Every woman is wonderful ! If you are a woman, you are a wonderful lady.
Wednesday, 1 February 2017
ရိုးသားခြင်းသည်သာ
ရိုးသားခြင်းဟာ စာသင်ကျောင်းများမှာ ကလေးများကို စိန်ခေါ်လျက်ရှိနေရပါတယ်။
များပြားလှသော အိမ်စာပုစ္ဆာများ၊ assignment များကြောင့် ကျောင်းသားများဟာ ကူးချခြင်း၊ ကူးယူခြင်းဆိုတဲ့ မရိုးသားမှုကို ပြုမူ ကျူးလွန်တတ်ကြပါတယ်။
အတန်းဖော်သူငယ်ချင်းထံမှ အိမ်စာပုစ္ဆာတွက်များကို လွယ်လင့်တကူ ကူးယူလိုက်တယ်ဆိုတာက အင်မတန်လွယ်ကူလှပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျောင်းသားတစ်ယောက်အတွက် မရိုးသားခြင်းဆိုတာထက် ပိုမိုပြီးတော့ ကြီးမားတယ်ဆိုတာကို ကျောင်းသားများ သိစေဖို့ လိုအပ်ပါတယ်။
ကူးယူခြင်း၊ ကူးချခြင်း၊ ခိုးချခြင်း အလေ့အထများဟာ ကျောင်းသားများရဲ့ အနာဂတ်ပညာရေးတင်သာမက အနာဂတ်ဘဝအတွက်ပါ ဆိုးကျိုးဖြစ်စေပါတယ်။
နောင် အနာဂတ်မှာ အလုပ်အကိုင်ရရှိတည်မြဲရေးအတွက်တော့ အာမခံချက်ရှိမှာ မဟုတ်ပါဘူး။
စာမေးပွဲမှာ ကူးချခြင်းဖြင့် အမှတ်ကောင်းကောင်းဖြင့် အောင်နိုင်မှာပါ။ ဒါပေမဲ့လည်း ရေရှည်ကို ကြည့်မယ်ဆိုရင် ဥပမာအားဖြင့် သချင်္ာဘာသာရပ်မှာ ကူးချလို့ အမှတ်ကောင်းသော်လည်း အခြေခံ ပုစ္ဆာဖြေရှင်းနည်းတွေကို မသိတဲ့အတွက် သင်ခန်းစာတစ်ခုပြီးတိုင်း ပြီးတိုင်းမှာ သချင်္ာပုစ္ဆာတွက်နည်းများထဲမှာ တဝဲလည်လည် ဖြစ်နေတော့မှာပါပဲ။
ကူးချခြင်းဖြင့်ရရှိလာတဲ့ ဒီပလိုမာဘွဲ့တစ်ခုဟာ ဘွဲ့လက်မှတ်ရဖို့အတွက်ကတော့ လွယ်ကူသော်လည်း နောင် လုပ်ငန်းခွင်ထဲမှာတော့ ကူးချခြင်းက မိမိကို မကယ်တင်နိုင်ဘူးဆိုတာ သိလာပါလိမ့်မယ်။ အကောင်းဆုံး ဥပမာတစ်ခုကတော့ ရေကူးသင်တန်းဖြစ်ပါတယ်။ ရေကူးသင်တန်းမှာတော့ လေ့ကျင့်ခန်းများကို ခိုးချပြီး အောင်မြင်မှာ မဟုတ်ပါဘူး။ ခိုးချမယ်ဆိုရင်တော့ ရေထဲမှာ နစ်မြုပ်သွားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျောင်းစာသင်ခန်းမှာ ကူးချခြင်းဖြင့် အောင်မြင်ခဲ့မယ်ဆိုရင်တောင်မှ ဘဝသင်ခန်းစာများမှာတော့ နစ်မြုပ်နေမှာဖြစ်ပါတယ်။
မရိုးသားမှုဖြင့် ဘဝမှာ အောင်မြင်မယ်ဆိုရင်လည်း တခဏတာသာ အောင်မြင်ပါလိမ့်မယ်။ ရေရှည်အောင်မြင်မှုအတွက်ကတော့ ရိုးသားစွာ စာကျက်မှတ် ကြိုးစားမှသာ ဖြစ်ပါမယ်။ အချို့သော လူတို့ဟာ လောဘကြောင့် မရိုးသားမှုကို ပြုမူတတ်ကြပါတယ်။
အချို့သော ကျောင်းသားများဟာလည်း အမှတ်ကောင်းကောင်းလိုချင်တဲ့ လောဘကြောင့် မရိုးသားမှုဖြစ်တဲ့ ကူးချခြင်းကို ပြုတတ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်အချို့သည်လည်း လောဘကြောင့် မရိုးသားမှုကို ပြုတတ်ကြပါတယ်။
ဒါပေမဲ့လည်း အောင်မြင်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များဟာ ရိုးသားမှုဖြင့် အောင်မြင်မှုအထွဋ်အထိပ်ကို ရရှိလာကြကြောင်း လေ့လာ သိရှိနိုင်ပါတယ်။
လူတစ်ဦးချင်းစီရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ်ဟာ မမှန်ကန်ခြင်းကို အလိုလို သိမြင်တတ်ပါတယ်။ ရိုးသားခြင်းဖြင့် မိမိရဲ့အတွင်းစိတ်မှာ ရှင်းလင်းနေတဲ့အတွက် နေလို့ ထိုင်လို့လည်း ကောင်းပါတယ်။
အမှန်ကိုသာ ထုတ်ဖော်ပြောကြားရတာဟာ တစ်ခါတစ်ခါမှာတော့ မလွယ်ကူလှပါဘူး။
အမှန်တရားဟာ တစ်ခါတစ်ရံမှာ ခါးသီးတယ်လို့ ဆိုကြသော်လည်း မိမိရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ် (မိမိရဲ့ သိစိတ်)၊ ပတ်ဝန်းကျင်ရှိလူအများနဲ့ ဆက်ဆံရေး၊ မိမိကိုယ်ကို လေးစားကြည်ညိုသော စိတ်တို့အတွက် ရိုးသားခြင်းအမှန်ဟာ အကောင်းဆုံးဖြစ်ပါတယ်။
ဟနစံ
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment