Thursday, 2 February 2017

မိတ်ဆွေ၊ ရန်သူ

ဒိုင်ယာရီ...
လူတွေအကြောင်း မတွေးချင် မပြောချင်ပေမယ့် တစ်ခါခါ ကိုယ်နဲ့ပတ်သက်ဆက်ဆံရတဲ့ လူတွေ ကိုယ့်အပေါ်ဘယ်လိုပြုမူဆက်ဆံတာက ကိုယ် ကိုယ်တိုင် ခံစားသိရှိရတာဆိုတော့ လူတွေအကြောင်း မတွေးချင်ဘူးဆို နေလို့ မရပြန်ဘူး။
၂၀၁၇ နှစ်စကတည်းက ကိုယ့် ကျန်းမာရေး ဆေးစစ်တာနဲ့ ကိုယ့်ဘာကိုယ် ပိုးမွေးသလိုပဲ ကျန်းမာရေး ဂရုစိုက်နေရတယ်။ ပညာရေးက စမိမှတော့ ရပ်လိုက်လို့ မဖြစ်တာမို့ မကျန်းမာတဲ့အခြေအနေမှာ ဆက်လုပ်တာ ခေါင်းမာတာတော့ မဟုတ်ဘူး။ စထားမိတာကိုးနော်။
ဇန်နဝါရီတစ်လလုံး ဆေးခန်း၊ ဆေးရုံပဲသွားလာနေရတယ်။ အိမ်မှာနေတဲ့အချိန် နားနားနေနေဆိုတာက လူပဲ သွားလာမှု မရှိဘဲနေတာ စာတွေကတော့ လုပ်နေ ရေးနေရတာပဲ။
တကယ်တော့ ကိုယ် မကျန်းမာလျက်နဲ့ လုပ်နေတယ်ဆိုတာက ကိုယ် လောဘကြီးတာ မဟုတ်ဘူး။ ကိုယ် စထားပြီးတဲ့အလုပ်တစ်ခုကို ဆုံးအောင် အပြီးသတ်ချင်တာမျိုးပဲ။
ဒီအလုပ်လုပ်ရင် စာတမ်းတွေရေးရမယ်။ စာတမ်းတွေဖတ်ဖို့ ခရီးတွေ သွားရမယ်။ ဒါ ဒီအလုပ်ရဲ့ လုပ်ငန်းသဘာဝပဲလေ။

ဒိုင်ယာရီရေ...
တချို့က ပြောကြတယ်။ ဘဝမှာ အခြေအနေ နိမ့်ကျသွားရင် လူတွေက မိတ်ဆွေတွေက နှိမ်ကြ မပြောကြ၊ မခေါ်ကြတဲ့။ ကိုယ်ကတော့ အဲလို မကြုံမိဘူး။ ကိုယ် မကျန်းမာတုန်းက ကိုယ့်ကို အားပေးစကားပြော ၊ သနားကြ၊ ခင်ကြ မင်ကြတဲ့မိတ်ဆွေတွေနဲ့။ အဲ့တုန်းက ကိုယ်က တကယ် သေခါနီးဆဲဆဲပဲ။ မိတ်ဆွေတွေရဲ့ အားပေးစကားတွေက တကယ် အားဖြစ်ခဲ့ပါတယ်။
ကံဆိုတာတွေ ဘာတွေ ကိုယ်က ဗုဒ္ဓဘာသာ မကိုးကွယ်လို့ မပြောတတ်ပါဘူး။ ကိုယ်နဲ့ တွေ့တဲ့ ဆရာဝန်တွေက အင်မတန်တော်ပြီး ကိုယ့်ကို ဂရုစိုက်တယ်။ လူနာတစ်ယောက်လိုမျိုးဆိုတာထက် မိတ်ဆွေလိုမျိုးဆိုတော့ ပိုပြီး ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပြီး ကိုယ့်အခြေအနေတစ်ချက်မှားတာနဲ့ ဆရာဝန်တွေက တန်းသိတာမျိုး။ ..ဆိုတော့ကာ နာမကျန်းပေမယ့် ကံကောင်းတဲ့လူနာလို့ ပြောရမယ်။
ကိုယ့်စိတ်အားထက်သန်မှုရယ်၊ ဆေးပညာတိုးတက်မှုရယ်၊ ဆရာဝန်တွေ တော်တာရယ်၊ ကိုယ်က ဆရာဝန်တွေရဲ့ ပညာကိုယုံကြည်မှုရယ်တွေနဲ့ ကိုယ်က ဘုံးဘုံးကြီးလဲနေတဲ့အခြေအနေကနေ ထူထူထောင်ထောင် ပြန်ဖြစ်ခဲ့တယ်။ ကိုယ်ကလည်း ထူထူထောင်ထောင်ဖြစ်တာနဲ့ ကိုယ့်စာတမ်းတွေပဲ လုပ်တာပဲ။ ကိုယ့်စာတမ်းတွေအတွက်နဲ့ ချီးမြှင့်ခံရ၊ ခရီးတွေသွားရချိန်မှာ
ကိုယ် ပြန်ကျန်းမာလာပြီး အလုပ်တွေ ပြန်လုပ်နိုင်လို့ မိတ်ဆွေတွေက ဝမ်းသာကြမယ် ထင်ခဲ့တာ။ အားလုံး မဟုတ်ဘူး...ဒိုင်ယာရီ။
တချို့ လုံးဝ မထင်မှတ်ထားတဲ့သူတချို့ပေါ့လေ။ ကိုယ် နာမကျန်းတုန်းက ကိုယ့်ကို သနားကြင်နာကြပြီး ကိုယ်လဲကျနေခဲ့တုန်းက ကိုယ့်အပေါ် ကောင်းခဲ့ကြပြီး ကိုယ် လဲကျနေရာကနေ ပြန်ထူထောင်လာတော့ ကိုယ့်ကို မစွတ်စွဲမပြောဆိုသင့်တာမျိုးတွေတောင် ပြောဆို ပုတ်ခတ်ကြတယ်။ တစိမ်းတွေက ကိုယ့်ကျန်းမာရေးကို မသိလို့ ပြောကြဆိုကြတယ်ဆို ကိုယ် အံ့ဩမှာ မဟုတ်ဘူး။ ခုတော့ ကိုယ် အံ့ဩသွားတယ်..ဒိုင်ယာရီ။
ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ကိုယ်ဟာ အလုပ်တွေအများကြီး လုပ်လို့ မရပါဘူး။ ဘဝမှာ အကန့်အသတ်တွေထဲ နေထိုင်သွားရတာ။ ကိုယ်လုပ်လက်စ သုတေသနအလုပ်နဲ့ စာတမ်းရေး၊ စာတမ်းဖတ်တဲ့အလုပ်တွေက ကိုယ် ဦးစားပေးလုပ်တယ်။ အပြင်ထွက်စရာမလို၊ လှုပ်ရှားသွားလာစရာ
မလိုတဲ့အလုပ်တွေပဲ ကိုယ် လုပ်လို့ရတယ်လေ။ စာတမ်းဖတ်ဖို့ ခရီးတွေ သွားတာကတော့ လေယာဉ််ခရီးတွေဖြစ်တာရော၊ သွားတဲ့နေရာတွေက ဖွံ့ဖြိုးတိုးတက်ပြီးနေရာတွေပဲနဲ့ စာတမ်းဖတ်ပွဲတွေကို လာတဲ့ လူတန်းစားက တစ်မျိုးတည်းသာ ရှိတာတွေကြောင့် စာတမ်းဖတ်တဲ့ခရီးတွေကိုတော့ ကိုယ် သွားခဲ့နိုင်တယ်။ နေပူထဲတွေတော့ မထွက် မလည်ပတ်ဘူးပေါ့။ ကိုယ့် ကျန်းမာရေးက နေရောင်ထိလို့ မရတော့ နေမထိအောင်ဘဲ သွားလာတာပဲ။
တကယ်တော့ ဒီဘဝမျိုး ကိုယ်လုပ်ချင် ရချင်လို့ ဖြစ်လာတာ မဟုတ်ပါဘူး..ဒိုင်ယာရီ။ ဘယ်သူက ဒီလိုမျိုး နေရောင်မထိ၊ အပြင်မထွက်ဘဲနဲ့နေချင်မှာလဲ။ ဖြစ်လာတဲ့အတိုင်း အလိုက်သင့် နေထိုင်ရင်း ကိုယ်နဲ့ကိုက်ညီတာကို လုပ်ရတာပဲ။ ဒီဟာတွေကို အောင်မြင်မှုလို့ ကိုယ် မမြင်ဘူး။ ဟုတ်လည်း မဟုတ်ဘူး။ သူများတွေ သူတို့အလုပ် သူတို့ လုပ်သလိုပဲ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတာမျိုးပဲလေ။  ကိုယ်နေရတဲ့ အကန်ု့အသတ်ဘဝထဲမှာ ပျော်အောင်နေလိုက်တာမျိုးပဲ။

