Wednesday, 1 February 2017

ပြန်မရနိုင်တော့တဲ့ အရာ



သံလွင်အိပ်မက် အတွဲ၁၊ အမှတ်၈ ၊ ၂၀၀၆ အောက်တိုဘာလအတွက် ရေးခဲ့တဲ့ တစ်ခုပါ။

http://www.thanlwin.com/thanlwinainmat/issue8/content.htm



ကျွန်မ သက်သက်ကို သည်တိုင်းပြည် ၊ သည်နေရာမှာ ၊ သည်လိုအပြင်အဆင်မျိုးနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားမိခဲ့ပါဘူး။



                သက်သက်ကို ကျွန်မ စသိခဲ့တာလွန်ခဲ့တဲ့ ၁၂ နှစ် ၊ ၁၃ နှစ်ခန့်က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ ကျွန်မ အချိန်ပိုင်းသရုပ်ပြဆရာမ အဖြစ်အလုပ်ဝင်ခဲ့စဉ်ကဖြစ်ပါတယ်။ ထိုစဉ်က ကျွန်မဟာ လက်တွေ့ခန်းမှာ တာဝန်ထမ်းဆောင်ရပြီး ပထမနှစ် ၊ ဒုတိယနှစ်ကျောင်းသား ကျောင်းသူများကို လက်တွေ့စမ်းသပ်ခန်းမှာ လက်တွေ့ပြုလုပ်ရတဲ့ သင်ခန်းစာများကို ပို့ချရပါတယ်။ အဲဒီအချိန်တုန်းက သက်သက်က ၁၇ နှစ် ၁၈ နှစ်အရွယ် ပထမနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး တိုက်ကြီး မှကျောင်းလာတက်သူဖြစ်ပါတယ်။ အသားညိုညို သနပ်ခါးမျက်နှာလေးနဲ့ ဗမာဆန်လှသော ဗမာမလေးအဖြစ်သက်သက်ကိုသိခဲ့ပါတယ်။ ကျောလယ်ခန့်ဆံပင်နက်နက်တွေကို ကျစ်ဆံမြီးနှစ်ခွခွဲကာကျစ်ထားလေ့ရှိတဲ့ သက်သက်ဟာ ရန်ကုန်မြို့အပြင်အဆင်အခြယ်အသတွေနဲ့ အခြားကျောင်းသူများအကြားမှာ တစ်မူထူးခြားလို့နေပါတယ်။



သက်သက်တို့အတန်းကိုစပြီးသင်ရတဲ့နေ့မှာပဲ အခြားကျောင်းသူကျောင်းသာများလို ကျွန်မကို

တီချယ် လို့မခေါ်ဘဲ ဆရာမ လို့ခေါ်တဲ့ သက်သက် ကို စလို့သတိပြုမိခဲ့ပါတယ်။ သနပ်ခါးအစင်းကြားမျက်နှာ ၊ ကျစ်ဆံမြီးနှစ်ခွ နဲ့ ရွှေနားကွင်းလေးပန်ထားသော သက်သက်ရဲ့ အသွင်သဏ္ဌာန်လေးမှာ ရောင်စုံမျက်နှာနဲ့ကျောင်းသူများအကြားမှာ မှိန်ဖျော့မနေဘဲ တောက်ပလန်းဆန်းနေပါတယ်။



