Thursday, 4 August 2016

သူ့ကဏ္ဍနဲ့သူ



         လူတစ်ယောက်မှာ နေရာပေါ်မူတည်ပြီး ပြုမူ လှုပ်ရှားရတဲ့ ကဏ္ဍ (role)များ တစ်ခုထက်မက ရှိနေတတ်ပါမယ်။ ရှိတ်စပီးယားပြောခဲ့သလို လူတွေဟာ လူ့ဘဝ ပြဇာတ်ခုံပေါ်မှာ ကပြနေကြတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ကျောင်းဆရာက ကျောင်းဆရာ ဇာတ်ရုပ်ကို သရုပ်ဆောင်နေသလို၊ ဆရာဝန်က ဆရာဝန်ဇာတ်ရုပ်ကို သရုပ်ဆောင်နေပြီး ကွန်ပျူတာပညာရှင်က ကွန်ပျူတာပညာရှင် ဇာတ်ရုပ်ကို သရုပ်ဆောင်နေကြပါတယ်။

       ယနေ့ခေတ်ကာလမှာ ကျွန်မတို့ အမျိုးသမီးတွေဟာလည်း လူ့ဘဝဇာတ်ခုံရဲ့ ကျရာကဏ္ဍမှာ ပါဝင်သရုပ်ဆောင်နေကြရတာ ကဏ္ဍတစ်ခုထက်မက သရုပ်ဆောင်နေရပြန်ပါတယ်။
လုပ်ငန်းခွင်မှာ ဒါရိုက်တာ တာဝန်နှင့် အလုပ်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်ထောင့်ရှင်မ ဇာတ်ရုပ်ကို သရုပ်ဆောင်ရပါတော့တယ်။ မီးဖိုချောင်ထဲမှာ စားဖိုမှုးတစ်ယောက်ရဲ့ဇာတ်ရုပ်ကို ပြောင်းလဲသရုပ်ဆောင်ရပြန်ပါတယ်။ ဒီလို role (ကဏ္ဍ)များစွာနဲ့ အမျိုးသမီးတစ်ဦးဟာ ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာ ကဏ္ဍတွေကို ရောထွေးပစ်လို့ မဖြစ်ပြန်ပါဘူး။ လုပ်ငန်းခွင်မှာ ဒါရိုက်တာရာထူးနဲ့ ဦးဆောင်သူ ခေါင်းဆောင်တစ်ဦးအနေဖြင့် ခေါင်းဆောင်ကောင်းတစ်ဦးပီသစွာ ပြုမူနေထိုင်ဆောင်ရွက်ရပါတယ်။


        အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်ထောင်ရှင်မအဖြစ် ပြောင်းလဲသွားတဲ့နေရာမှာ လုပ်ငန်းခွင်က ဒါရိုက်တာဆိုတဲ့ ကဏ္ဍနဲ့ သရုပ်ဆောင်မယ်ဆိုရင် အိမ်ထောင်ဦးစီးဖြစ်သူ ခင်ပွန်းသည်နဲ့ ထိပ်တိုက် conflicts တွေဖြစ်တော့မှာ အသေအချာပါပဲ။ မီးဖိုချောင်ထဲမှာ စားဖိုးမှုးတစ်ယောက်အနေဖြင့် ကျွမ်းကျင်စွာ စားသောက်ဖွယ်ရာများကို ပြင်ဆင်ချက်ပြုတ်ရာမှာ ငါ …ကုမ္ပဏီ ဒါရိုက်တာမကြီးပဲ ဆိုတဲ့ ကဏ္ဍကို သယ်ဆောင်လာမယ်ဆိုရင်တော့ ခင်ပွန်းသည်နဲ့ သား သမီးများအတွက် ဖွယ်ဖွယ်ရာရာ အရသာစုံလင်တဲ့ စားသောက်ဖွယ်ရာများကို ချက်ပြုတ်နိုင်မယ် မထင်မိပါဘူး။ အလားတူပဲ ရုံးပိတ်ရက်မှာ စျေးဝယ်ထွက်တဲ့ အခါမှာ စျေးဝယ်သူ အိမ်ရှင်မကဏ္ဍကို သရုပ်ဆောင်ရပြန်ပါတယ်။ ဒီအခါမှာလည်း ကုမ္ပဏီ ဒါရိုက်တာမကြီးဆိုတဲ့ကဏ္ဍကို သယ်ဆောင်လာလို့ မဖြစ်ပြန်ပါဘူး။

    ကျောင်းဆရာမတစ်ဦးဟာ လုပ်ငန်းခွင်မဟုတ်တဲ့ ပြင်ပနေရာမှာ ငါ ဆရာမပဲ ဆိုတဲ့အတွေးနဲ့ နေရာတိုင်း လိုက်ပြီး ဆရာလုပ်နေမယ်ဆိုရင် ကိုယ့် ကျောင်းသား၊ တပည့်မဟုတ်သူတွေက ဘယ်လိုနည်းနဲ့မှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်သူငယ်ချင်းများ စုဆုံမိတ်ဆုံစားပွဲမှာလည်း ကုမ္ပဏီ ဒါရိုက်တာမကြီးပဲဆိုတဲ့ အခန်းကဏ္ဍနဲ့ သူငယ်ချင်းတွေအပေါ် ပြုမူဆက်ဆံမယ်ဆိုရင် မိတ်ဆွေ အပေါင်းအသင်း နည်းသည်ထက် နည်းသွားမှာ အမှန်ပါပဲ။

     လူတိုင်း လူတိုင်းဟာ သူ့ ကဏ္ဍနဲ့သူ ပြုမူရမှာဖြစ်ပါတယ်။ သူ့နေရာ ၊ သူ့ ကဏ္ဍနဲ့သူ မပြုမူနိုင်ဘဲ ကဏ္ဍတစ်ခုကိုသာ စိတ်မှာ အသေစွဲလို့ နေရာတိုင်းမှာ ပြုမူဆက်ဆံမယ်ဆိုရင်တော့ ကာလ ကြာရှည်လာတဲ့အခါ အထီးကျန်ခြင်းဆိုတာကို အဓိက ခံစားရမှာဖြစ်ပြီးနောက် အစ ပထမပိုင်းမှာ ပတ်ဝန်းကျင်ရှိ လူအများနဲ့ သဟဇာတ မဖြစ်ခြင်းမှသည် မိမိကိုယ်တိုင်နှင့် မိမိပင် သဟဇာတ မဖြစ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခု စွဲကပ်လာနိုင်ဖွယ် ရှိပါတယ်။
                                                                                                                                  
                                                                                                                       ဟနစံ
                                                                                                      ၃ရက် ၊ ဇန်နဝါရီလ၊ ၂၀၁၀ ခုနှစ်။

No comments:

Post a Comment