ဘာမှ အားကျစရာမကောင်းသလို ဘယ်သူမှ ဒီလို ဖြစ်ချင်မယ်လို့ မထင်မိဘူး။
သူတို့နေတဲ့ဘဝမျိုးကမှ လွတ်လပ်ပျော်ရွှင်မှုအတိနဲ့လေ။ ကိုယ်နေရတဲ့ဘဝက အကန့်အသတ်တွေနဲ့။
အဲဒီအကန့်အသတ်တွေကို ကျော်ဖောက်ရင် ကိုယ် အသက်ဆက်ရှင်ဖို့က အခွင့်နည်းသွားမှာပဲ။

ကိုယ် လဲကျနေတုန်းက ကိုယ့်အပေါ် ကောင်းခဲ့တဲ့မိတ်ဆွေ တချို့က ကိုယ် လဲနေရာကနေ ပြန်ထ ပြန်လည် လမ်းပြန်လျှောက်ကာစမှာပဲ ရန်သူတွေတောင် မလုပ်တဲ့ ပုတ်ခတ်မှုမျိုးတွေ လုပ်တယ်လေ။

ကိုယ် ..အံ့အားသင့်လွန်းလို့ ဆွံ့အနေပါတယ်...ဒိုင်ယာရီ။



Wednesday, 1 February 2017

တာဝန်နှင့် ယူတတ်သူ

မိတ်ဆွေ အမျိုးသမီးတစ်ယောက်က မြန်မာနိုင်ငံကို ဒီဇင်ဘာလတုန်းက သွားရောက်လည်ပတ်ခဲ့တယ်လို့ ပြောပါတယ်။
ကျွန်မက ဟုတ်လား...ဘယ်လိုမြင်လဲဆိုတော့ ပခုံးသာ မသိမသာလေးတွန့်ပြပါတယ်။
action louder than words ဆိုတော့ ကျွန်မလည်း ဘာမှ ဆက်မမေးတော့ပါဘူး။
 နောက်....တခြားအသိတစ်ယောက် ရဲ့ အဖေက ဒီက သတင်းထောက်လို့ ပြောပါတယ်။ ရန်ကုန်ကို ရောက်ခဲ့တယ်လို့ ပြောတော့ ဟုတ်လား...ဘယ်လိုနေလဲ လို့ မေးကြည့်ပါတယ်။
နှစ်၅၀ လောက်နောက်ကျကျန်နေခဲ့တယ် လို့ သူ့အမြင်ကိုပြောပါတယ်။
ဒါတောင် သူက ရန်ကုန်ကိုပဲ ရောက်ခဲ့တာ။ အရှေ့တောင်အာရှက အာဆီယံနိုင်ငံသား အဲဒီလူသာ နယ်မြို့တွေကိုသာ ရောက်သွားခဲ့ရင် သူ ဘာပြောမလဲဆိုတာကို မမှန်းတတ်တော့ဘူး။

သူ ပြောတဲ့ နောက်ကျတယ်ဆိုတာက ဘာကိုနောက်ကျတာလဲလို့ဆိုတာ သူလည်း အသေးစိတ်မပြောဘူး။ ကျွန်မလည်း မမေးဘူး။
အဲဒါက သူ့အမြင်ဆိုတော့ သူ့မှာလည်း လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့်ရှိသည်ပဲ။
ကျွန်မမှာလည်း လွတ်လပ်စွာ ကျွန်မ အမြင်ကို ပြောပိုင်ခွင့်ရှိသည်ပဲ။
အားလုံးသိပြီးသားတွေဟာ ဓာတ်ပြားဟောင်း ၊ သီချင်းဟောင်းတွေပဲ ထပ်တလဲလဲ ဖွင့်နားထောင်သလိုဖြစ်မှာပါ။ ထူးမခြားနားပတ်ပျိုးလေးပဲ ဆက်လက် နားထောင်နေကြရတာ။

တခြားကိစ္စတွေကို မကြည့်ဘဲနဲ့ လူထုတစ်ရပ်လုံးကို အလွယ်တကူရောက်ရှိတဲ့ မီဒီယာဘက်ကိုပဲ ကြည့်လိုက်ပါမယ်။
မီဒီယာလွတ်လပ်ခွင့်မရှိလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မသက်ဆိုင်တဲ့ မီဒီယာလွတ်လပ်ခွင့်အပြည့်အဝရှိတဲ့ နည်းပညာခေါင်းစဉ်တွေကိုပဲ ကြည့်ကြရအောင်။
နည်းပညာစာစောင်များ၊ ဂျာနယ်များမှာ နည်းပညာပိုင်းဆိုင်ရာ ဆောင်းပါးများမှာ အမှားအယွင်းများကို မကြာခဏဆိုသလိုတကယ်တတ်ကျွမ်းနားလည်သူများက ဝေဖန်ထောက်ပြတာတွေကို အွန်လိုင်းမှာ မြင်ဖူး၊ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီဝေဖန်ထောက်ပြမှုများဟာ အင်တာနက်ပေါ်မှာပဲရှိတဲ့အတွက် မှားယွင်းစွာဖော်ပြတဲ့ ဂျာနယ်၊ စာစောင်များကို ဖတ်ရှုသူများ သိနိုင်ဖို့ နည်းပါလိမ့်မယ်။ နည်းပညာကို တတ်သိနားလည်သူကလည်း ဒီဆောင်းပါးပါ ဖော်ပြချက်ဟာမှားယွင်းပါတယ်လို့ တစ်အိမ်တက်ဆင်းလိုက်ပြီး အမှန်ကို ပြောပြနေမှာ မဟုတ်ပါဘူး။ ဒီတော့ နည်းပညာလိုင်းဘက်ကမဟုတ်တဲ့ စာဖတ်သူများက ဆောင်းပါးပါအကြောင်းအရာကို မှန်ကန်တယ်လို့ ယူဆထင်မြင်ကြပါလိမ့်မယ်။

အင်တာနက်ပေါ်မှာ ရှိတဲ့ မြန်မာဘာသာဖြင့်ရေးသားဆွေးနွေးကြတဲ့ နည်းပညာ website များ၊ blog များ၊  forumများ အများအပြားရှိပါတယ်။ ပါဝင် ဆွေးနွေးရေးသားသူများဟာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်ကျွမ်းသူ ပညာရှင်များ၊ အထူးပြုဘာသာယူထားတဲ့ကျောင်းသားများပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ရေးသားဆွေးနွေးမှုများဟာ မှန်ကန်သလို အမှားအယွင်းတစ်စုံတစ်ရာရှိရင်လည်း ပြန်လည်ပြင်ဆင်ပေးတဲ့ ပညာရှင်များ ရှိပါတယ်။ ဒါပေမဲ့ ဒီမှန်ကန်တဲ့ နည်းပညာဆောင်းပါးများဟာ မြန်မာပြည်တွင်းက ဂျာနယ်များ၊ စာစောင်များမှာ တင်ပြထားတာ မဟုတ်တဲ့အတွက် အင်တာနက်မသုံးတဲ့ စာဖတ်သူများက ဖတ်ရှုနိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ အင်တာနက်မှာ စာရေးကြတဲ့ ပညာရှင်များအနေနဲ့လည်း ပြည်တွင်းက စာစောင်၊ ဂျာနယ်များမှာ စာရေးဖို့ဆိုတာက ခဲယဉ်းပါတယ်။ အကြောင်းကတော့ ကျွန်မတို့ သိပြီးသားပါပဲ။ ဆောင်းပါးများ၊ စာမူများကို ဂျာနယ်၊ စာစောင် ရုံးဝန်ထမ်းများကပဲ ရေးသားကြတာဖြစ်လို့ ပြင်ပမှ စာမူကို မသုံးပါဘူး၊ လက်မခံပါဘူးလို့  စာစောင်တစ်ခုကို စာမူ လက်ခံပုံနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တာမှာ အဲဒီ အဖြေပြန်လည်ရရှိပါတယ်။ လခဆိုတာ ဘာမှ မရှိ၊ မဖြစ်လောက်လို့ စာမူခကသာ အားထားစရာမို့ ပြင်ပက စာမူများကို လက်မခံဘဲ ရုံးအတွင်းမှာသာ စာစောင်အတွက် စာမူရေးကြတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို မကြာခဏ ကြားဖူးနေရတာပဲ။
ဒါကို လက်ခံနိုင်ပါတယ်။ လူဆိုတာ အခွင့်အရေးရှိတုန်း ယူကြတာ သဘာဝပါပဲ မဟုတ်လား။