             ထိုစဉ်က သရုပ်ပြဆရာမပေါက်စလေး ကျွန်မမှာ ဆရာများနားနေခန်းမှာသီးသန့်စားပွဲမရရှိဘဲ လက်တွေ့ခန်းကသာလျှင်ကျွန်မတို့လို ဆရာမပေါက်စလေးများအတွက် နားနေခန်းလည်းဖြစ် ၊ ရုံးခန်းလည်းဖြစ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ)မှာ မဟာသိပ္ပံနောက်ဆုံးနှစ်အပိုင်း(က) အတန်းကိုတက်ရောက်နေရင်း ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)မှာ စာသင်ချိန်ရှိသည့်နေ့များမှာ ဆရာမအလုပ်အပြေးအလွှားသွားလုပ်ရင်း ပင်မတက္ကသိုလ်နဲ့လှိုင်နယ်မြေကိုကူးလူးနေခဲ့တဲ့ ကျွန်မကို ကျောင်းသူကျောင်းသားများက စာမေးလိုသည့်အခါမှာ ကျွန်မ လက်တွေ့ခန်းထဲမှာ အားလပ်ချိန်ကို လာရောက်အမိဖမ်းတတ်ကြပါတယ်။ သူတို့အတန်းတွေမှာသင်ပြသော ကထိကဆရာ ၊ ဆရာမကြီးများကို စာမမေးဝံ့ဘဲ သူတို့အစ်မအရွယ်သာဖြစ်သော ကျွန်မကိုတော့ ရင်းနှီးပွင့်လင်းစွာ နားမလည်သည့်စာများကိုမေးတတ်ကြပါတယ်။ အားလုံးထဲမှာမှ သက်သက်ကို ကျွန်မကပိုလို့ခင်မင်မိပါတယ်။ သက်သက်နဲ့ပတ်သက်ပြီး သက်သက် နဲ့တစ်မြို့တည်းသားဖြစ်သူ ၊ သက်သက်ရဲ့ငယ်သူငယ်ချင်းဖြစ်သူ ၊ သက်သက်ရဲ့ချစ်သူဖြစ်သူ မောင်အောင်မြတ် ကိုပါသိကျွမ်းခဲ့ရပါတယ်။ ရှပ်အင်္ကျီအဖြူ ကော်လာကတုံးလက်တို ၊ ချည်ပုဆိုး များကိုဝတ်ဆင်တတ်သော ၊ လွယ်အိတ်လွယ်သောကောလိပ်ကျောင်းသား မောင်အောင်မြတ် နဲ့ သနပ်ခါးလိမ်းသော ၊ ကျစ်ဆံမြီးနှစ်ခွခွဲကျစ်တတ်သော ၊ ကတ္တီပါညှပ်ဖိနပ်ပါးကိုစီးသော ၊ ထဘီကွင်းစစ်စစ်ကိုသာဝတ်ဆင်တတ်သော သက်သက်တို့ စုံတွဲဟာ ကျွန်မရဲ့မျက်စိထဲမှာ အင်မတန်မှလိုက်ဖက်ညီလှပါတယ်။ မောင်အောင်မြတ်က သက်သက်နဲ့အထူးပြုဘာသာမတူသော်လည်း စာပေဝါသနာပါသော သူတို့တွေကို အမြဲ တွဲလို့တွေ့ရတတ်ပါတယ်။ ကဗျာစာအုပ်လေးများထုတ်ပြီး ကျောင်းတွင်းမှာပဲ သူငယ်ချင်းများ ၊ ဆရာ ဆရာမများကိုရောင်းတတ်ကြပါတယ်။

ကဗျာများကိုချစ်တတ်သော ကျွန်မက သူတို့ ကဗျာစာအုပ်လေးတွေကိုလာရောင်းတိုင်း အမြဲဝယ်ယူအားပေးလေ့ရှိပါတယ်။ ထိုစဉ်က ကဗျာစာအုပ်တစ်အုပ်လျှင် ၂၀ ကျပ်နှင့်ရောင်းခြင်းဖြစ်ပြီး ကျွန်မရဲ့အချိန်ပိုင်းသရုပ်ပြဆရာမအလုပ်ဝင်ငွေမှာ စာသင်ချိန်ရှိသောနေ့တစ်နေ့အတွက် တစ်နေ့လျှင် ၂၀ ကျပ်ဖြစ်ပါတယ်။ မောင်အောင်မြတ် ၊ သက်သက် တို့အုပ်စုနဲ့အတူ ကျွန်မ က လူငယ်ကင်တင်းန်မှာ လက်ဖက်ရည်သောက်ရင်း ကဗျာအကြောင်း ၊ စာအကြောင်းများပြောဖြစ်လေ့ရှိပါတယ်။

တစ်နေ့မှာတော့ သက်သက်က



“ဆရာမ ...ဆရာမ မာစတာဘွဲ့ပြီးရင် ကထိကကြီးဖြစ်မှာပေ့ါနော်...ပြီးရင် နိုင်ငံခြားမှာ ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့သွားတက်မှာပေ့ါနော်...သက်သက်လည်း နိုင်ငံခြားမှာ ပညာသွားသင်ချင်တယ်”



လို့ပြောပါတယ်။



ကျွန်မကရယ်ပြီး



“အမလေး ..သက်သက်ရယ်..ဆရာမ ပီအိပ်ချ်ဒီတန်းတက်ရဖို့နေနေသာသာ အခုတောင်မာစတာဘွဲ့မပြီးသေးဘူး ..လုပ်သက်လည်းဘာမှမရှိသေးဘူး..အများကြီးကြိုးစားရဦးမှာ”



