Wednesday, 1 February 2017

သင်္ကြန်၏ နောက်ဆုံး

“အမေ့ချွေးမ ပျောက်လို့ရှာ တွေ့ပြီ ...တွေ့ပြီ...သူပဲ...သူပဲ”

“တိုက်ကြီးပေါ်က အပျိုတွေ တို့ကိုလိုချင် ဒိုင်ဗင်ထိုးချ”

“အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး အီကြာကွေး”

လည်ချောင်းတွေနာလောက်အောင် ရေကစား မဏ္ဍပ်တစ်ခုရှေ့ရောက်တိုင်း အော်ရတာ အသံတွေပြာနေပေမယ့် အနောက်ရန်ကင်းဘက် ရောက်လာတော့ တိုက်ဝရန်တာတွေကနေ ရပ်ကြည့်နေကြတဲ့ ရန်ကင်းသူလေးတွေကို မြင်ရတော့လည်း ရေပက်ခံကားပေါ်ကနေ မအော်ဘဲ၊ မနောက်ဘဲ မနေနိုင်ပြန်။

“ဟေးးးး အဝါလေးကွ..အနီလေး ကိုကို့ချစ်ချစ် အနီလေး”

စက်မှု(၁) လမ်းမပေါ်က ရေကစားမဏ္ဍပ်တစ်ခု ရှေ့နားအရောက် သူတို့တွေ ပိုပျော်သွားသည်။ နွေပိတောက်ဟု အမည်ပေးထားသော ထိုမဏ္ဍပ်တွင် မိန်းကလေးဦးရေသာ များသည်။ ရေပက်ခံကားတွေကို ကားတွေကို ထွက်တားသော ကောင်လေး ၂ ယောက်ကလွဲလို့ မဏ္ဍပ်တစ်ခုလုံး မိန်းကလေးတွေချည်း။

“ရန်ကင်းသူလေးတွေ ချောတယ် လှတယ် ပူအိုက်လှတဲ့ ဌာနေဝယ်”

သူတို့ သူငယ်ချင်းတစ်သိုက် ရေပက်ခံကားပေါ်ကနေ မဏ္ဍပ်ပေါ်မှ အပျိုမလေးများ ရေပိုက်ကိုယ်စီနှင့် သူတို့ကို အငြိုးတကြီးရေပိုက်နဲ့ထိုးနေတာကို ကခုန် မြူးတူးခံယူရင်း မခံချင်အောင် စနောက်နေကြသည်။ နောက်ကကား မပါလာသဖြင့် ထိုမဏ္ဍပ်ရှေ့မှာ အတော်ကြာရပ်ပြီး ရန်ကင်းသူ အချောအလှလေးများ၏ ရေစိုနေသော အလှများကို ကောင်းကောင်း ရှုစားရင်း နောက်ပြောင်နေမိကြသည်။

ဟာ...
ဟု သူ့နှုတ်မှ ထွက်သွားလောက်အောင် လှသည့် နတ်မိမယ်လေး တစ်ပါးကို မဏ္ဍပ်ထောင့်မှာ မြင်လိုက်ရသည်။
အနက်ရောင် အကျင်္ီနှင့်အနက်ရောင်မှာ အဖြူပွင့်နုပ်နုပ်လေးတွေ အဆင်နှင့် ထမီကို ဝတ်ထားသော အလှမှာ ဂျင်းဘောင်းဘီ၊ တီရှပ်တို့ရေစိုနေသော အလှထက် တမူ ထူးခြားနေလေသည်။ ရေစိုနေသော အနက်ရောင်က သူမ၏ ပန်းနုရောင်ဘက်ပြေးသော အသားဖြူဖြူနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ သူမက ထင်ထင်ရှားရှား ပေါ်လွင်နေသလို။
သူ ကားပေါ်မှ ခုန်ဆင်းကာ မဏ္ဍပ်ဘေးမှ ရေစည်ပိုင်းပြတ်မှ ရေတစ်ခွက် ခပ်ယူပြီး ထိုဘလက်ခ်အိန်ဂျယ်လေးဆီ အပြေးလှမ်းသွားလိုက်သည်။

“ရေလောင်းမယ်နော် ...မမ”
သူ့ကို မော့ကြည့်သော မျက်နှာလေးမှာ ပြုံးယောင်ယောင်နှင့် ခေါင်းညိတ်ပြလေသည်။

