Wednesday, 1 February 2017

ကိုယ့်စိတ် ကိုယ့်တာဝန်



နေ့စဉ် လုပ်ငန်းခွင်မှာ၊ လူမှုအသိုင်းအဝိုင်းမှာ အကျိုးအမြတ်တစ်ခုကို လိုချင်လို့ လူဆိုတာ ဟန်ဆောင်လို့ရပါတယ်။ ဒါပေမယ့် ဗီဇဆိုတာတော့ ညာလို့မရဘူး။ ဗီဇဆိုတာကိုတော့ ဘယ်လို ဟန်ဆောင်ဆောင် လိမ်ညာညာ ဖျောက်လို့ မရဘူး။ သူ့ဗီဇ ဘွားကနဲ ပေါ်လာတဲ့အခါမှာ အထင်ကြီးလို့မရတော့ပါဘူး။


လူတစ်ယောက်ကို အထင်မကြီး ၊ အထင်မသေးတာ အကောင်းဆုံးပါ။ သူများတွေအပြော

နဲ့ လူတစ်ယောက်ကို မဆုံးဖြတ်တာအမှန်ဆုံးပါ။

လူတွေဟာ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားတာ မတူတတ်ကြတော့ သူများန့ ဲ

အဆင်မပြေတဲ့သူတစ်ယောက်ဟာ ကိုယ့်အပေါ်မှာ လူကောင်းတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ အဲဒီ သူများ ဆိုတဲ့ third party ကရော ဘယ်လို လူစားမျိုးလဲဆိုတာ ဆန်းစစ်ဖို့ လိုပါမယ်။



လူတွေဟာ ဟိတ်နဲ့ ဟန်နဲ့ ညာတဲ့သူကို အထင်ကြီးတတ်ကြတယ် ...ရိုးသားစွာအမှန်တိုင်း

ပြောတဲ့သူကိုကျတော့ မယုံကြည်ကြဘူးလို့ လောကကြီးကို မတရားဘူးလို့မြင်မိရင်

ဆက်ပြီးတော့ ရိုးသားစွာနေလိုက်ပါ။

ခုနေ မယုံဘူးဆိုရင် နောင်တချိန်မှာ ယုံပါလိမ့်မယ်။ ကိုယ့်အချိန်ကုန်ခံ လိုက်ရှင်းပြနေဖို့လည်း မလိုဘူးလေ။ ကိုယ့်မူကို ကိုယ် ဆက်ထိန်းနေရုံပါပဲ။ ရေရှည်မှာ စကားပြောပါလိမ့်မယ်။

ဘယ်အရာမဆို ရေရှည်တည်တံ့ဖို့ကိုသာ အားပေးမိပါတယ်။ ကိုယ့်မူကို ပြင်စရာမလိုသလို သူများမူကိုလည်း မထိခိုက်စေတာ အကောင်းဆုံးပါ။



ဟုတ်ပါတယ်...လူဆိုတာ ဟန်ဆောင်လို့ရပါတယ်။ ပါးနပ်လျှင် ပါးနပ်သလောက် ဟန်ဆောင်ပြုမူနေထိုင်နေတဲ့အတိုင်း အခြားသူတွေက ယုံကြည်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဟန်ဆောင်သူ့ရဲ့ မူလဗီဇက သူ သတိလွတ်သွားတဲ့ စက္ကန့်ပိုင်း အချိန်အခိုက်အတန့်လေးမှာတင်ပဲ ပေါ်လာတတ်ပါတယ်။

စကားတစ်ခွန်း၊ အပြုအမူတစ်ခု၊ မျက်နှာအမူအယာအပြောင်းအလဲ တစ်ခုကနေ လူတစ်ယောက်ရဲ့ စိတ်ကို ဖောက်ထွင်းမြင်ရတတ်ပါတယ်။



ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်နေထိုင် ပြုမူခွင့်ရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ lifestyle ကိုကိုယ် ရွေးရုံပါပဲ။ ဖြစ်လာတဲ့ အကျိုးဆက်တွေကတော့ ကိုယ်ရွေးချယ်တဲ့ အကြောင်းကြောင့်သာ ဖြစ်ပါတယ်။