လို့ပြန်ပြောလိုက်ပါတယ်။



 “သက်သက်လည်းဆရာမတို့လိုပညာတွေအများကြီးတတ်ချင်တယ် ဆရာမရယ်...သက်သက်အိမ်ကခုလို သက်သက်တက္ကသိုလ်တက်ဖို့ကို မနည်းရုန်းကန်ရတာ..သက်သက်အောက်မှာ မောင်လေး ၂ယောက်နဲ့ ညီမလေး ၁ယောက်ရှိသေးတယ်..သက်သက်ဘွဲ့ရပြီးရင် သူတို့ကိုသက်သက်တာဝန်ယူရမှာ..

ဆရာမတို့လိုနှစ်အရှည်ကြီးကျောင်းတက်နိုင်မှာ မဟုတ်ဘူး ...၄နှစ်ကျောင်းပြီးတာနဲ့ အလုပ်လုပ်ရမယ် ...ဖြစ်ချင်တာကတော့ ဆရာမတို့လိုပေ့ါ ရင်ဖုံးအင်္ကျီလက်ရှည်လေး နဲ့ ဆံထုံးလေးထုံးပြီး ဆရာမလေးအရမ်းဖြစ်ချင်တာပဲ”



သက်သက်ဆီကနေ ပထမဦးဆုံးအနေနဲ့ သူ့အိမ်မိသားစုအခြေအနေကိုသိခဲ့ရပါတယ်။ သြော်..အခြားကျောင်းသူတွေလို အေးအေးဆေးဆေးကျောင်းတက်နိုင်တာမဟုတ်ရှာပါလား လို့ တွေးပြီးဂရုဏာသက်မိပါတယ်။



“ ကြိုးစားပေ့ါ သက်သက်ရယ် ... ဒုတိယနှစ်စာမေးပွဲမှာ ဂုဏ်ထူးတန်းဝင်အောင်ကြိုးစားပြီး ဂုဏ်ထူးတန်းပြီးတော့ သရုပ်ပြဆရာမလုပ်ရင်း မဟာဘွဲ့သင်တန်းကိုဆက်ကြိုးစားလို့ရတာပဲလေ”





သက်သက်ကိုကျွန်မက အားပေးစကားသာပြောခဲ့ရပါတယ်။ သိပ်တော့အားမရှိလှပါဘူး။ ကျွန်မ အချိန်ပိုင်းသရုပ်ပြဆရာမအလုပ်ရဲ့ဝင်ငွေဟာ ကျွန်မ ကင်တင်းန်မှာထိုင်လိုက်တာနဲ့ကုန်သွားတတ်တယ်ဆိုတာ ကျွန်မသာအသိဆုံးပါပဲလေ။ ကျွန်မရဲ့သူငယ်ချင်းဖြစ်သူ စုနှင်း တစ်ယောက်ကတော့ ကျွန်မတို့နဲ့အတူဂုဏ်ထူးတန်းဝင်တာကို ဂုဏ်ထူးတန်းကိုမတက်ဘဲ ရိုးရိူုးတန်းကိုသာဆက်တက်ကာ ကျောင်း၄နှစ်ပြီးတာနဲ့ ပြင်ပပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေကာသူ့မိသားစုလည်းချောင်ချောင်လည်လည်ဖြစ်လာတာ ကျွန်မ အမြင်ပါပဲမို့ သက်သက်ကို ကျွန်မက ဂုဏ်ထူးတန်းဝင်အောင်ကြိုးစားဖို့ ၊ မဟာဘွဲ့သင်တန်းကိုဆက်တက်နိုင်အောင်ကြိုးစားဖို့ကို အားတက်သရော အားမပေးဖြစ်ခဲ့ပါဘူး။