“မမ လှတယ်ဗျာ။ နောက်နေ့လည်း ကျွန်တော် လာခဲ့ဦးမယ်။ မမ ဒီမှာ ရှိနေနော်”

သူ့စကားကို ထိုနတ်မိမယ်လေး အသံမထွက်ဘဲ ရယ်လေသည်။ ရယ်လိုက်တဲ့ မျက်နှာလေးက ပိုပြီး လတ်ဆတ်သွား သလို။ သူမ၏ မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်တဲ့ သူ့စကားတွေကို သာမန်မျှသာ သဘောထားပုံနှင့် ဘာအရိပ်အယောင်မှ ဖြတ်သန်းသွားခြင်း မရှိသော သူမ၏ မျက်နှာလေးကို သူ မကျေနပ်သလို ဖြစ်သွားမိသည်။
“ဟိတ်ကောင်...အောင်ကျော်...သိပ်ဖွန်မနေနဲ့ လာ တက် တက် ... သွားမယ်”

အော်ခေါ်နေသော သူ့သူငယ်ချင်းတွေကို လက်လှမ်းပြပြီး “မမ မနက်ဖြန်လည်း ဒီမှာ စောင့်နေနော်” ဟု သူပြောလိုက်တော့ ပိုပြီး ရယ်ပါလေသည်။

“တာ့တာ ...မမ ဘလက္ခ္အိန္ဂ်ယ္”

“နောင်နေ့ကိုလည်း လာပါမယ် မောင်ကြီးလာပါမယ်”
သူ ကားပေါ်ကို အပြေးလှမ်းတက်ကာ မဏ္ဍပ်ပေါ်က အပျိုမလေးများကို အော်နောက်ပြီး ကားထွက်လာခဲ့သည်။

ထိုညနေစောင်း အိမ်အပြန်မှာတော့ သူတို့တွေ အတော်လေးကို ပင်ပန်းနေကြတော့သည်။ အတုံးအရုံး အိပ်ပျော်ကုန်ကြသော သူငယ်ချင်းများကို ကျော်ခွကာ ဂီတာယူပြီး ၀ရန်တာကို ထွက်လာသည်။

~~ဒီကောင်ချစ်တာ ရင်ထဲက သိလား~~

“ဟိတ်ကောင် ...ငှက်ဆိုးထိုးသံနဲ့ ဆိုမနေနဲ့ကွ။ အိပ်ပျက်တယ်” ဟု နောင်နောင် ထအော်တော့ သူ ပိုလို့ အသံကျယ်ကာ သီချင်းအော်ဆိုတော့သည်။ အဲဒီညက အနက်ရောင် နတ်သမီးလေးက အိပ်မက်ထဲ ရောက်လာသည်။ အိပ်မက်ထဲမှာ သူက အနက်ရောင် နတ်သမီးလေးကို ပိတောက်ပန်းတွေ ပေးသည်တဲ့။

အကြတ်နေ့ မနက်ခင်း အိပ်ရာနိုးလာတော့ သူ့ အိပ်မက်ကို သူ သဘောကျကာ တပြုံးပြံုး ဖြစ်နေမိသည်။

“ဟာ...အောင်ကျော်...သူငယ်ချင်း... စိတ်ထိန်းပါကွာ”

ထမင်းစားခန်းထဲမှာ ကော်ဖီဖျော်နေသော စိုးထွဋ်က သူ့ကိုမြင်တော့ အလန့်တကြား ထအော်သည်။

“ဘာတုန်းကွ” ဟု သူ မျက်မှောင်ကုပ်ကာမေးလိုက်တော့

“မသိဘူးလေကွာ...မင်းမျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်နေလို့” ဟု စိုးထွဋ်က ဆိုသည်။

“ဒီနေ့ စောစောထွက်ရအောင် ဟိတ်ကောင်တွေ အနောက်ရန်ကင်းဘက်ကို အရင်သွားမယ်ကွာ”

“~~ေရာဂါ~~ေရာဂါ~~”

သိန်းထိုက်က ကော်ဖီသောက်နေရင်း ထ အော်သည်။

သူကတော့သူ့ဗိုက်ထဲမှာ ပျား၃ ကောင်လောက် တဝီဝီ ပျံနေသလို ခံစားရပြီး ပိတောက်ပန်း ဘယ်နားက ရမလဲ ဟု တွေးနေမိသည်။ အိပ်မက်ထဲကအတိုင်း ဘလက်ခ်အိန်ဂျယ်လေးကို ပိတောက်ပန်း ပေးချင်သည်။ ဒီနေ့ မဏ္ဍပ်မှာ ရှိမှ ရှိနေပါ့မလား ဟု တွေးပူလိုက်မိသည်။
.......... .......... ............ ............

