Saturday, 20 August 2016

ဖယုံသီး ကြက်ဥပူတင်းပေါင်း

ဒီတစ်ပတ် ပိတ်ရက်မှာတော့ နေ့လယ် အဆာပြေစားစရာ ဖယုံသီးကြက်ဥပူတင်းပေါင်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့
၁။ ဖယုံသီးအသေး ၁ လုံး
၂။ ကြက်ဥ ၂ လုံး
၃။ ဆားအနည်းငယ်
၄။ နို့ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရေ ထမင်းစားဇွန်း ၃ ဇွန်း   (သို့မဟုတ် ) နွားနို့ ထမင်းစားဇွန်း ၅ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ အိုးကြီး ၁ လုံး
၆။ ဖယုံသီးထည့်ပေါင်းရန် ခွက် ၁ ခွက်
တို့ ဖြစ်ကြပါတယ်။

ဖယုံသီးကို ထိပ်ဖြတ်ပြီး အတွင်းမှ အစေ့များကို ဖယ်ထုတ်ပါ။



ကြက်ဥ ၂ လုံးကို ပန်းကန်လုံးတစ်ခုထဲတွင် ခက်ရင်းဖြင့် ခလောက်ပြီး ဆားအနည်းငယ်၊ နို့ဆီ နှင့် ရေ ထမင်းစားဇွန်း၃ ဇွန်းထည့်ပြီး အရသာနှံ့အောင် နာနာခလောက်ပါ။ နိ့ဆီကို အသုံးမပြုလိုပါက နွားနို့နှင့် သကြားအနည်းငယ်ထည့်လို့ရပါတယ်။


ထို့နောက် ဖယုံသီးထဲသို့လောင်းထည့်ပါ။


ဖယုံသီးကို ပြန်ဖုံးပါ။





ဖယုံသီးကို အပူခံသည့် ခွက်တစ်ခုထဲတွင် ထည့်ပါ။ အိုးထဲတွင် ရေကို ခွက်၏ တစ်ဝက်ခန့်မြုပ်အောင် ထည့်ပြီး အိုးကို အဖုံးအုပ်ပြီး မီးဖိုပေါ်တွင် ဖယုံသီးကို မီးအေးအေးဖြင့် ပေါင်းပါ။


နာရီဝက်ခန့်ကြာသည့်အခါတွင် ဖယုံသီးနှင့် ကြက်ဥ ကျက် မကျက်ကို ကြည့်ပါ။ မကျက်သေးလျှင် ကျက်သည်အထိ ဆက်လက် ပေါင်းထားပါ။ ဖယုံသီးကျက်လျင် မီဖိုကိုမီးပိတ်ပြီးနောက် ဖယုံသီးကို ထုတ်ပါ။



ဖယုံသီးကို ပုံတွင်ပြထားသည့်အတိုင်း လှီးပြီးပန်းကန်ထဲထည့်ကာ နေ့လယ် အဆာပြေအတွက် လက်ဖက်ရည် ၊ ကော်ဖီ ၊ ရေနွေးကြမ်း နှစ်သက်ရာတို့ဖြင့် သုံးဆောင်နိုင်ပါသည်။




ဖယုံသီးတွင် ကယ်လိုရီအနည်းငယ်သာ ပါဝင်ပါသည်။ ဖယုံသီး ၁၀၀ ဂရမ်လျှင် ၂၆ ကယ်လိုရီသာပါဝင်ပြီး ကိုလက်စထရောကဲ့သို့ ပြည့်ဝအဆီများ မပါဝင်ပါ။ ဖယုံသီးတွင်ပါဝင်သည့် Zea-xanthin သည် အသက်ကြီးလျှင် ဖြစ်တတ်သော မျက်စိမှုန်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
ကြက်ဥတွင် ပရိုတင်းဓာတ်များစွာ ပါဝင်ပါသည်။ ကြက်ဥအကာတွင်  ဗီတာမင် B2 ၊ selenium ၊ ဗီတာမင်  D ၊ B6 ၊  B12 တို့ပါဝင်ပြီး ကြက်ဥအနှစ်တွင် ဗီတာမင် A ၊  D ၊  E ၊  K နှင့် lecithin ၊ အဆီ၊ ကိုလက်စထရောတို့ ပါဝင်ပါသည်။ တစ်နေ့လျှင် ကြက်ဥ ၂လုံးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက် ကျန်းမာရန် လိုအပ်သည့် အဟာရဓာတ်များကို ရရှိမှာဖြစ်ပြီး အဆီ၊ ကိုလက်စထရောတို့ ရှောင်လိုသူများအတွက် တစ်နေ့လျှင် ကြက်ဥ ၂လုံးထက်ပိုမို မစားသင့်ပါ။


ကိုးကား။  ။  www.bbcgoodfood.com
                      www.nutrition-and-you.com/pumpkin.html


                                                                                                                                           
                                                                                                                              ဟနစံ

 

No comments:

Post a Comment