ဒါဆိုရင် စာရေးတဲ့သူဟာ ဘာအတွက် စာရေးတာပါလဲဆိုတဲ့ မေးခွန်းက မေးစရာရှိလာပါပြီ။ စာဖတ်သူတွေအတွက် မှန်မှန်ကန်ကန်တင်ပြရမှာက စာရေးသူနဲ့ မီဒီယာအလုပ်ပဲ မဟုတ်ပါဘူးလား။ နည်းပညာဆောင်းပါး၊ သုတဆောင်းပါးများ၊ အတွေးအခေါ် ဆောင်းပါးများမှာ မှားယွင်းဖော်ပြမှုများဟာ စာဖတ်သူအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။  ပြည်ပမှ ဆောင်းပါးများကို ဘာသာပြန်ကာ ရေးသားတယ်ဆိုပေမဲ့လည်း အဲဒီနယ်ပယ်က နည်းပညာသမားမဟုတ်သူတစ်ယောက်အနေနဲ့ မူရင်းဆောင်းပါးပါအကြောင်းအရာ အချက်အလက်များကို အပြည့်အဝနားလည်နိုင်ဖို့ ခဲယဉ်းပါတယ်။ စာလုံးလေးတစ်လုံးကိုပင် ဘာသာပြန်ဆိုမှု လွဲချော်သွားခြင်းရဲ့ အကျိုးဆက်ဟာ အင်မတန် ကြီးပါတယ်။ လေ့လာစရာ အရင်းအမြစ်များပေါကြွယ်ဝမှု မရှိသေးတဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံမှာ လူငယ်ထု၊ ပြည်သူလူထုဆိုတာက မီဒီယာဆိုတဲ့ စာပေကနေ ဗဟုသုတရှာမှီးနိုင်ကြတာပါ။

အမှားအယွင်းကင်းတယ်ဆိုတာကတော့ ဘယ်နေရာမှာမှ မရှိနိုင်ပါဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အမှားဆိုတာ တစ်ကြိမ်၊ တစ်ခါသာမှားဖို့သင့်တဲ့အရာမဟုတ်ပါလား။ စာပေသမားအမှားက စာဖတ်သူလူထုတစ်ရပ်လုံးကိုပါ မှားယွင်းစေနိုင်ပါတယ်။ တစ်ယောက်တည်းကလုပ်ပေမဲ့ အကျိုးဆက် ခံစားရမယ့်သူတွေက သန်းပေါင်းများစွာပါ။ လူသန်းပေါင်းများစွာကို ဓားနဲ့လိုက်ခုတ်ရင် ဘယ်နှစ်ယောက် ခုတ်နိုင်ပါမလဲ။ တစ်နေ့ကို အလွန်ဆုံး ၁၀ ယောက်ထားပါတော့။ စာတစ်ပုဒ်နဲ့တော့ တစ်နေ့တည်း တစ်ထိုင်တည်းမှာပဲ လူပေါင်းများစွာရဲ့ အတွေးအခေါ်တွေကို သတ်ပစ်လိုက်နိုင်ပါတယ်။

မိမိရေးလိုက်တဲ့စာအတွက် မိမိ တာဝန်ယူနိုင်တဲ့ စာပေသမားများ အများအပြားရှိမယ်ဆိုရင်၊ မိမိရဲ့ ကိုယ်ပိုင် ခံစားချက်နဲ့ ဘက်လိုက်ရေးသားမှုများ မရှိဘူးဆိုရင် စာပေသမားများ ခင်းပေးတဲ့လမ်းပေါ်မှာ ကျွန်မတို့က သူများတွေထက် နောက်ကျ ကျန်မနေနိုင်ဘူး မဟုတ်ပါလား။

၂၀၁၁ ၊ ဖေဖော်ဝါရီလ ၅ ရက်။
နံနက် ၁၀ နာရီ ၊ ၅၁ မိနစ်။

ရိုးသားခြင်းသည်သာ


ရိုးသားခြင်းဟာ စာသင်ကျောင်းများမှာ ကလေးများကို  စိန်ခေါ်လျက်ရှိနေရပါတယ်။

များပြားလှသော အိမ်စာပုစ္ဆာများ၊ assignment များကြောင့် ကျောင်းသားများဟာ ကူးချခြင်း၊ ကူးယူခြင်းဆိုတဲ့ မရိုးသားမှုကို ပြုမူ ကျူးလွန်တတ်ကြပါတယ်။

အတန်းဖော်သူငယ်ချင်းထံမှ အိမ်စာပုစ္ဆာတွက်များကို လွယ်လင့်တကူ ကူးယူလိုက်တယ်ဆိုတာက အင်မတန်လွယ်ကူလှပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျောင်းသားတစ်ယောက်အတွက် မရိုးသားခြင်းဆိုတာထက် ပိုမိုပြီးတော့ ကြီးမားတယ်ဆိုတာကို ကျောင်းသားများ သိစေဖို့ လိုအပ်ပါတယ်။



ကူးယူခြင်း၊ ကူးချခြင်း၊ ခိုးချခြင်း အလေ့အထများဟာ ကျောင်းသားများရဲ့ အနာဂတ်ပညာရေးတင်သာမက အနာဂတ်ဘဝအတွက်ပါ ဆိုးကျိုးဖြစ်စေပါတယ်။

နောင် အနာဂတ်မှာ အလုပ်အကိုင်ရရှိတည်မြဲရေးအတွက်တော့ အာမခံချက်ရှိမှာ မဟုတ်ပါဘူး။

စာမေးပွဲမှာ ကူးချခြင်းဖြင့် အမှတ်ကောင်းကောင်းဖြင့် အောင်နိုင်မှာပါ။ ဒါပေမဲ့လည်း ရေရှည်ကို ကြည့်မယ်ဆိုရင် ဥပမာအားဖြင့် သချင်္ာဘာသာရပ်မှာ ကူးချလို့ အမှတ်ကောင်းသော်လည်း အခြေခံ ပုစ္ဆာဖြေရှင်းနည်းတွေကို မသိတဲ့အတွက် သင်ခန်းစာတစ်ခုပြီးတိုင်း ပြီးတိုင်းမှာ သချင်္ာပုစ္ဆာတွက်နည်းများထဲမှာ တဝဲလည်လည် ဖြစ်နေတော့မှာပါပဲ။



ကူးချခြင်းဖြင့်ရရှိလာတဲ့ ဒီပလိုမာဘွဲ့တစ်ခုဟာ ဘွဲ့လက်မှတ်ရဖို့အတွက်ကတော့ လွယ်ကူသော်လည်း နောင် လုပ်ငန်းခွင်ထဲမှာတော့ ကူးချခြင်းက မိမိကို မကယ်တင်နိုင်ဘူးဆိုတာ သိလာပါလိမ့်မယ်။ အကောင်းဆုံး ဥပမာတစ်ခုကတော့ ရေကူးသင်တန်းဖြစ်ပါတယ်။ ရေကူးသင်တန်းမှာတော့ လေ့ကျင့်ခန်းများကို ခိုးချပြီး အောင်မြင်မှာ မဟုတ်ပါဘူး။ ခိုးချမယ်ဆိုရင်တော့ ရေထဲမှာ နစ်မြုပ်သွားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျောင်းစာသင်ခန်းမှာ ကူးချခြင်းဖြင့် အောင်မြင်ခဲ့မယ်ဆိုရင်တောင်မှ ဘဝသင်ခန်းစာများမှာတော့ နစ်မြုပ်နေမှာဖြစ်ပါတယ်။



မရိုးသားမှုဖြင့် ဘဝမှာ အောင်မြင်မယ်ဆိုရင်လည်း တခဏတာသာ အောင်မြင်ပါလိမ့်မယ်။ ရေရှည်အောင်မြင်မှုအတွက်ကတော့ ရိုးသားစွာ စာကျက်မှတ် ကြိုးစားမှသာ ဖြစ်ပါမယ်။  အချို့သော လူတို့ဟာ လောဘကြောင့် မရိုးသားမှုကို ပြုမူတတ်ကြပါတယ်။

အချို့သော ကျောင်းသားများဟာလည်း အမှတ်ကောင်းကောင်းလိုချင်တဲ့ လောဘကြောင့် မရိုးသားမှုဖြစ်တဲ့ ကူးချခြင်းကို ပြုတတ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်အချို့သည်လည်း လောဘကြောင့် မရိုးသားမှုကို ပြုတတ်ကြပါတယ်။

ဒါပေမဲ့လည်း အောင်မြင်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များဟာ ရိုးသားမှုဖြင့် အောင်မြင်မှုအထွဋ်အထိပ်ကို ရရှိလာကြကြောင်း လေ့လာ သိရှိနိုင်ပါတယ်။



လူတစ်ဦးချင်းစီရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ်ဟာ မမှန်ကန်ခြင်းကို အလိုလို သိမြင်တတ်ပါတယ်။ ရိုးသားခြင်းဖြင့် မိမိရဲ့အတွင်းစိတ်မှာ ရှင်းလင်းနေတဲ့အတွက် နေလို့ ထိုင်လို့လည်း ကောင်းပါတယ်။



အမှန်ကိုသာ ထုတ်ဖော်ပြောကြားရတာဟာ တစ်ခါတစ်ခါမှာတော့ မလွယ်ကူလှပါဘူး။

အမှန်တရားဟာ တစ်ခါတစ်ရံမှာ ခါးသီးတယ်လို့ ဆိုကြသော်လည်း မိမိရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ် (မိမိရဲ့ သိစိတ်)၊ ပတ်ဝန်းကျင်ရှိလူအများနဲ့ ဆက်ဆံရေး၊ မိမိကိုယ်ကို လေးစားကြည်ညိုသော စိတ်တို့အတွက် ရိုးသားခြင်းအမှန်ဟာ အကောင်းဆုံးဖြစ်ပါတယ်။



ဟနစံ

လူငယ်

သူတို့..