“မောင်ကြီး လာပါပြီ လာပါပြီ ...”
“အချစ်ရေ ကိုယ်လာပြီ”

နွေပိတောက် မဏ္ဍပ်နားရောက်တော့ သူငယ်ချင်းတွေ အသံတွေပိုကျယ်လာကြတော့သည်။


အိန်ဂျယ်လေး ဘယ်မှာလဲ။ သူ မဏ္ဍပ်တစ်ခုလုံးကို မျက်စိကစားကာ ဟိုဟိုသည်သည်လျှောက်ရှာကြည့်မိသည်။ တွေ့ပါပြီ။ ဒီနေ့တော့ အဝါရောင် အိန်ဂျယ်လေးကိုး။
ပိတောက်ခြောက်ရောင် အခံမှာ အဝါနုရောင် အပွင့်လေးတွေအဆင်နှင့်ထမီ၊ အကျင်္ ီအဝါရောင်ကို ဝတ်ထားသော သူမထံ အပြေးလှမ်းသွားမိသည်။ လက်ထဲမှ နိုင်ငံခြားဘာသာ တက္ကသိုလ်ရှေ့က ခူးလာခဲ့သော ငုပန်းဝါဝါတစ်ခက်ကို သူမလေးကို လှမ်းပေးလိုက်သည်။

“ပိတောက်တွေတော့ မရှိဘူး ...မမဝါ။ ငုတွေပဲ ပန်ပါနော်”

သူ့ကိုမော့ကြည့်ပြီး သူမကရယ်နေသည်။ သူအတင်းဇွတ် ပေးတော့ ငုပန်းခက်ကို သူမ လှမ်းယူလိုက်လေသည်။

မျက်လုံးတွေပါရယ်တတ်တဲ့ သူမ ရယ်ဟန်လေးကို ငေးကြည့်ပြီး ရေလောင်းဖို့ သတိရကာ အနားမှ ချာတိတ်ကလေး တစ်ယောက်ဆီက ရေခွက်ကို လှမ်းတောင်းယူကာ ကလေးတချို့ ဆော့နေသည့် ရေပုံးထဲမှ ရေကို ခပ်ယူကာ လောင်းလိုက်သည်။ တင်ပါးထိ ရှည်သည့် ဆံပင်ရှည်တွေကို နဖူးပြောင်သိမ်းကာ အနောက်ဘက်မှာ စုချထားပုံက မဟာဆန်လွန်းလှပြီး မျက်နှာလေးမှာ ကြည်လင်နေသည့် သူ့ရဲ့ အဝါရောင်နတ်သမီးလေးမှာ သူ ပြောသမျှကို အမြဲ ရယ်သာ ရယ်နေသည်။

“ရယ်ပဲရယ်နေတာဗျာ...မမ နာမည် ဘယ်လိုခေါ်သလဲ”

သူမ ရယ်ပြန်သည်။

“သြော်...မမက ခုမှ သွားပေါက်ချင်လို့လား...ပြောပါဗျာ..မမနာမည် ပြောပြ”

သူမက ဘာမှ မပြောဘဲ ရယ်နေပြန်သည်။

“အောင်ကျော် ငဖွန် လစ်မယ်”

သူ့သူငယ်ချင်းတွေကို လက်လှမ်းပြကာ “ခဏလေး” ဟု သူအော်ပြောလိုက်သည်။

“မမ ပြော...မမ နာမည်ဘယ်သူလဲ ...မပြောရင် ကျွန်တော် မပြန်တော့ဘူး”

သူမ ရယ်ပြီး “ထွေးညို” ဟုပြောလေသည်။ တကယ့်နာမည်မဟုတ်မှန်း သူသိသော်လည်း မေးချိန် မရတော့။ သူငယ်ချင်းတွေက ကားပေါ်ကနေ တကျီကျီ အော်နေကြပြီ။

သူ ကားပေါ် အပြေးပြန်တက်ပြီး အဝါရောင် အိန်ဂျယ်လေးကို လက်လှမ်းပြကာ “မမထွေးညိုရေ ...မနက်ဖြန်ကျရင်လည်း စောင့်နေနော်” ဟုလှမ်းအော်ပြောခဲ့လေသည်။

.......... .......... ............ ............

