ပိုင်ရှင်များ အဖို့တော့ စိတ်အနည်းငယ်ရှုပ်ထွေးစေပါတယ်။ ခွေးများက သူတို့ပိုင်ရှင် သူတို့ရဲ့ သခင်ကို ချစ်လျှင် ချစ်ကြောင်း သိသာထင်ရှားစွာပြတတ်ကြပေမယ့် ကြောင် များကိုတော့ ဘယ်အရာကိုမှ အတင်းအကြပ် စေခိုင်းလို့မရပါဘူး။ သူတို့ဘာသာ သူတို့စိတ်ဆန္ဒ ရှိမှသာလျှင် သူတို့လုပ်ချင်ရာကိုလုပ်တတ်ကြတဲ့ အိမ်မွေး တိရစ္ဆာန်အမျိုးအစားများပါပဲ။ ကြောင်ပိုင်ရှင် သခင်ကိုလည်း တွယ်ကပ်မနေကြဘဲ လွတ်လွတ်လပ်လပ် နေတတ်ကြပါတယ်။ ကြောင်ချစ်သူများသိကြပြီးတဲ့အတိုင်းပါပဲ အိမ်မှာ ကြောင်မွေးထားပြီဆိုလျှင် ကြောင်ပိုင်ရှင် ကြောင်သခင်များက ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ဘဲ ကြောင်များကသာ ကြောင်ချစ်သူ ကြောင်ပိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါတယ်။ ကြောင်ချစ်သူတွေက အလိုအလျောက်ပဲ ကြောင်များ ရဲ့ အလိုကျ လိုက်လုပ်ပေးနေရတော့ပါတယ်။


စာရေးဆရာ ဆာဝေါလ်တာစကော့တ်က “ကြောင်များဟာ လှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါများ ဖြစ်ကြပါ တယ်။ သူတို့ရဲ့ စိတ်ထဲမှာ လိုအပ်ချက်တွေ အများအပြားရှိနေ တယ်လို့ ယူဆရတာကြောင့် ကျွန်တော်တို့ လူသားတွေဟာ ကြောင်များကိုကိုင်တွယ် မွေးမြူတဲ့အခါမှာ သတိရှိရပါမယ်” လို့ပြောခဲ့ပါတယ်။


ကြောင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၀ ကျော်လောက်ကတည်းက ရှိခဲ့ကြပါတယ်။ ကြောင်အကြီးစား များဖြစ်ကြတဲ့ ကျား ၊ ခြင်္သေ့ များဟာ မီရာဆစ် (Miacids) အသားစားသတ္တ ဝါမျိုးနွယ်မှ ဆင်းသက် လာကြတာဖြစ်ပါတယ်။ ယနေ့ခေတ်ကြောင်ရိုင်းများကို မျိုးစိတ်အရ ဥရောပကြောင်ရိုင်း ၊ အာဖရိက ကြောင်ရိုင်း ၊ အာရှကန္တာရကြောင်ရိုင်း ဟူ အမျိုးအစား ၃ မျိုးခွဲခြားထားပါတယ်။


အီဂျစ်လူမျိုးများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ကတည်းက ကြောင်များကို အိမ်မွေးတိရစ္ဆာန် အဖြစ်မွေးမြူခဲ့ကြပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးများက ကြောင်များကို သီးသန့်နေရာ ပေးအလေးထား ကာ မွေးမြူခဲ့ကြပါတယ်။ ကြောင်ဦးခေါင်း နဲ့ လူခန္ဓာကိုယ်ရှိသော နတ်ဘုရား Bast ကို ကိုးကွယ်ခဲ့ကြပါ တယ်။ ကြောင်ကိုအီဂျစ်ဘာသာဖြင့် mau ဟုခေါ်ပြီး သိမြင်ခြင်းလို့ အဓိ ပ္ပ ါယ်ရပါတယ်။ နေ့အချိန်မှာ ကြောင်တွေရဲ့ မျက်လုံးတွေထဲမှာ နေအလင်းရောင်ကိုသိမ်းဆည်းထားကာ ညအချိန်မှာ လူသားတွေကို ဘေးရန်ကင်းရှင်းအောင် အလင်းရောင်ပြပေးတယ် လို့အယူရှိခဲ့ကြပါတယ်။