တိုက်ပုံ မဝတ်ဘူး၊ ဟိတ်ဟန် မထုတ်ဘူး

မကြိုက်ရင် မပြုံးဘူး၊ စကားများများမပြောဘူး

ခုတုံး မလုပ်ဘူး၊ ကတုံးပေါ်ထိပ်မကွက်ဘူး

ဘုကျချင်ကျမယ် ဘောက်ကျချင်ကျမယ်။



သူတို့....

တီရှပ်ဝတ်တယ် ၊ ဂျင်းပင်(န်) ဝတ်တယ်

သဘောကျရင် ဟက်ဟက်ပက်ပက်ရယ်မယ်၊

စိတ်ကူးအိပ်မက်တွေ ပြောပြမယ်

အမှန်တရားကိုမြတ်နိုးတယ်။



သူတို့...

ဆံပင်ရှည်မထားဘူး ၊ ချိတ်ထဘီ မဝတ်ဘူး

ပဲမများဘူး၊ မာယာမများဘူး

လမ်းသွားရင်း အော်ရယ်ချင်ရယ်မယ်

စိတ်ပါရင် စကားကျယ်ကျယ်ပြောမယ်။



သူတို့...

မှားချင်မှားမယ် ၊ မှန်ချင်မှန်မယ်

အမွားကို မဖံုးကြယ္ဘူး

အမွန္ကို မၾကြားဝါဘူး

အမွားကို အမွန္မလုပ္ဘူး

အမွန္ကို အမွားမလုပ္ဘူး

ရှုူသွင်းလိုက်တဲ့ လေထုညစ်ချင်ညစ်မယ်

အဆုတ်တွေ သန့်စင်တယ်။



သူတို့...

လမ်းဘေးဆိုင်မှာထိုင်မယ်

ဟိုတယ္စာ မစားဘူး

နှစ်ယောက်တစ်လိပ် စီးကရက်

ဝေမျှ သောက်ချင်သောက်မယ်

ပိုက်ဆံအနွမ်းတွေပဲ ရှိတယ်

စိတ်ကူးအသစ်တွေ ရှိတယ်။



သူတို့...

တစ်ခုခုအတွက် ညောင်ရေမလောင်းဘူး

နှုတ်ခမ်းတွေပြုံးရင် မျက်လုံးတွေပါပြံုးတယ်

မျက်လုံးတွေပြုံးရင် နှလုံးသားတွေပါ ပြံုးတယ်။



အဲဒါ...လူငယ် ။           ။

ကိုယ့်လမ်းနဲ့ကိုယ်

အလုပ်ဆိုတာ ပိုက်ဆံရမှသာ အလုပ်လို့ သတ်မှတ်ထားသူတွေအတွက်၊ ပိုက်ဆံမရတဲ့အလုပ်တွေဟာ အလုပ်လို့ မမည်ဘူးလို့ ခံယူထားသူတွေအတွက် အလုပ်ဆိုတာ ဘာအတွက်လုပ်တယ်ဆိုတာကို ရှင်းပြနေဖို့မရှိပါဘူး။

ဘာအလုပ်ကိုမဆို ပိုက်ဆံရဖို့အတွက် လုပ်တယ်လို့ ခံယူထားသူတွေအတွက် အလုပ်တစ်ခုကနေ ရရှိတဲ့ အတွေ့အကြုံ၊ ဝမ်းသာကြည်နူးမှုပီတိ၊ ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်တွေဟာ ပိုက်ဆံ မီလျံနဲ့ချီကာ ဝယ်ယူလို့ မရနိုင်တဲ့အကြောင်း ရှင်းမပြချင်ပါဘူး။



လူတစ်ဦးချင်းစီဟာ သူ ဖြတ်သန်းလာတဲ့ဘဝ၊ နာယူလာခဲ့တဲ့ ဆိုဆုံးမစကားတွေ၊ သင်ယူလာခဲ့ရတဲ့ ဘဝသင်ခန်းစာတွေအပေါ်မူတည်ပြီး

ခံယူချက်၊ ရပ်တည်ချက်နဲ့ တန်ဖိုးထားတဲ့အရာတွေ ကွဲပြားခြားနားသွားနိုင်ပါတယ်။ ဒီကွဲပြားမှုတွေကို တူညီအောင် လိုက်ညှိနေဖို့ ကျွန်မ ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ပါဘူး။



ပိုက်ဆံမှ မရဘဲ...ဘာလို့လုပ်နေတာလဲ ဆိုတဲ့ မသိလို့ မေးတဲ့ မေးခွန်းတွေကိုလည်းကောင်း၊ အချိန်ကုန် စိတ်ပင်ပန်းပြီး ပိုက်ဆံလည်း ရအောင် မလုပ်နိုင်ဘူးဆိုတဲ့ အပြစ်တင်စကားတွေကိုသော်လည်းကောင်း ပြန်လည်ချေပဖို့ ကျွန်မမှာ တာဝန်မရှိပါဘူး။



ကျွန်မမှာ တာဝန်ရှိတာကတော့ လူသားတစ်ဦးအဖြစ် မွေးဖွားကြီးပြင်းလာတဲ့အတွက် လူသားတစ်ယောက်ရဲ့ သူ့ပတ်ဝန်းကျင်အပေါ်မှာ တင်ရှိတဲ့ တာဝန်တွေပါပဲ။ အဲဒီတာဝန်တွေကို ကျွန်မ အကုန် မကျေပွန်သေးပါဘူး။ လမ်းခရီးချင်းတူတဲ့သူတွေနဲ့ အတူတကွ လူသားတာဝန်တွေကို ထမ်းဆောင်နေဆဲပါ။



ရေးလိုက်တဲ့စာတစ်ကြောင်း၊ အလုပ်တစ်ခုဟာ အခြားလူသားတစ်ဦးတစ်ယောက်အတွက် တစ်စုံတစ်ရာ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အကျိုးဖြစ်ထွန်းသွားမယ်၊ စိတ်ကြည်နူးသွားမယ်၊ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်မိမယ်ဆိုရင် ကျွန်မ အတွက်တော့ အဲဒါ ကျွန်မ အလုပ်လုပ်နေတာပါပဲ။

ကျွန်မ သွားနေတဲ့ ဘဝပုံစံဟာ အခြားသူများရဲ့ ဘဝပုံစံနဲ့တူအောင် ကျွန်မ တကူးတက လိုက်ညှိနေဖို့ မလိုပါဘူး။  သွားတဲ့ခရီးလမ်းနဲ့ ပန်းတိုင် တူတဲ့သူတွေနဲ့ ကျွန်မတို့ အတူတကွ ခရီးသွားကြပါတယ်။ တခြား ခရီးလမ်းကို မလိုက်လို့လည်း ကျွန်မကို အပြစ်ဆိုလို့လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ကျွန်မ နှလုံးသားနဲ့ ကျွန်မ အသက်ရှင်နေထိုင်ပါတယ်။

ရှေ့ဆက်ရန်

“ေဟာ….မမ လာၿပီ”

ဆိုသည့် အသံကြောင့် သူမ ခေါင်းငုံ့ကာ ထိုင်နေရာမှ မော့ကြည့်မိသည်။

အင်ဖော်မေးရှင်းစားပွဲမှ ဝန်ထမ်းမိန်းကလေး မတ်တပ်ထရပ်လိုက်တာကို တွေ့တော့ သူမ ရုံးအဝင်တံခါးဝကို လှမ်းကြည့်လိုက်မိသည်။ မှန်တံခါးကို တွန်းဖွင့်လာသော လက်သွယ်သွယ်ဖြူဖြူလေးကို အရင် မြင်ရပြီးနောက် မမ ဆိုသူကို သူမ တွေ့လိုက်ရသည်။

အို…ဒါ ကိုကို ခ်စ္တဲ့ မမ ပါလား

အဖြူရောင် ပိတ်ဖောက်ဇာ ရင်ဖုံးအင်္က ျီ နှင့် မိုးပြာရောင်အခံတွင် အဖြူရောင် အချိတ်ဆင် ဖောက်ထားသော ရခိုင်ချိတ်ထမီဝတ်ထားသော မမ ဆိုသူသည် ကတ္တီပါပုံတော်ဖိနပ်စီးထား