သက်သက်တို့ တတိယနှစ်မှာ ရန်ကုန်ပင်မတက္ကသိုလ်ကိုပြောင်းရွှေ့သွားပြီးနောက် ကျွန်မနဲ့ သိပ်မတွေ့ဖြစ်တော့ပါဘူး။ ပင်မတက္ကသိုလ်ထဲမှာ တစ်ခါတစ်ရံ သိပ္ပံကင်တင်းန်မှာ ၊ တစ်ခါတစ်ရံ စာကြည့်တိုက်လှေကားထစ်တွေမှာ သက်သက်နဲ့မောင်အောင်မြတ်ကိုတွေ့ရတတ်ပါတယ်။ ကျွန်မရဲ့ ကိုမောင် ကလည်းတာဝန်ကျရာ အရပ်တစ်ပါးမှပြန်လာတော့ ကျွန်မအချိန်ပိုင်းဆရာမအလုပ်ဝင်လုပ်နေတာကိုလည်းသိရော ကောလိပ်ကျောင်းသားတွေကို စာပြနေတဲ့ဆရာမအလုပ်လုပ်တာကို ဘယ်လိုမှသဘောမတူနိုင်ဘူး ။ ကျောင်းသားတွေကြည့်မှာကို သူ သဝန်တိုတယ် ဟုဆိုကာ ပြဿနာရှာပါလေတော့တယ်။ ချက်ချင်းပဲ သူ့ဘက်ကဆိုင်ရာလူကြီးတွေကိုခေါ်လာကာ ကျွန်မရဲ့မိဘတွေဆီမှာ နားဖောက်ကာတောင်းရမ်းလေပြီး လက်ထပ်ခွင့်ကျတာနဲ့ လက်ထပ်မင်္ဂလာပွဲကိုစီစဉ်လေတော့ ကျွန်မမှာမင်္ဂလာပွဲအတွက်အလုပ်ရှုပ်သွားခဲ့ရပြီး လက်ထပ်အပြီး ကိုမောင် တာဝန်ကျရာ မန္တလေးမြို့ကိုကျွန်မက လိုက်ပါရင်း မန္တလေးတက္ကသိုလ်ကိုပြောင်းရွှေ့ခွင့်လျှောက်လွှာတင်ကာ အိမ်ထောင်သည်ဘဝမှာ ကိုမောင် တာဝန်ကျရာ အမြို့မြို့အနယ်နယ်ကိုသာ ကျွန်မလည်းလိုက်ပါပြောင်းရွှေ့နေထိုင်ရင်း တစ်ခါတုန်းက တက္ကသိုလ်ဆိုတာကိုရော ၊ ကျွန်မရဲ့ကျောင်းသူတွေကိုရော တစ်ခါတစ်ရံမှာသာ သတိရနေတတ်ပါတော့တယ်။

ရန်ကုန်ကိုပြန်ရောက်တဲ့အခိုက်လေးမှာ တက္ကသိုလ်ပင်မထဲကို အလွမ်းပြေသွားရောက်လည်ပတ်ရင်း ၊ သူငယ်ချင်းများဖြစ်တဲ့ဆရာမများထံကိုဝင်လည်တော့ အချို့ကျောင်းသူ ၊ ကျောင်းသားများရဲ့ သတင်းကိုကြားရတတ်ပါတယ်။ အချို့ကလည်းကျောင်းမှာပင်ဆရာမပြန်လုပ်နေကြပြီး သက်သက်ကတော့ နိုင်ငံခြားဖက်စပ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်လို့ သိရတာကလဲံွလို့ သက်သက်ကိုမတွေ့ရတော့ပါဘူး။



  ကျွန်မရဲ့ခင်ပွန်းသည် ကိုမောင် က ဒီ်တိုင်းပြည် ၊ ဒီနေရာမှာ အလုပ်တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတော့ ကျွန်မက သမီးလေးရဲ့ကျောင်းပညာရေးကြောင့် ကိုမောင့်နောက်ကိုလိုက်မလာနိုင်ပါဘူုး။ သမီးလေးကျောင်းပိတ်ရက်များဖြစ်တဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက် ၊ ဒီဇင်ဘာကျောင်းပိတ်ရက် ၊ နွေရာသီကျောင်းပိတ်ရက်များမှာသာ သမီးလေးနဲ့အတူ ကိုမောင်ရှိရာကိုလာနိုင်ပါတယ်။ သမီးကလည်း အဖေရှိရာတိုင်းပြည်မှာပျော်လို့နေပါတယ်။

