Thursday, 4 August 2016

လူနှင့်ဆိုရှယ်မီဒီယာ

ယနေ့ခေတ်ကာလတွင် internet မှာ စာရေးခြင်းဖြင့် citizen journalistဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။


internet ကို အသုံးပြုပြီး blog ၊ forum ရေးသားပြီး သတင်းတွေ ဖြန့်ဝေ မျှဝေပြီးနေတဲ့သူတွေ ကcitizen journalist တွေပါပဲ။ ခုဆို ကမ္ဘာကြီးပူနွေးလာလို့ ရာသီဥတုသဘာဝဘေးတွေအတွက် ကြိုတင် ကာကွယ်မှုတွေဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတွေ၊ ကျန်းမာရေးအတွက် ရေကောင်းရေသန့် သောက်သုံးဖို့တွေလိုမျိုးက အစ ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး၊ လူမှုရေး ၊ အလှအပရေးရာ စတဲ့ သတင်းတွေကို blog ရေးသားပြီးလည်းကောင်း၊ forum မှာ post များရေးသားပြီးလည်းကောင်း ဝေမျှ ဖြန့်ဝေနေတဲ့သူတွေ ...သူတို့ကတော့ ဝေမျှချင်တဲ့စေတနာလေးနဲ့ ရေးသားတာဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ citizen journalistဖြစ်မှန်းမသိဘဲ ဖြစ်နေကြတာကိုလည်း သိချင်မှ သိကြပါမယ်။



၀ါသနာအလျှောက် ဓာတ်ပုံတွေရိုက်မယ် ပြီးတော့ ကိုယ့် blog မှာ upload တင်မယ် email နဲ့ မိတ်ဆွေတွေဆီ ပို့ကြတယ်။ အဲဒါတွေကနေ သတင်းဓာတ်ပုံတွေ ဖြစ်သွားနိုင်တယ်။ internet မှာစာဖတ်သူတွေက ဖတ်မိ မယ်။ အမြင်တူတာ၊ မတူတာတွေအတွက် comment့တွေရေးတယ် ။သူတို့ ပြန်ရေးတဲ့ commentတွေကနေ သတင်းအချက်အလက်တွေ ပါနိုင်တယ်။ သမိုင်းကြောင်းတွေ ပါနိုင်တယ်။အဲဒီ commentရေးသူတွေက လည်း citizen journalist ဖြစ်မှန်းမသိ ဖြစ်ကြပါတယ်။ citizen journalist ဆိုတာက professional journalistတွေလို train လုပ်ထားတဲ့သူတွေ မဟုတ်တော့ media နဲ့ ပတ်သက်တဲ့ စောင့်စည်းလိုက်နာ ရမှာတွေ၊ ဥပဒေတွေကို သိချင်မှ သိကြပါမယ်။ ရေးသားချက်တွေက ကိုယ်ရေးကိုယ်တာ ဆန်ချင်လည်း ဆန်ပါမယ်။ ပုဂ္ဂိုလ်ရေးဆန်တာတွေလည်းရှိနိုင်ပါမယ်။ စာအရေးအသားက ကိုယ့် စိတ်အခံပေါ်မူတည် ပြီးတော့ အကောင်း ၊ အဆိုးကိုရေးကြတာတွေဖြစ်ပြီး တည်းဖြတ်ပြင်ဆင်တဲ့ စာတည်းဆိုတာလည်း မရှိဘဲ ရေးသူကိုယ်တိုင်ကပဲ blog ပေါ်မှာ တင်ပြတာမျိုး ဆိုတော့ စာဖတ်သူတွေအနေနဲ့ကတော့ မိမိရဲ့ IQ ၊ EQ ၊ မိမိမှာ ရှိနေတဲ့ အထွေထွေဗဟုသုတတို့ အပြင် စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ချင့်ချိန်ယူသင့်ပါတယ်။



social media တွေရဲ့ အားသာချက်ကတော့ ကမ္ဘာအရပ်ရပ်မှာဖြစ်နေတဲ့ အဖြစ်တွေကို သတင်းတွေကို internet ကနေ ချက်ချင်းသိနိုင်တာပါပဲ။ ဥပမာ မြန်မာပြည် ပြင်ပမှာ နေထိုင်သူတစ်ဦးက ပြည်တွင်းက ခရီးသွားလာစရိတ်လိုမျိုး၊ ရွှေစျေးနှုန်းလိုမျိုးကို သိချင်တယ်ဆို forumတွေမှာ မေးလိုက်ပြီး ကူညီချင်သူက ပြန်ဖြေတဲ့အခါမှာ ဒါကလည်း သတင်းဖြစ်သွားတယ် ဆိုတော့ အချိန်မဆိုင်းဘဲ ချက်ချင်းပဲ သိလိုတာတွေကို သိရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ လိုအပ်တဲ့အခါမျိုးမှာလည်း social media တွေကို အသုံးပြုပြီးတော့ တတ်သိနားလည်သူတွေကို မေးမြန်းနိုင်ပါတယ်။