သော ခြေလှမ်းများဖြင့် ရုံးအတွင်းကို လှမ်းဝင်လာလေသည်။ နဖူးကိုပြောင်ရှင်းအောင် သိမ်းထားသော ဆံပင်ကို အနောက်ဘက်တွင် ထုံးဖွဲ့ထားသည်မှာ သူမ ဂျပန်ကီမိုနိုပြက္ခဒိန်များတွင် မြင်ဖူးသော ဂျပန်မလေးများ ထုံးဖွဲ့ထားတတ်သောဆံထုံးပုံမျိုးဖြစ်သည်။

မျက်နှာတွင် အပြုံးလဲ့လဲ့ကို ဆင်ထားပြီး လှမ်းလာသောမမ၏ နောက်မှာ ဖိုင်များထည့်ထားသော ကြိမ်ဆန်ကာတောင်းကို သယ်ဆောင်လာသော မမ၏ ဒရိုင်ဗာ ဖြစ်ဟန်တူသော လူတစ်ယောက်က ရိုရိုကျိုးကျိုးအသွင်နှင့်။ ရုံးအတွင်း အင်ဖော်မေးရှင်းစားပွဲအရှေ့မှ ဧည့်ခန်းတွင် ထိုင်နေသော သူမကို မမက လှမ်းပြံုးပြသည်။ မမ အပြံုးကြောင့် သူမလည်း ယောင်ရမ်းပြံုးပြလိုက်မိသည်။ သူမ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။

“မမ ကိုတွေ့ချင်လို့တဲ့ … ဧည့်သည် ရောက်နေပါတယ်”

အင်ဖော်မေးရှင်းစားပွဲမှ ဝန်ထမ်းအမျိုးသမီးလေးက မမကို ရိုကျိုးစွာ ပြောလိုက်တော့ မမက သူမ ရှိရာကို လှမ်းလာသည်။

သူမ ယောင်ရမ်းကာ မတ်တပ် ထရပ်လိုက်သည်။

“ဟုတ်လား…စောင့်နေရတာ ကြာပြီလား မသိဘူး။ အားနာလိုက်တာ။ မလေးငုံက ကိစ္စတစ်ခုရှိတာနဲ့ လမ်းမှာ ဝင်နေတော့ ရုံးကို ရောက်လာတာ နောက်ကျသွားတာ”

သူမကို ယခုမှ မြင်ဖူးပေမယ့်လည်း ယခင်တည်းက သိဖူးနေသလို ရင်းနှီးဖော်ရွေစွာ ပြောလာသော မမကို သူမ တအံ့တသြ ငေးကြည့်ကာ သူမ စကားပြန်ပြောရန် ဆွံ့အ နေမိသည်။ သွားများပေါ်အောင် ပြုံးလိုက်တော့ ရှေ့သွား ကြီးကြီး ၂ချောင်းပေါ်လာသည်က မမ ရှိရင်းစွဲ အသက်ထက် နုငယ်သွားသယောင်။ အသားဖြူဖြူမှာ အနည်းငယ် ပန်းရောင်သမ်းနေသောကြောင့် ဗမာလူမျိုး ဟုတ်ဟန်မတူသော မမမှာ စကားသံကလည်း မဆိုစလောက်လေး ၀ဲနေသည်။

“ကေသီရေ… ဧည့်သည် အတွက် ကော်ဖီ လုပ်ပေးဦးနော်..ကျေးဇူးတင်ပါတယ်နော် …ကေသီ”

ဟု မမက ရုံးခန်းတွင်းရှိ ဝန်ထမ်း အမျိုးသမီးတစ်ဦးကို လှမ်းပြောလိုက်သည်။

နှုတ်ဆွ့ံ့အ ကာ ယောင်ငေးငေး ကြည့်နေမိသော သူမကို မမက

“ညီမလေး..လာ လာ..မမ ရုံးခန်းကို သွားရအောင်”

ဟုဆိုကာ သူမ လက်မောင်းကို ညင်သာစွာ ကိုင်တွယ်ဖေးမကာ ခေါ်လာတော့ သူမ ယောင်ရမ်းကာ လှမ်းလျှောက်မိသည်။ စံပယ်ပန်းရနံ့ကဲ့သို့သော ရေမွှေးရနံ့ကို ရှုူရှိုက်မိကာ မမ လည်တိုင် ရှင်းရှင်းလေးမှ အကြောစိမ်းလေးများကိုပင် သူမ မြင်လိုက်ရသည်။ ဆံထုံး ထုံးဖွဲ့ထားရာမှ အောက်နားဘက်မှ ဆံနုလေးများက ဂုတ်ပေါ်အနည်းငယ်ကျနေသည်ကို သူမ ငေးကြည့်မိရင်း

“ကိုကို ချစ်တာလည်း ချစ်လောက်ပါတယ်လေ” ဟု သူမတွေးမိလေသည်။

ချောမောလှပသည်ဟု မဆိုသာဘဲ မမ ဆိုသူမှာ သွယ်မြင့်သော အရပ်နှင့် လုံးကျစ်သော ခန္ဓာကိုယ်လေးကြောင့် မြန်မာဝတ်စုံ ဝတ်ဆင်ထားခြင်းမှာ ကျက်သရေရှိလှသည် ဟု သူမတွေးရင်း မမခေါ်ဆောင်ရာကို စိတ်မှတ်မဲ့စွာလိုက်ပါလာမိသည်။ မွှေးပျံ့အေးမြနေသော ရုံးခန်းတွင်းတွင် မမ၏ အလုပ်စားပွဲမှာ မမက သူ့ လက်ကိုင်အိတ်ကို လှမ်းတင်လိုက်ကာ သူမကို ၂ယောက်ထိုင် ဆိုဖာပေါ်တွင် ထိုင်စေလိုက်ပြီးနောက် သူမ ဘေးမှာ မမက ဝင်ထိုင်ကာ တရင်းတနှီးရှိလှသည်။

ဆံထုံးမှာ စိန်ပွင့်လေးတွေ လက်နေသော ဆံထိုးတစ်ချောင်းကို ထိုးထားပြီး တစ်ပွင့်တည်း စိန်နားကပ်၊

လည်တိုင်လေးမှာ ဆွဲထားသော ဆွဲကြိုးမျှင်လေးနှင့် စိန်လော့ကက်သီးတို့က မမကို ပိုမိုတောက်ပအောင် ကူညီ အားဖြည့်ပေးနေကြသယောင်။

“ကဲ…ညီမလေး မမကို တွေ့ချင်တာ ဘာကိစ္စလဲ…ပြောနော်…”



“ဟို…ဟို…”

သူမ ရှေ့ဆက် ပြောရန် နှုတ်ဆွံ့အ နေဆဲ ရုံးခန်းတံခါးခေါက်သံနှင့်အ တူ ကေသီဆိုသော ဝန်ထမ်းမိန်းကလေးက ကော်ဖီ ဗန်းနှင့် ဝင်လာလေတော့ သူမ ရှေ့ဆက် မပြောဖြစ်။

“Thank you ေကသီ…”

၀န်းထမ်းအမျိုးသမီးလေးကို အပြုံးနှင့်လှမ်းပြောလိုက်ကာ စားပွဲပေါ်တွင် တင်လာပေးသော ကော်ဖီဗန်းထဲမှ ကော်ဖီ ပန်းကန်ခွက်ကို မမက လှမ်းယူပြီး

“သောက်လိုက်ပါဦး ..ပူနွေးတုန်းလေး”

ဟုဆိုကာ သူမကို ကမ်းပေးလေသည်။

အို..ဒါတွေက သူမမှာ မရှိတဲ့ အရည်အချင်းတွေပါပဲလား။

သူမက ကော်ဖီခွက်ကို လှမ်းယူကာ တစ်ငုံ သောက်လိုက်ကာ

“ညီမ မမကို တွေ့ဖူးချင်လို့လာကြည့်တာပါ…မမ နာမည်ကိုတော့ ကြားဖူးနေတယ်…ဒေါ်မြတ်လေးငုံ ဆိုတာ…မမကို သိပ်တွေ့ဖူးချင်တာနဲ့ လာမိတာပါ…ကိစ္စမရှိဘဲ မမဆီကို လာမိတာ ခွင့်လွှတ်ပါနော်… စိတ်မဆိုးပါနဲ့ နော် ”

ဟု သူမ တိုးတိမ်စွာပင် ပြောလိုက်မိသည်။

မမက ရင်းနှီးပွင့်လင်းသည့် အပြုံးမျိုး ပြံုးပြီး

“သြော်…ညီမလေးရယ်..မမက ဘာလို့ စိတ်ဆိုးရမှာလဲ..နောက်လည်း ညီမလေး လာချင်တဲ့အခါတိုင်း လာနော်…မမ အပြင်ကိစ္စမရှိဘူးဆို ရုံးမှာ အမြဲရှိတာ”