ကံ ၃ ပါးရဲ့ အကျိုးဆက်က အင်မတန် တန်ခိုးကြီးလွန်းလှပါတယ်။



တကယ်တော့ ငရဲကြီးတယ်ဆိုတာ သေလွန်ပြီးမှ ဆီပူအိုးထဲကို ထည့်ကြော်ခံရတယ်လို့ ကလေးတွေကို လူကြီးတွေကို ခြောက်လှန့်သလို မဟုတ်ပါဘူး။ ငရဲကြီးတယ်ဆိုတာ ခု ဘဝမှာတင် မသေလွန်ခင်မှာတင် ပြစ်မှားကျူးလွန်မိတဲ့ ကံ ၃ ပါးရဲ့ အကျိုးတွေ ပြန်ခံစားရတာပါ။ ဘဝလမ်းခရီး ပြေလည်မှု မပြေလည်မှုတွေဟာ မိမိပြုခဲ့တဲ့ အတိတ်က အကြောင်းတွေရဲ့ အကျိုးဆက်တွေပါ။



ကောင်းဆိုးရှစ်တန်လောကဓံကို လူရယ်လို့ ဖြစ်လာသူတိုင်း ကြုံတွေ့ခံစားကြရပါတယ်။ ဒီနေရာမှာ အတွင်းဓာတ်ခံ ကောင်းသူနဲ့ မကောင်းသူ လောကဓံအပေါ်မှာ ကျော်လွှားအောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းပမာဏပဲ ကွာခြားသွားပါတယ်။

တွေ့ကြုံရတဲ့ လောကဓံချင်းတူပေမယ့်လည်း အတွင်းဓာတ်ခံ ကွာခြားမှုကြောင့် ခံစားရတဲ့ ဝေဒနာကွာခြားသွားတာပါ။



လောကဓံနဲ့ လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို ကိုယ်က ရှောင်လွှဲပြုပြင်လို့မရပါဘူး။ ကိုယ်က သွားပြုပြင်လို့ မရတာတွေမို့ ကိုယ်ပြုပြင်လို့ရတဲ့ ကိုယ့်စိတ်ကိုပဲ ကိုယ်ပြုပြင်နေထိုင်လိုက်တဲ့ခါ ကောင်းသွားပါတယ်။

အဓိကက စိတ္ပါ။



ကိုယ့်အတွင်းစိတ်မှာ ဘယ်အရာကိုမှ ဥပေက္ခာမထားနိုင်သေးဘူးဆိုရင် ကိုယ် မနှစ်သက်ဘူး ကိုယ်နဲ့ အဆင်မပြေဘူး ကိုယ်သည်းမခံနိုင်ဘူးလို့ ထင်တဲ့သူဆို မပေါင်းပါနဲ့တော့။ သူနဲ့ ဆက်ပြီး အပေါင်းအသင်း အဆက်အဆံလုပ်နေရင် ကိုယ်ကမှ သည်းမခံ၊ ဥပေက္ခာမပြုနိုင်သေးတာဆိုတော့ ကိုယ်ပဲ ပူလောင်ပါတယ်။ အဲဒါက အရင်ဆုံး စိတ်အေးချမ်းသာအောင် နေနည်းပါ။ (တကယ်တော့ အဲဒီနည်းလမ်းကို မြတ်စွာဘုရား မဟောခဲ့ပါဘူး။ ကိုယ့်စိတ်ကို ကိုယ် သက်သာအောင် ရှာဖွေနေထိုင်တော့ အဲလိုပဲ ပြုမူလိုက်ရတာပါ။)

သိပ်ပြီးတော့ ကိုယ်လည်း စိတ်စွမ်းအားတွေမြင့်လာ ၊ ခန္တီစတွေ ရင့်သန်လာရင်တော့ တစ်မျိုးပေါ့လေ။

ကိုယ့်စိတ်အတွက် ကိုယ့်မှာပဲ တာဝန်ရှိတာမို့ပါ။

No comments:

Post a Comment