အတက်နေ့မို့ သူတို့တွေ ပိုလို့ တက်ကြွကာ ပိုလို့ သောက်မိ၊ နောက်ပြောင်မိကြသည်။

စက်မှု (၁) လမ်းကို ကားအကွေ့မှာ ရင်က လှိုက်ကနဲ ဖြစ်သွားသည်။ အိန်ဂျယ်လေးကို တွေ့ရတော့မည်။
မဏ္ဍပ်ရှေ့ကားရပ်သည်နှင့် သူ ကားပေါ်က ခုန်ဆင်းကာ မဏ္ဍပ်ဘေး လှေကားကနေ မဏ္ဍပ်ပေါ်မှာ အရင်နေ့ကလို ရှာတော့ မတွေ့။ စိတ်ထဲ ပြာသွားကာ အိန်ဂျယ်လေး ဘယ်မှာလဲ ဟု စိုးထိတ်ကာ ရှာဖွေမိသည်။ တွေ့ပါပြီ။ မဏ္ဍပ်အနောက်ဘက်မှာ ၇ နှစ်အရွယ် ကလေးလေးတစ်ယောက်ကို ဂျင်းဘောင်းဘီ ဝတ်ပေးနေသော ခရမ်းရင့်ရောင် အိန်ဂျယ်လေး။ ကလေးလေးမှာ လက်ထဲမှာ ရေပြွတ်နှင့် မဏ္ဍပ်ဆီကို လှမ်း လှမ်းကြည့်ကာ ကစားချင်စိတ်က မျက်နှာမှာ အထင်းသား။ ကလေးလေးကို အိန်ဂျယ်လေးက ဘောင်းဘီ ဝတ်ပေးပြီးသွားတော့ ကလေးက ပြေးထွက်သွားတော့သည်။
“သားသား...လမ်းမပေါ် မထွက်နဲ့နော်”

သူမ လှမ်းအော်ပြောသည့် အသံလေးမှာ ချိုမြကြည်လင်နေသည်ဟု သူ့စိတ်ထဲ နှစ်သက်မိသလို ဖြစ်မိတုန်းမှာ

“ဟုတ္ကဲ့...ေမေမ”

ဆိုသည့် ချာတိတ်လေး ပြန်ပြောသည့် စကားကို ကြားတော့ သူ ဟိုက်ကနဲ ပြာဝေသွားသည်။

အနားကိုရောက်နေပြီးသော သူ့ကို မြင်တော့ သူမ က မှတ်မိသလို ပြုံးရယ်ပြလေသည်။

“မမ...အဲဒီ ကလေးလေးက”

သူ သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။

“ကိုယ့်သား အကြီးလေးလေ...ဟိုရေစည်မှာ ဆော့နေတာ ပန်းရောင်လေးနဲ့က သမီးငယ်လေ”

သူမ ပြသည့် ဘက်ကို ကြည့်လိုက်တော့ ရေစည်ပိုင်းပြတ်မှာ ရေခပ်ကာ ဆော့နေကြသော ကလေးတွေထဲမှ ပန်းရောင်ဂါဝန်လေးနှင့် မူကြိုအရွယ်ကလေးမလေး။

ဟိုက် ...သေပြီ ဆရာ။

ဘယ်လိုခံစားချက်တွေ ဖြစ်သွားမှန်း သူ မသိလိုက်။
ရောပြွန်းနေသော ခံစားချက်များဟု ခေါင်းစဉ်တပ်ရမည် ဖြစ်သော ခံစားချက်ပေါင်းစုံ။

သူ့မျက်နှာ ဘယ်လိုရှိနေမလဲ သူမသိ။ သူမကတော့ ရေကစားနေသော ကလေးတွေဆီ လှမ်း လှမ်းကြည့်နေသည်။
သူ ကားဆီကို ဘယ်လို လှမ်းပြီး ဘယ်လိုရောက်လာသလဲ မမှတ်မိ။
ကားဘယ်အချိန်က ထွက်ပြီး ဘယ်တွေ ရောက်လာလဲ သတိမထားမိတော့ဘဲ ...
“သွားပြီကွာ ...အပွဲပွဲ နွှဲလာသမျှ” ဟု ရင်ထဲမှာ အော်ဟစ်ရင်း သင်္ကြန်အတက်နေ့ကုန်လွန်ကာ သင်္ကြန်ပြီးဆုံးသွားခဲ့လေသည်။

No comments:

Post a Comment