ဟု ဆိုလေတော့ သူမ မမကို ပိုလို့ အားနာသွားရသည်။

“ညီမ ျပန္ပါဦးမယ္…မမ”

ဟုဆိုကာ သူမက ထရပ်တော့ မမကလည်း သူမနှင့်အတူ ထရပ်လိုက်ပြီး

“ညီမလေး ဘယ်ကိုပြန်မှာလဲ…မမ ကားဒရိုင်ဗာကို လိုက်ပို့ခိုင်းလိုက်မယ် ညီမလေး သွားမယ့်နေရာ သူ့ကို ပြောလိုက်နော်”

ဟုဆိုတော့ သူမက မမကို ပိုလို့ အားတုံ့အားနာဖြစ်သွားရပြန်သည်။

“နေပါစေ …ညီမ စျေးဝယ်စရာလေးတွေ ရှိလို့ ဒီလိုပဲ ဟိုငေး ဒီငေး သွားချင်လို့ပါ”

ဟုဆိုကာ သူမ လှမ်းထွက်တော့ မမက သူမကို ရုံးပေါက်ဝ အထိ လိုက်ပို့လေသည်။

အပြင်ဘက်ရောက်မှပင် သူမ အသက်ရှူ ၀သလို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ ပလက်ဖောင်းပေါ်တွင် စိတ်မှတ်မဲ့စွာ လျှောက်သွားနေမိတော့သည်။

…………………………………………………………………………………………………………

သူ အလုပ်စားပွဲမှာ ရုံးအလုပ်တွေ ရှုပ်နေရင်းမှ သတိရမိကာ လက်မှ နာရီကို ကြည့်လိုက်တော့ ညနေ ၆ နာရီထိုးပြီး ၁၀ မိနစ်။

လေးငုံလာမည်ဟု ဆိုသဖြင့် သူ မပြန်သေးဘဲ စောင့်နေမိသည်။ အိမ်ကိုလာခဲ့ပါ ဟုဆိုသည်ကို အိမ်ကို မလာချင်ဘဲ ရုံးကို လာတွေ့မည်ဟု ဆိုလေသော သူမ၏ သဘောအတိုင်းပင်။

ညနေ ၅ နာရီခွဲမှ ရုံးဆင်းသော လေးငုံက သူ့ ရုံးကို ရောက်လာရန်မှာ နောက်ထပ် ၅ မိနစ်ခန့်ကြာဦးပေမည်။

၀န်ထမ်းများ ရုံးဆင်းသွားကြပြီ ဖြစ်သော်လည်း သူကတော့ ထုံးစံအတိုင်းပင် အမြဲ ရုံးဆင်းနောက်ကျတတ်သဖြင့် ရုံးမှာ သူ့ လက်ရုံးတပည့်တစ်ဦးနှင့် သူသာ ကျန်ရစ်တော့သည်။ တံခါးခေါက်သံ ၄ ချက်ကြားသဖြင့် လေးငုံမှန်း သူသိလိုက်သည်။

သူ ထိုင်ရာမှ ထရပ်စဉ်တွင်ပင် လေးငုံ တံခါးဖွင့် ဝင်လာသည်။

“ဆောရီးနော်…မပြန်ရသေးဘဲ စောင့်နေရတယ်”

ဟု အပြုံးနှင့်ဆိုသည်။

“လေးငုံအတွက်ဆို ဘယ်လောက်ပဲ စောင့်ရ စောင့်ရ ၊ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်းပေါ့ဗျာ” ဟုဆိုကာ သူမ ပခုံးလေးကို ကိုင်ဆွဲလိုက်ပြီး ရင်ခွင်ထဲ ထည့်မည်ကြံတော့ အသာလေး ရှောင်ဖယ် ထွက်သည့် သူမမှာ အခါတိုင်းကဲ့သို့ တက်ကြွ လန်းဆန်းမှုမျိုး မတွေ့ရဘဲ မျက်နှာမှာ တည်တည်လေး ဖြစ်နေသည်။

“အလုပ်တွေ ပင်ပန်းလို့လား ..လေးငုံ”

ဟုသူ မေးလိုက်မိတော့

“အလုပ်က ခါတိုင်းလည်း ဒီလိုပါပဲ ..စိတ်ပင်ပန်းတာပါ”

ဟု ခပ်အေးအေးပင် ပြန်ပြောကာ သူမက သူ့ ရုံးခန်းထဲက ဧည့်ခန်း ဆိုဖာဆက်တီတွင် ဝင်ထိုင်လိုက်သည်။ အခါတိုင်းကဲ့သို့ ၂ယောက်ထိုင် ဆက်တီတွင် သူနှင့်အတူ မထိုင်ဘဲ တစ်ယောက်ထိုင် ဆက်တီတွင် ထိုင်လိုက်သည်မှာ ထူးခြားနေပြန်သည်။

“ကော်ဖီ သောက်မလား လေးငုံ”

ဟု သူကဆိုတော့ သူမက ခေါင်းအသာယမ်းကာ

“စကားပြောဖို့ လာတာ …ကို”

ဟုဆိုလေသည်။

နောက်တစ်လတွင် သူ၏ အိမ်သူ သက်ထားဖြစ်မည့် သူမက သူ့ကို စကားပြောချင်လို့ဆိုကာ လာတွေ့ချင်သည်ဟု နေ့ခင်းက ဖုန်းဆက်တော့ သူ ရယ်မောမိသေးသည်။

သူမသည် မထင်မှတ်သည့် အချိန်တွင် မထင်မှတ်ထားသည်များကို လုပ်တတ်သူလည်း ဖြစ်သည်။

“ကောင်မလေး မနက်က လာသွားတယ် …ကို”

သူမက သူ့မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလေသည်။

“ဘယ်သူလဲ ..လေးငုံ…ဘာကိုပြောတာလဲ”

လေးငုံက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး

“မနက်က ရုံးကို ကို့ ကောင်မလေး လာသွားတယ်”

သူ အံ့ၾသကာ

“ဟင္..ဘယ္သူ”

ဟု အလောတကြီး မေးလိုက်မိသည်။

“မြနှင်းသစ်”

“သြော်”

သူ အံ့သြသွားရပြန်သည်။ မြနှင်း ဒီလောက် သတ္တိ ရှိပါ့မလား။

“လေးငုံ မသိခဲ့ဘူး…ကို။ သူ ဘာမှ မပြောသွားပါဘူး။ လေးငုံကို တွေ့ချင်တယ်ဆို ရောက်လာတာပါ။

သူ ပြန်သွားမှ လေးငုံ သူ့အကြောင်း စုံစမ်းလိုက်တာ…ကို နဲ့ ပတ်သက်နေမှန်း လေးငုံ သိရတယ်..ကို”

သူ ယုံပါသည်။ သူမ သိလိုသည့် အကြောင်းအရာများကို အချိန်တခဏလေးအတွင်းတွင်ပင် သူမ စုံစမ်းသိနိုင်မှန်း သူ ယုံပါသည်။ သူမကို သူ ချစ်မိတာတွေအထဲမှာလည်း သိလိုသည် ၊ လုပ်လိုသည်ကို အချိန်မဆိုင်းတတ်ဘဲ စိတ်မြန် လက်မြန် ရှိမှုလေးတွေပင်။ ရုပ်ရည်လေးနှင့် မလိုက်ဖက်အောင်ပင် စိတ်မရှည်တတ်လွန်းခြင်းများနှင့် စိတ်ရှည်သည့် အရာများကို စိတ်ရှည်လွန်းသည့် အစွန်း ၂ဘက် အမြဲရောက်တတ်သည့် နားလည်ရခက်ခြင်းတွေက သူ့ကို သူမအကြောင်း အမြဲတွေးနေမိအောင် လုပ်ဆောင်နေသည်သာ။

“ကို…လေးငုံ ဘာဆက်လုပ်ရမလဲ”

မျက်ရည်ရစ်ဝဲနေသော မျက်လုံးများဖြင့် သူမ မေးလေသည်။

သူမ၏ လက်ဖဝါးနှစ်ဖက်ကို ဆွဲယူဆုပ်ကိုင်ကာ သူမ၏ အရှေ့ ကြမ်းပြင်ပေါ်တွင် သူ ဒူးထောက် ထိုင်လိုက်သည်။

“လေးငုံ ဘာမှ လုပ်စရာမလိုဘူးလေ..ကို လေးငုံကို ချစ်တယ်..လေးငုံနဲ့ကို နဲ့ နောက်လထဲမှာ မင်္ဂလာဆောင်ဖို့ ဖိတ်စာတွေ အပ်ထားတာတောင် ရနေပြီလေ …သူ့ကို ကို ပိုက်ဆံပေးပြီးသားပါ..သူ ကျေနပ်ပြီးသားပါ..သူ ဘာလို့ လေးငုံဆီလိုက်လာသလဲ ..လေးငုံကို သူ ဘာပြောသွားသေးလဲ”