အိမ်မှာမွေးထားတဲ့ကြောင်တစ်ကောင်သေဆုံးသွားခဲ့လျှင် အိမ်မှာရှိတဲ့မိသားစုဝင်များ အားလုံးက မိမိတို့ရဲ့ မျက်ခုံးမွေးများကိုအပြောင်ရိတ်ပြီး ဝမ်းနည်းပူဆွေးမှုကို ပြသတဲ့ဓလေ့ရှိခဲ့ပါ တယ်။ အဲ ဒီခေတ်အခါက အီဂျစ်နိုင်ငံမှာ ကြောင်တစ်ကောင်ကို သတ်လျှင် သေဒဏ် ပေးတဲ့ ဥပဒေ ရှိခဲ့ပါတယ်။ ထိုအချိန်အခါက ကြောင်များဟာ အခွင့်ထူးခံ အိမ်မွေး တိရစာန် များ ဖြစ်ကြပါတယ်။


အလယ်ခေတ်ကိုရောက်တဲ့အခါမှာတော့ ကြောင်များရဲ့ကံကြမ္မာဟာ အစစ အရာရာ ပြောင်းလဲသွားပါတယ်။ ကြောင်များအတွက် အဆိုးဝါးဆုံးကံကြမ္မာဖြစ်ခဲ့ပါတယ်။ ကြောင်များဟာ စုန်း ၊ တစ္ဆေ များရဲ့ အပေါင်းအဖော်များဖြစ်ကြပြီး စုန်း တစ္ဆေ များရဲ့ ကျိန်စာသင့်နေတဲ့ တိရစ္ဆာန်များ ဖြစ်ကြတယ်လို့ အယူသီးခဲ့ကြပါတယ်။ စုန်း ၊ တစ္ဆေ များက သူတို့ ကိုယ်သူတို့ ကြောင်များအယောင်ဆောင်ထားပြီး လူတွေကိုလှည့်စား နေခဲ့ကြတယ်လို့ အယူရှိခဲ့ကြပါတယ်။ အထူးသဖြင့်အနက်ရောင်ကြောင်များဟာ မကောင်းဆိုးဝါးများဖြစ်တယ် လို့အယူရှိကြပြီး ကြောင်အနက်များကို သတ်ပစ်လေ့ရှိခဲ့ကြပါတယ်။ စိန့်ဂျွန်ပွဲတော် (Saint John Festival) မှာအနက်ရောင်ကြောင်များကို အရှင်လတ်လတ်မီးရှို့သတ်တဲ့ လေ့ရှိခဲ့ပါတယ်။ အဲ ဒီနေ့ခေတ် အချိန်အခါကစပြီး အနက်ရောင်ကြောင်များဟာ မကောင်းဆိုးဝါးများ လို့ အချို့သောလူများက ဆက်လက်အယူသီးနေကြဆဲဖြစ်ပါတယ်။


ဥရောပတိုက်မှာ ကြောင်များကိုညှင်းဆဲသတ်ဖြစ်နေတဲ့အချိန်အခါမှာပဲ အရှေ့အလယ်ပိုင်းဒေသမှာတော့ ကြောင်များဟာ နှစ်သက်ဖွယ်ရာ အိမ်မွေးအကောင်လေးများ ဖြစ်နေခဲ့ပါတယ်။ ၁၈ ရာစုအရောက်မှာတော့ ဥရောပမှာကြောင်များရဲ့ကံကြမ္မာ ပြောင်းလဲလာခဲ့ပါတယ်။ ကြောင်များကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူလာခဲ့ကြပြီး လူအများရဲ့ နှစ်သက်ချစ်ခင်ခြင်းကို ကြောင်များရရှိခဲ့ကြပါတယ်။


၁၈၇၁ ခုနှစ်မှာ United Kingdom ရဲ့ Central Palace မှာ ကြောင်ပြပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပ ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ကြောင်များကိုခွေးထက်ပို မွေးမြူလာကြပြီး ကြောင်များဟာ လူတွေရဲ့ အချစ်တော် လေးများအဖြစ် ရေပန်းစား လျက်ရှိနေပါတယ်။


သိပ္ပံနည်းကျစမ်းသပ်လေ့လာမှုတွေအရ ကြောင်များကိုအိမ်မှာမွေးမြူထားခြင်းဖြင့် ကြောင်ပိုင်ရှင် လူတို့အတွက် စိတ်တင်းကြပ်မှု ၊ စိတ်ဖိစီးမှု နဲ့ သွေးတိုးရောဂါများ ကို လျော့ပါး သက်သာစေတယ်လို့ ဆိုပါတယ်။ ကြောင်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူ ထားခြင်းဖြင့် စိတ်ဖိစီးမှုရောဂါကို လျော့ပါးသက်သာစေတာ ကိုစမ်းသပ်မှု တွေအရ အထင်အရှား တွေ့ရပါတယ်။