ရှော့ပင်းစင်တာတစ်ခုမှာ သမီးလေးနဲ့စျေးဝယ်ထွက်ပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းဖို့တန်းစီနေစဉ်မှာ ကျွန်မတို့ရဲ့အရှေ့မှစုံတွဲကိုသတိပြုမိခဲ့ပါတယ်။ မိန်းကလေးကအသားညိုကာ အရှေ့တိုင်းသူ ကိုယ်ခနာမျိုးဖြစ်ပြီး ပခုံးကျော်ရုံဆံပင်တွေကို ရွှေညိုရောင်ဆေးဆိုးထားပါတယ်။ လည်ဂုတ်မှာကြိုးချည်သော ပခုံးကြိုးသေးသေးလေးနဲ့ အင်္ကျီအတိုအကြပ်လေးကိုဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီနဲ့ အင်္ကျီအကြား

မှာ တစ်ထွာခန့်လွတ်နေပြီး ခါးအောက်ပိုင်းအသားများကိုပါမြင်နေရပါတယ်။ အမျိုးသားဖြစ်သူက အနောက်တိုင်းသားလူဖြူဖြစ်ပြီး အညိုရောင်ဆံပင်နှင့်အရပ်မြင့်မားလှကာ ကြည့်ကောင်းလှပါတယ်။ အမျိုးသားကမိန်းကလေးရဲ့ခါးကိုဖက်ထားပြီး သူတို့စုံတွဲရဲ့ ကလူကျီစယ်နေဟန်တို့မှာ မြန်မာလူမျိုးတစ်ယောက်ရဲ့ အမြင်မှာရိုင်းလှတာမို့ ကျွန်မကမျက်စိလွှဲပြီး ၉ နှစ်အရွယ်သမီးလေးကိုလည်း ထိုစုံတွဲရဲ့ အပြုအမူတွေကိုမြင်သွားမှာစိုးတာကြောင့် သမီးကိုတခြားဘက်ကိုအာရုံရောက်အောင် ကျွန်မလုပ်ဆောင်ရပါတော့တယ်။



“သမီးရေ .. ဒီမှာ ဓာတ်ခဲတွေ… ဆိုနီလည်းပါတယ်...သမီးကင်မရာထဲထည့်ဖို့ အတွက်ဝယ်ရင်ကောင်းမယ်နော်”



လို့ကျွန်မကဆိုလိုက်ပြီး ငွေရှင်းကောင်တာအနီးအပါးကစင်ပေါ်က ဓာတ်ခဲများကို သမီးငယ်အားပြကာ အာရုံလွှဲစေလိုက်ပါတယ်။

သမီးလေးက



“ဟုတ် ...မေမေ ကင်မရာအတွက်ရော  သမီးရဲ့ ရီမုတ်ကွန်ထရိုးလေယာဉ်ပျံအတွက်ရော. ဘာဘီရုပ်လေးအတွက်ရော   တွေယူမယ်နော်”



ဟုဆိုကာ သမီးလေးက သူ့အရုပ်တွေအတွက်ဓာတ်ခဲများကို ယူနေပါတော့တယ်။

အရှေ့ကစုံတွဲမှ မိန်းကလေးက ကျွန်မကိုချက်ချင်းပဲလှည့်ကြည့်ကာ



“ဆရာမ ...ဆရာမဒေါ်ပုန်းညက်ခင် မဟုတ်လားဟင်”



လို့မြန်မာလိုပီပီသသကြီးမေးလိုက်တော့ ကျွန်မလည်းအံ့အားသင့်ကာ သူမရဲ့မျက်နှာကိုကြည့်လိုက်မိပါတယ်။



“ဆရာမ..သက်သက်လေ ..မမှတ်မိဘူးလား..အာရ်စီတူးမှာတုန်းကဆရာမတပည့်သက်သက်လေ”

လို့ပြောမှ ကျွန်မလည်းသက်သက်ရဲ့ရုပ်ကို ပြန်လည်ပုံဖမ်းမိပါတော့တယ်။



မျက်နှာလေးကိုပြောင်ပြောင်တင်းတင်းလေးဖြစ်နေအာင် မိတ်ကပ်ပါးပါးလိမ်းထားပြီး မျက်ခွံပေါ်မှာရောင်စုံခြယ်ထားကာ နှုတ်ခမ်းကိုအဆီအရည်ကြည်လဲ့လဲ့ပန်းရောင်ဖျော့ဖျော့ဆိုးထားသော သက်သက်ရဲ့မျက်နှာလေးဟာ တစ်မျိုးလေးလှနေပေမယ့် ဟိုအရင်က အာရ်စီတူးကျောင်းသူ သက်သက်ရဲ့ သနပ်ခါးမျက်နှာအလှကိုတော့မမီပါဘူး။