“သူ …ဘာမှ မပြောသွားပါဘူး..ကို။ ကိုနဲ့ ပတ်သက်နေမှန်းလည်း တစ်ခုမှ မပြောသွားပါဘူး..လေးငုံကို မြင်ဖူးချင်တယ်ဆိုပြီး လာတွေ့ရုံတင်ပါ…ကို ဝန်ခံတာပေ့ါနော်..သူနဲ့ ကိုနဲ့ ပတ်သက်ခဲ့တာကို ကို ဝန်ခံတာလား ကို…မဟုတ်ဘူးလို့ ငြင်းပါလား ..ကိုရယ်”

သူမ အသံတုန်ရီနေကာ မျက်ရည်များကျလာကာ ငိုလေတော့သည်။

သူမ ငိုသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးသော သူ ပျာယာခတ်မိလေသည်။

“မငိုပါနဲ့ ကွာ…ကိုနဲ့ လေးငုံ နောက်လထဲမှာ လက်ထပ်ဖို့ အားလုံးစီစဉ်ထားပြီးသားပဲ

အားလုံး သေချာနေပြီးပြီပဲ…လေးငုံနဲ့ ကို စေ့စပ်ကြောင်းလမ်းကတည်းက သူ့ကို သူ့လမ်းသူလျှောက်ဖို့ ပြောခဲ့ပြီးသားပါ..ကို သူနဲ့ မပတ်သက်တော့ပေမယ့် နယ်က သူ့ မိသားစု စားဝတ်နေရေးအတွက် သူ့ကို လစဉ်ပေးနေကျ ငွေလည်း ဆက်ပေးနေတာပါ..ကို သူ့ကို ငွေ ဆက်ပေးနေလို့ ကို နဲ့သူ ဆက် ပတ်သက်နေတာ မဟုတ်ဘူး ဆိုတာ လေးငုံ ယုံအောင် ကို ဘယ်လို ကျိန်ပြောရမလဲ ကွာ”

သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားကာ သူမ၏ ခေါင်းလေးကို သပ်ကာပြောတော့ သူမ ပိုလို့ သည်းသည်းထန်ထန် ငိုလေတော့သည်။

သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမ ငိုချင်သလောက်သာ ငိုပါစေ သဘောထားကာ သူမကို တင်းတင်းလေးသာ ပွေ့ဖက်ထားမိသည်။

သူမ ငိုလို့ အားရလေဟန်ရှိတော့ သူမက သူ့ရင်ဘတ်ကို အသာတွန်းဖယ်လာတော့ သူ အလိုက်တသိ ဖြေလျော့ပေးလိုက်သည်။

“ရက်စက်လိုက်တာ ကိုရယ်…ညီမ သားချင်း ကိုယ်ချင်းစာပါတော့လား…တစ်ဘက်သား မိန်းကလေးကို ကိုယ်ချင်းမစာဘူးလား… ကို”

“အစတည်းက သူ့ကို ကို လက်ထပ်ယူမယ် မပြောထားဘူး..လေးငုံ…ပြီးတော့ နယ်ကနေလာပြီး ဒီမြို့မှာ အဆောင်နေ အလုပ်ရှာတုန်း အလုပ်မရတာကို ကို့ သူငယ်ချင်းတစ်ယောက်က ကူညီထားရာကနေ ကိုနဲ့ပါ သိတာ လေးငုံ…ဒါ သူ့ မိသားစုအတွက် သူ ငွေရှာတာပဲ..သူ့ကို လခ ပုံမှန်ပေးထားတယ်…မှန်ရာပြောတာ သစ္စာပါ လေးငုံ…လေးငုံကို ကို စတွေ့တဲ့အချိန်ကစပြီး သူနဲ့ ကိုယ် မဆုံတွေ့တော့ပါဘူး…ဒါပေမယ့် သူ့ မိသားစု ဒုက္ခရောက်မှာစိုးလို့ ကိုယ် ပေးနေကျ သူ့ အတွက် လခကို ဆက် ပေးနေတာ လေးငုံ…သူကိုလည်း လွတ်လပ်ခွင့်ပေးလိုက်တာပါ သူလည်း သူ့ဘဝ ရှေ့ရေးအတွက် အခြား ရှာစရာရှိတာ ရှာနိုင်အောင်ပေ့ါ”

သူ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ သူမက

“လေးငုံ …ယုံပါတယ် ကို…ကို လေးငုံကို ဘယ်တုန်းကမှ မညာဘူးဆိုတာ ..ခု ကို ပြောနေတာတွေ သူနဲ့ ကို ဆက် မပတ်သက်တော့ဘူးဆိုတာတွေကို လေးငုံ ယုံပါတယ် ကိုရယ်”

ဟု အသံတုန်တုန်လေးဖြင့် ပြောလေသည်။

တစ်ချိန်မှာ ဒီအဖြစ်ကို လေးငုံကို သူ အသိပေး ဝန်ခံရမည်ကို တွက်ဆ ထားမိပေမယ့် ဒီလောက် စောလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့။ လေးငုံနှင့်သူ လက်ထပ်ပြီးမှသာ လေးငုံကို သူ အေးအေးဆေးဆေး ပြောပြရန် စိတ်ကူးထားခဲ့မိသည်။

ပြောပြလျှင် လေးငုံက လက်ခံ နားလည်ပေးတတ်မှန်း သူ သိထားသည်ပဲ။

“လေးငုံ ပြန်တော့မယ် ကို…ဒရိုင်ဗာ ခေါ်မလာဘူး..လေးငုံ မောင်းလာတာ …မှောင်နေပြီ နောက်ကျနေတော့မယ် သွားမယ် ကို”

လေးငုံ ပြန်သွားတော့ သူ ဆိုဖာမှာ ထိုင်ပြီး တစ်ယောက်တည်း ငိုင်နေမိသည်။

လေးငုံကို စိတ်ဆင်းရဲအောင် သူ လုပ်မိပြန်ပြီကော။

မိန်းမ မယူခင်ကတည်းက မယားငယ် ထားရှိသည်ဆိုသော နောက်ပြောင်သော စကားက သူတို့ အသိုင်းအဝိုင်းမှာ မဆန်းတော့။ အားလုံးနီးပါး ဒီလိုသာပင်။ သူ့ ဘဝတွင် မိန်းမတစ်ယောက်ယောက်ကို ချစ်မိလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိသည်မှာ လေးငုံကို မတွေ့ခင်က အထိပင်။

ဗိသုကာပညာရှင်ဖြစ်ပြီး အိမ်တွင်းအလှဆင်လုပ်ငန်း (interior design)ကို ကြီးကြပ်လုပ်ကိုင်သူ သူမနှင့် ဆုံတွေ့ပတ်သက်စရာ အကြောင်းဖန်လာသည်က သူ့ ရုံး ပြင်ဆင်ခြင်းအတွက်ကြောင့်ပင်။

သူမ၏ နာမည်ကိုသာ ကြားဖူးခဲ့သော်လည်း တကယ်တမ်း ဆုံတွေ့သောအခါတွင် သူ ထင်ထားသလောက် အသက်မကြီးဘဲ အင်္ဂလန်နိုင်ငံမှ ဘွဲ့လွန်ယူလာသော သူမ၏ အတွေးစိတ်ကူး လက်ရာ ဒီဇိုင်းများမှာ နာမည်ကြီးလှသည်။ မြင်လိုက်ရတိုင်း ရင်ဖုံးအကျင်္ ီနှင့် ချည်ချိတ်ထမီ၊ ပြည်တွင်းဖြစ် ချည်ထမီတို့ကိုသာ ဝတ်ဆင်လေ့ရှိပြီး ကတ္တီပါပုံတော်ဖိနပ်သာလျှင် စီးသော သူမသည် နိုင်ငံရပ်ခြားတွင် ပညာသင် ဘွဲ့ယူလာသည်ဟု ကျိန်ပြောရမလောက်ပင်။

သူမကို သူ စွဲလမ်းမိခြင်း အကြောင်းများထဲတွင် သူမ၏ အသံက ပထမဦးဆုံးဖြစ်လေသည်။

မဆိုစလောက်လေး ၀ဲသော သူမ၏ အသံမှာ ခပ်အက်အက် ဖြစ်ပြီး ကြားဖူးနေကျ အသံမျိုးမဟုတ်ဘဲ သူမထံ ဖုန်းဆက်ကာ အလုပ်ကိစ္စ ချိန်းသည့် အခိုက်မှာပင် သူမ၏ အသံကို သူ စွဲလမ်းခဲ့ရသည်။