social media တစ်ခုဖြစ်တဲ့ Facebook လိုမျိုးမှာကျတော့ ပုဂ္ဂလိက ဖွဲ့ထားတဲ့ စာကြည့်တိုက်လိုမျိုး၊ ebook စုဆောင်းတင်ပြသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စတာတွေကြောင့် သုံးစွဲသူ စာဖတ်သူအနေနဲ့က မိမိသိလိုတာတွေကို သိနိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ဖတ်ချင်တဲ့စာအုပ်ကို စာကြည့်တိုက်ကို သွားရှာစရာမလိုတော့ဘဲ facebook မှာ စေတနာရှင်များ မျှဝေပေးထားတဲ့ ebook များကို ဖတ်ရှုနိုင်ပါတယ်။ google ကနေ ရှာမယ်ဆို ကိုယ်လိုချင်တဲ့စာအုပ်ကို ကွက်တိ ရချင်မှ ရမယ်။ စာတမ်းရေးလို့ ကိုယ့် စာတမ်းအတွက် ကိုးကား ဘာစာအုပ်လိုချင်တယ်ဆိုတာမျိုးရေးတင်ထားလိုက်တဲ့ခါ ကူညီချင်သူတွေ ၊ သူတို့မှာလည်း အဲဒီ စာအုပ် ရှိနေသူတွေက ပြန်လည် ဝေမျှပြီးတော့ အားလုံးအတွက် အဆင်ပြေလှပါတယ်။


ရုပ်ရှင် ဂီတ အနုပညာရှင်တွေ အနေနဲ့လည်း သူတို့ရဲ့ ပရိသတ်နဲ့ အမြဲထိတွေ့ခွင့်ရသလို ပရိသတ် fan အင်အားကို facebook မှာ fan page ပြုလုပ်ပြီးတော့ စုဆောင်းနိုင်ပါတယ် ။



၀ါသနာအလျှောက် အားလပ်ချိန်လေးမှာ မိမိ blog မှာ post တွေရေးတာ၊ community forum တွေ၊ ဘာသာရပ်ဆိုင်ရာ ပညာရပ်ဆိုင်ရာ forumတွေမှာရေးကြ၊ သတင်းတွေ ဝေမျှကြတဲ့ citizen journalist တွေက ငွေကြေး တစ်ပြားမှ မရရှိဘဲနဲ့ ဝါသနာအလျှောက် အားလပ်ချိန်မှာ internet စာဖတ်သူတွေ ကူညီနေကြတာပါ။ professional တွေလို သင်တန်းပေးထားတာ မဟုတ်လေတော့ သူတို့မှာ အမှားအယွင်း တွေလည်း ရှိနိုင်တယ်။ သူတို့ ပုဂ္ဂလိက ခံစားချက်နဲ့ သူတို့ အမြင်တွေကို ထည့်ရေးတဲ့ခါ တစ်ပါးသူကို ပုတ်ခတ်မိတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကိုယ့် blogမှာ ကိုယ်ရေးချင်တာရေးလို့ရတယ် ဆိုပေမယ့် လည်း စာရေးတဲ့ခါမှာတော့ နှုတ်တစ်ရာ၊ စာတစ်လုံး ဆိုတဲ့ စကားလိုပဲ ကိုယ်ရေးတဲ့စာဟာ ကိုယ့်မှာသာ တာဝန်ရှိတာမို့ အတတ်နိုင်ဆုံး သတင်းအမှန်ဖြစ်ဖို့နဲ့ ဘယ်သူကမှ မသတ်မှတ်ထားပေမယ့် မိမိရဲ့ အသိနဲ့ မိမိ စည်းကမ်းရှိမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။



internet စာဖတ်သူတို့ကလည်း စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူေတွဆိုတာကို မေ့ထားလို့လည်း မရပါဘူး။ မိမိတင်ပြတဲ့ သတင်းအကြောင်းအရာများဟာ မိမိရဲ့ ပုဂ္ဂလိက ခံစားချက်နဲ့ သူတစ်ပါးကို ပုတ်ခတ်ဝေဖန်တာ မျိုးနဲ့ မမှန်ကန်ဘူးဆိုရင် စာဖတ်သူတို့က မိမိပြောသမျှကို ယုံကြမှာမဟုတ်ပါဘူး။ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ကတော့ မိမိ ရေးတာတွေကို အယုံအကြည် ကင်းမဲ့လာကြပြီး ကိုယ့်မှာရှိတဲ့ စာဖတ်ပရိသတ်လျော့နည်းသွားနိုင်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ပုတ်ခတ်တာမျိုးမဟုတ်ဘဲ တင်ပြရေးနိုင်ရင်တော့ အကောင်းဆုံးလို့ ထင်မြင်မိပါတယ်။


                                                                                               ဟနစံ
                                                                                    ၁၀ ရက်၊ မေလ၊ ၂၀၁၀ ခုနှစ်။

No comments:

Post a Comment