“ ဟယ်..သက်သက်ရယ်..အံ့သြစရာကောင်းလိုက်တာ ... ဒီမှာတွေ့ရလိမ့်မယ်လို့ ဘယ်လိုမှထင်မထားဘူး”



သက်သက်ကကျွန်မကိုဝမ်းသာအားရပွေ့ဖက်ရင်း မျက်ဝန်းအိမ်မှာမျက်ရည်ကြည်များပင်လဲ့နေပါတယ် ။



“ဝမ်းသာလိုက်တာ ဆရာမရယ်...ဆရာမဘယ်တုန်းက ရောက်တာလဲ ..သက်သက်ကတော့ဒီမှာ ၃နှစ်ကျော်နေပြီ”



လို့ပြောပါတယ်။



“ဆရာမခင်ပွန်းကဒီကိုအလုပ်ပြောင်းရတယ်လေ ..သမီးလေးကကျောင်းနဲ့ဆိုတော့ သမီးကျောင်းပိတ်မှသာ ဆရာမတို့သားအမိကလိုက်လာနိုင်တာ”



ကျွန်မရဲ့အဖြေအဆုံးမှာ သမီးလေးကလည်း ဓာတ်ခဲများရွေးချယ်အပြီး ကျွန်မနံဘေးနားကိုပြန်ရောက်လာပါတယ်။



“အယ်... ဒါဆရာမသမီးလေးလား ..ချစ်စရာလေးနော်..ဆရာမနဲ့သိပ်မတူတာ အဖေတူလေးမို့ထင်တယ်”



သမီးလေးကိုဝမ်းသာအားရနှုတ်ဆက်ပြီး သက်သက်က သူ့ဘေးမှအမျိုးသားနဲ့ကျွန်မတို့ သားအမိကိုမိတ်ဆက်ပေးပါတယ်။ ဖော်ရွေတတ်သော အမေရိကန်လူမျိုး ထိုလူဟာ သက်သက်ရဲ့ချစ်သူဆိုတာ အစောကြီးတည်းက ကျွန်မသဘောပေါက်ခဲ့ပါတယ်။

သက်သက်က သူနေတဲ့လိပ်စာ ၊ အိမ်ဖုန်းနံပါတ် ၊ ဟန်းဖုန်းနံပါတ်များကိုပေးပြီး ကျွန်မထံမှ ကျွန်မရဲ့လိပ်စာ ၊ ဖုန်းနံပါတ်များကိုတောင်းယူပါတယ်။ အဲဒီနောက်မှာတော့ စနေ ၊ တနင်္ဂနွေ ပိတ်ရက်များမှာ ကျွန်မအိမ်ကို သက်သက်မကြာခဏရောက်ရှိလာတတ်သလို သမီးလေးနဲ့ ကျွန်မကိုခေါ်ပြီးလည်းမြို့ရဲ့ အထင်ကရရှိလှတဲ့နေရာတွေကို လျှောက်လည်ကြပါတယ်။

သက်သက်ဟာ အမေရိကန်လူမျိုး သူ့ချစ်သူနဲ့အတူ နေထိုင်တယ်ဆိုတာကိုကျွန်မသိရှိလိုက်ချိန်မှာ အံ့သြခြင်း ၊ နှမြောခြင်းများနဲ့တူ ဝမ်းနည်းခြင်းကိုပါတပြိုင်နက်တည်းခံစားလိုက်ရပါတယ်။ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာတုန်းက သက်သက်ရဲ့ချစ်သူ မောင်အောင်မြတ် ရဲ့အကြောင်းကိုမေးချင်လွန်းပေမယ့် မမေးမိအောင် ကျွန်မကြိုးစားမြိုသိပ်ထားခဲ့ပါတယ်။ သက်သက်ကလည်း မောင်အောင်မြတ် အကြောင်းကို ဘာတစ်ခွန်းမှမပြောပါဘူး။



သမီးလေးကျောင်းပြန်ဖွင့်တော့မှာမို့ ကျွန်မတို့သားအမိ မြန်မာပြည်ကိုပြန်တော့မယ်ဆိုတော့ သက်သက်တစ်ယောက်လာရောက်နှုတ်ဆက်ပြီး ကျွန်မရဲ့ ရန်ကုန်အိမ်လိပ်စာ နဲ့ ဖုန်းနံပါတ်ကိုတောင်းယူပါတယ်။