လူကြိုက်အများဆုံးအိမ်မွေးကြောင်အမျိုးအစားကတော့ အဖြူရောင် နဲ့အနက်ရောင် နှစ်ရောင်စပ်တဲ့ (Moggie) ကြောင်မျိုးဖြစ်ပါတယ်။ အနက်ရောင်ကြောင် နဲ့တက်ဘီကြောင် (Tabby Cat) အမျိုးအစား များကလည်း ကမ္ဘာတဝှမ်းမှာ နာမည်ကြီးနေပါတယ်။ Siamese လို့ခေါ်တဲ့ ယိုး ယားကြောင်အမျိုးအစားက ၁၉၈၀ ပြည့်နှစ်လောက်မှာ လူသိများလာပါတယ်။ ဝေါ့ ဒ စ်စနေ ရဲ့ကာတွန်းရုပ်ရှင်ဖြစ်တဲ့ The Lady and the Trap မှာ Siamese ကြောင်များဟာ ဗီလိန်ဇာတ်ဆောင်များအဖြစ်ပါဝင်နေတာကြောင့် ကြောင်ချစ်သူများက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ ကြောင်များဟာ အသိဉာဏ်မြင့်မားပြီး စူးစမ်းလေ့လာ တတ်တဲ့ သဘာဝရှိပါတယ်။ ပြင်သစ်စာရေးဆရာမ Collette က သူမရဲ့အချစ်တော်ကြောင်လေးအကြောင်းကို - ကျွန်မရဲ့ ကြောင်လေးက သူ့ကို ကျွန်မက တလေးတစား ဆက်ဆံပြောဆိုသလိုမျိုး ကျွန်မကိုပြန်လည်မဆက်ဆံပါဘူး- လို့ ပြောခဲ့ပါတယ်။


ကြောင်တွေဟာမိန်းမတွေအတွက်ချစ်ခင်စရာဖြစ်ပြီး ခွေးများဟာ ယောက်ျားများချစ်ခင်တဲ့ အိမ်မွေးတိရိစ္ဆာန်များဖြစ်တယ် ဆိုတဲ့ အင်္ဂလိပ်ရှေးဟောင်းဆိုရိုးစကားရှိပေမယ့်လည်း ဆာဝင်စတန်ချာချီ ၊ မာ့ခ်တွိင် ၊ ဆာအိုင်းဇက်နယူတန် ၊  အေဗရာဟမ်လင်ကွန်း စတဲ့ ကမ္ဘာကျော် အမျိုးသားများ ဟာကြောင်ချစ်သူများဖြစ်ကြပါတယ်။ အလက်ဇန်း ဒါးသည်ဂရိတ် ၊ ဂျုးလိယပ်စ်ဆီဇာ ၊ ဂန်ဂစ်ခန် ၊ နပိုလီယန်ဘိုနာပါတ် နဲ့ ဟစ်တလာ တို့ကတော့ ကြောင်မုန်းတီးသူများဖြစ်ကြပါတယ်။ ထိုသို့သော ပုဂ္ဂိုလ်များကတော့ ကမ္ဘာကြီးကို ပိုင်စိုးလို သူ များဖြစ်ကြပြီး အင်မတန် ခေါင်းမာကြသူများ ဖြစ်ကြ ပါတယ်။ကြောင်တွေရဲ့ ဆန္ဒ တွေကို ဘယ်တော့မှခွင့်မပြုသူများဖြစ်ကြပါတယ်။


ကြောင်တွေကလည်းကြောင်ချစ်သူများကိုသာချစ်ခင်တတ်ကြပါတယ်။ ကြောင်ချစ်သူများ ကလွဲလို့ကြောင်များရဲ့ ချစ်ခင်မှုကိုမရနိုင်ကြပါဘူး။ ကမ္ဘာကျော်အင်္ဂလိပ်လူမျိုးစာရေးဆ ရာကြီး ချားလ်စ်ဒ စ်ကန် က "ကြောင်တစ်ကောင်ကိုချစ်ရတာလောက် ကြီးမားတဲ့ဆုလာဘ်ကြီးမရှိပါဘူး" လို့ပြောခဲ့တာကိုကြည့်ခြင်းအားဖြင့် ကြောင်များနဲ့လူများ အကြားမေတ္တာကိုတွေ့နိုင်ပါတယ်။ ကြောင်ချစ်သူများဟာ စိတ်နှလုံးသိမ်မွေးနူးညံံ့တတ်ကြပြီး စာပေ ၊ အနုပညာကို နှစ်သက် တတ်သူများ ဖြစ်တယ်လို့ယူဆလို့ရနိုင်ပါ တယ်။
                                                                                                                     ဟနစံ
                                                                                                       ၂၅ ရက်၊ ဇွန်လ၊ ၂၀၀၆ ခုနှစ်။ 


No comments:

Post a Comment