လေးငုံကို သူ ချစ်သည်ဆိုတာ သေချာခဲ့ပြန်တော့ မြနှင်းသစ်ကို သူ ဇာတ်လမ်းဖြတ်ဖို့ အားလုံး စီစဉ်ခဲ့ရသည်။ အရာရာ ချောချောမွေ့မွေ့ဖြစ်လာစေရန် အကုန်လုံးကို အကွက်ချ စီစဉ်ပြီးကာမှပင် မြနှင်းသစ်က သူ ပေးသော လစာငွေကို ဒီအတိုင်း လစဉ် ရရှိနေလျက် ဘာ့ကြောင့်များ လေးငုံကို သွားတွေ့ခဲ့သည်ကို သူ မစဉ်းစားတတ်။

ဟားးးး

သူ စိတ်ညစ်ညူးစွာ ထိုင်ရာမှ ထကာ ဒီညတော့ သွားသောက်ဦးတော့မည်ဟုတွေးကာ သူငယ်ချင်းများထံ ဖုန်းဆက် ချိန်းလိုက်လေသည်။

………………………………………………………………………………………………

သူမ ကို့ ရုံးမှ ကားမောင်းကာ ပြန်လာတော့ အချိန်အတော် နောက်ကျနေလေပြီ။ အိမ်ရောက်လျှင် အငိုမျက်နှာ နှင့် အပြန် နောက်ကျသော သမီးကို စိတ်ပူပန်စွာ မေးမြန်းတော့မည့် မိဘ နှစ်ပါးကို ဘယ်လို ဆင်ခြေပေးရမည်ကို သူမ ခေါင်းထဲ အပြေးအလွှားစဉ်းစားရင်း မနက်က မိန်းကလေးကို မျက်စိထဲ ပြန်မြင်လာပြန်သည်။

အသားညိုညိုနှင့် မလတ်ဆတ်သယောင် အနည်းငယ် နွမ်းနေသည့် ပုံမှာ တစ်စုံတစ်ရာကို စိတ်ညစ်ညူးနေမှန်း သိသာလှသည်။ ဘာ့ကြောင့်များ သူမဆီကို လာသနည်းဆိုသည်ကို ဝေခွဲမရခဲေ့ပမယ့် သူမ တွက်ဆလို့ ရခဲ့သည်။ အပြင်အဆင်နှင့် အဝတ်အစားမှာ ရန်ကုန်သူ မဟုတ်မှန်းသေချာနေသည်။ သူမကို ငေးကြည့်သည့် မျက်ဝန်းများမှာ မှုန်ရီမှိုင်းနေပြီး သူမကို ကြောက်ရွံ့သည့် ဟန်လေးကြောင့် သူမ ဖေးဖေးမမ ပြောဆို ဆက်ဆံခဲ့လေသည်။ ဒီလို အဆင်အပြင်နှင့် မိန်းကလေးသည် ကို နှင့်ပတ်သက်နေသည်မှာ အနည်းငယ်တော့ အံ့သြစရာ ကောင်းလေသည်။

ကို့ကို သူမ သိပ်ချစ်ပါသည်။ ထို့အတူ ထိုမိန်းကလေးသည်လည်း ကို့ကို ချစ်ရှာလွန်းသည်ဟု သူမ မှန်းနိုင်ခဲ့ပါသည်။ သူမထံကို လိုက်လာတွေ့ဆုံခြင်းသည် သူတို့ အကြောင်းကို ပြောပြရန်ဖြစ်ပေလိမ့်မည်။ တကယ်တန်းတွင်မူ ဘာမှ မပြောသွားသော ထိုမိန်းကလေးကို သူမ စာနာ သနားမိလေသည်။

ကို…သူမကို သိပ်ချစ်မှန်းလဲ သူမ သိပေသည်။ သူမ ဘာဆက်လုပ်ရမည်နည်း။

ကိုနှင့် သူမ လွန်ခဲ့သည့်နှစ်လကပင် စေ့စပ်ကြောင်းလမ်းခဲ့သည်။စေ့စပ်ကြောင်းလမ်းပြီး ၃လအကြာတွင် လက်ထပ်မင်္ဂလာပွဲကျင်းပရန် အားလုံးစီစဉ်ပြီး ဖိတ်စာများတောင် ရနေပြီး၍ အချို့သော ဆွေမျိုးများထံ ဖိတ်စာဝေငှပြီးလေပြီ။ မင်္ဂလာပွဲကို ဖျက်ရမည်လား ..သူမတွေးလေတော့ နှစ်ဘက်မိဘများ မျက်နှာကို မြင်ယောင်မိလာသည်။ တကယ်ဆို သူမတို့ ကလေးတွေလည်း မဟုတ်ကြတော့ပါ။ စိတ်ဆတ်တတ်သော သူမသည် အခြား ကိစ္စများတွင် ယတိပြတ် ပြတ်သားသလောက် ယခု ကိစ္စတွင်မူ သူမ ကို့ကို အပြစ်လည်းမပြောရက်၊ ထားလည်း မထားခဲ့ရက်ပါ။ ကို့ကို ထားခဲ့မည်ဟု သူမ စဉ်းစားမိစဉ်တုန်းက နှစ်ဘက်လူကြီးများမျက်နှာ၊ ကို့ လုပ်ငန်းအသိုင်းအဝိုင်း၊ သူမ၏ လုပ်ငန်း အသိုင်းအဝိုင်းနှင့် သူမတို့ စေ့စပ်မင်္ဂလာအကြောင်း တခမ်းတနားဖော်ပြခဲ့လေသော ဂျာနယ်၊ မဂ္ဂဇင်းများကို သူမ မြင်ယောင်လာလေသည်။

တစ်ချိန်တည်းမှာပင် သနားဖွယ် မျက်နှာ ညိုညိုနွမ်းနွမ်းလေးနှင့် မြနှင်းသစ် ဆိုသူအားလည်း မြင်ယောင်လာပြန်သည်။

အားးးး

သူမ စိတ်ရှုပ်ထွေးစွာ နှုတ်မှ မြည်မိပြီး ခေါင်းတစ်ချက်ယမ်းလိုက်မိသည်။

တီ…….ဟူသော သူမ၏ ကားနောက်မှ ကား ဟွန်းသံကြောင့် မီးပွိုင့်မှာ မီးစိမ်းသည်ကို မထွက်သေးသော သူမ သတိပြန်ဝင်ကာ ကားမောင်းထွက်ခဲ့လေသည်။

သူမ၏ ကားထွက်သွားပြီး နောက်မှာတော့ ထိုမီးပွိုင့်လေးက မီးစိမ်းပြလျက်ပင် ကျန်ခဲ့လေမလား၊ မီးဝါ .. မီးနီ ... တမျိုးမျိုး ပြောင်းလဲ၍ ကျန်ခဲ့လေမလား ...

သူမ မစဉ်းစားမိတော့ပါလေ ... ။

ထိုင်နေချင်ရင်

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။

တောအုပ်တစ်ခုက သစ်ပင်တစ်ပင်ပေါ်မှာသိမ်းငှက်တစ်ကောင် ထိုင်နေတယ်တဲ့။ တစ်နေကုန် ဘာမှ မလုပ်ဘဲ သစ်ကိုင်းပေါ်မှာ ထိုင်နေတယ်တဲ့။

အဲဒီလို သိမ်းငှက် ထိုင်နေတုန်းမှာ သစ်ပင်အောက်ကို ယုန်ကလေးတစ်ကောင်ရောက်လာတယ်တဲ့။

ယုန်ကလေးက သစ်ပင်ပေါ်ကို မော့ကြည့်ပြီး သိမ်းငှက်ကြီးကို လှမ်းမေးလိုက်တယ်တဲ့။

ဗျိုး...ကိုသိမ်းငှက်...ခင်ဗျားဗျာ တစ်နေကုန် အဲဒီသစ်ပင်ပေါ် ထိုင်နေတာ...ကျွန်တော်ရော ခင်ဗျားလိုပဲ ဘာမှ မလုပ်ဘဲ ထိုင်နေလို့ ရမလား

လို့ မေးလိုက်တယ်တဲ့။

သိမ်းငှက်က ယုန်ကလေးကို ငုံ့ကြည့်ပြီးတော့

ရတာပေ့ါကွာ လို့ ပြန်ဖြေလိုက်သတဲ့။

အဲဒီမှာ ယုန်ကလေးက ဘာမှမလုပ်ဘဲ မြေပြင်မှာ ထိုင်နေသတဲ့ကွယ်။

အဲဒီလို ယုန်ကလေးထိုင်နေတာကို မြင်သွားတဲ့မြေခွေးတစ်ကောင်က ယုန်ကလေးဆီလာပြီးတော့ ဖမ်းဆီး စားသောက်လိုက်သတဲ့။



ကိုင်း ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဒီပုံပြင်လေးက ပေးတဲ့ သင်ခန်းစာကတော့ကွယ်

ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေချင်ရင် အမြင့်မှာ ထိုင်နေတာဖြစ်ဖို့ အရေးကြီးသတဲ့။



(အီးမေးလ်မှ ရရှိသော ပုံပြင်အား နားလည်သလို ဘာသာပြန်ဆိုပါသည်။)