“ သက်သက်လည်း ဒီနှစ်ထဲမှာ ဒီဇင်ဘာလောက် ရန်ကုန်ကိုပြန်လာမယ် ဆရာမရဲ့ ..သက်သက်

လက်ထပ်တော့မယ်လေ”



လို့ပြောပါတယ်။

ကျွန်မက “ဟင်”  လို့နားမလည်နိုင်စွာပြန်မေးမိတော့ သက်သက်က



“ဆရာမ ...အောင်မြတ်ကိုမှတ်မိတယ်မဟုတ်လား ..သက်သက်ချစ်သူလေ .. ဒီနှစ်ထဲမှာ သက်သက်တို့လက်ထပ်မယ် ..မင်္ဂလာဆောင်ဖိတ်စာ ဆရာမအိမ်ကိုလာပေးမလို့ လိပ်စာမေးထားရတာ”



လို့ သက်သက်ကဆက်ပြောပါတယ်။

ကျွန်မလည်းနားမလည်နိုင်ခြင်းများနဲ့စိတ်ရှုပ်နေခဲ့ပြီး



“သြော်...အင်း..အင်း”   လို့သာပြန်ပြောနိုင်ခဲ့ပါတယ်။

ရန်ကုန်ကိုပြန်ရောက်ပြီး သမီးလေးကိုကျောင်း အပို့ အကြို အလုပ် ၊ သမီးလေးရဲ့ဝေယျာဝစ္စ ၊ သမီးလေးကိုစာသင်ပြပေးခြင်းနဲ့အတူ ဖခင်နဲ့ဝေးနေတဲ့သမီးလေးကို ဖခင်မေတာရော ၊ မိခင်မေတာပါပေးပြီး ပိုလို့ဂရုစိုက်နေရတာကြောင့် သမီးလေးနဲ့သာအချိန်တွေကုနု်ခဲ့ပြီး သက်သက်ကိုမေ့လို့သွားပြန်ပါတယ်။



ဒီဇင်ဘာလရဲ့နေ့တစ်နေ့မှာတော့ ကျွန်မရဲ့အိမ်ကို သက်သက်နဲ့မောင်အောင်မြတ် တို့ရောက်ရှိလာကာ မင်္ဂလာဆောင်ဖိတ်စာ လာလို့ပေးပါတယ်။ မောင်အောင်မြတ် ကလည်းကျွန်မကိုပြန်လည်တွေ့ဆုံရခြင်းကို ဝမ်းသာလို့နေပါတယ်။ သက်သက်နဲ့မောင်အောင်မြတ်က လွန်ခဲ့တဲ့ ၁၂နှစ် ၁၃ နှစ်ကလိုပဲ ချစ်ခင်ကြင်နာမြဲ ၊ ကျွန်မကိုလည်း သူတို့ရဲ့အစ်မတစ်ယောက်လိုခင်မင်နေမြဲပါပဲ။ ဘာမှမပြောင်းလဲပါဘူး။  ဒါပေမဲ့ ကျွန်မရဲ့စိတ်တွေဟာ သူတို့နှစ်ယောက်ကိုမြင်တော့နောက်ကျိရှုပ်ထွေးသွားရတာ ဘာ့ကြောင့်မှန်းမသိပါဘူး ။ ကမ်းနားဟိုတယ်

မှာကျင်းပမယ့် သူတို့ရဲ့ မင်္ဂလာပွဲကိုဆက်ဆက်လာဖြစ်အောင်လာဖို့ အတန်တန်မှာပြီး ပြန်သွားကြတဲ့ သက်သက် နဲ့ မောင်အောင်မြတ်တို့ စုံတွဲကိုကြည့်ကာ ကျွန်မသက်ပြင်းမောကြီးတစ်ခုကိုချလိုက်မိပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်လိုစိတ်မရှိဘဲ ဘာ့ကြောင့်ကျွန်မစိတ်ညစ်ညူးနေတယ်ဆိုတာ ၊ သူတို့ရဲ့မင်္ဂလာပွဲကို ကျွန်မ ဘာ့ကြောင့်မသွားဖြစ်ခဲ့ဘူးလဲ ဆိုတာကို ကျွန်မကိုယ်ကျွန်မ နားမလည်နိုင်အောင်ရှိနေပါတော့တယ်။



ဟနစံ

No comments:

Post a Comment