Wednesday, 1 February 2017

peer pressure

ဆယ်ကျော်သက်အရွယ်တွေမှာ Peer Pressure တွေများတယ်လို့ ဆိုကြပါတယ်။ ဆယ်ကျော်သက်မှ မဟုတ်ပါဘူး။ ဘယ်အရွယ်မဆို ပုထုဇဉ်တစ်ဦး ဖြစ်နေသမျှတော့ Peer Pressure အနည်းနဲ့အများ ရှိကြတာပါပဲ။ Peer Pressure ကအကောင်းလည်း ဖြစ်စေနိုင်သလို အဆိုးလည်း ဖြစ်စေနိုင်တာပဲ။ တချို့က Peer Pressure ကိုအပြစ်တင်ကြပေမယ့် ကိုယ်ကတော့ အပြစ်မတင်ပါဘူး။ အကောင်းဖြစ်ဖြစ် ၊ အဆိုးဖြစ်ဖြစ် ကိုယ် ပါမှ ဖြစ်တာပါ။
မွေးတော့ လ မစေ့ ၊ ပေါင် မပြည့်ဘဲ သေးသေးကွေးကွေးလေးနဲ့ မွေးစကတည်းက ချုချာလွန်းလို့ မိဘတွေက ကျောင်းစာနဲ့ ပတ်သက်လာရင် မတိုက်တွန်းပါဘူး။ ကျောင်းတောင် နေလို့ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မေမေ့ အသိမိတ်ဆွေတွေထဲမှာ လမစေ့ဘဲ မွေးလာပြီး ကျောင်းထားတော့ သူငယ်တန်းကနေ ဆက် မတက်တော့တာ၊ တချို့ ၈ တန်းထိ ရောက်ပေမယ့် ၈ တန်းကနေ ဆက်မတက်တော့တာ..အဲလိုမျိုးတွေ တွေ့ဖူးနေတော့ မေမေက ကျောင်းစာကို အတင်းမတိုက်တွန်းဘူး။ မေမေ့စိတ်ထဲမှာ ခုထိလည်း သူ့သမီးကို ကျပ်မပြည့်ဘူးပဲ ထင်တာလေ။ ကြောင်တောင်တောင် ပေါက်တတ်ကရ မေးခွန်းတွေမေး၊ မေးရင်လည်း ကြောင်တောင်တောင် ဂေါက်တောက်တောက်တွေ ဖြေ...ကလေးဘဝကတည်းက အဲလိုမျိုးဆိုတော့ ငါ့သမီးက ၇၅ ပြားလို့ပဲ ပြောတာလေ။ သင်္ချာညံ့လွန်းလို့ ဖေဖေက သင်ပေးရင် ဖေဖေ စိတ်ဆိုး ဒေါသထွက် စာအုပ်တွေ လွှင့်ပစ်၊ ကိုယ်က အော်ငိုနဲ့ပဲ အဆုံးသတ်တော့ မေမေက ဖေဖေ့ကို ကိုယ့်ကို စာမသင်ပေးခိုင်းဘူး။

ငယ်တုန်းက ကလေးဆိုတော့လည်း အဆော့ပဲ မက်ခဲ့တယ်။ ဆော့တာတော့ တကယ်ကို ဆော့တယ်။ စာဆိုတာ ဖတ်ရကောင်းမှန်းလည်း သိခဲ့တာ မဟုတ်ဘူး။ ကျောင်းရောက်ရင် ဆော့မယ်၊ မိန်းကလေးတို့သဘာဝ သူငယ်ချင်းတွေနဲ့ စကားတွေပြောမယ် ဒီလောက်ပဲ ရှိခဲ့တယ်။
၃ တန်းနှစ်အရောက်မှာတော့ ကျောင်းကို အသစ်ပြောင်းလာတဲ့ဆရာက ပထဝီနဲ့မြန်မာစာ သင်တယ်။ အဲဒီဆရာက မူဆလင်ဘာသာဝင်။ အဲဒီဆရာက ကိုယ်နဲ့ ကိုယ့်ဘေးထိုင်တဲ့ သူငယ်ချင်းတွေနဲ့ စကားများလွန်းလို့၊ ဆော့လွန်းလို့ ဆိုပြီး ကိုယ်တို့ကို လူခွဲပစ်လိုက်တယ်။
ကိုယ့်ကို တခြား ခုံမှာ ပြောင်းထိုင်ခိုင်းပြီး လူခွဲပစ်လိုက်တယ်။ ပြောင်းထိုင်ရတဲ့ ခုံက သူငယ်ချင်း ၂ ယောက်က  ထမင်းစားချိန်မှာ ထမင်းစားပြီးလို့ ကျောင်းတက်ခေါင်လောင်း မထိုးခင်မှာ မဆော့ကြဘူး။ စာအုပ်ထုတ်ပြီး စာကျက်ကြတယ်။ အပြန်အလှန် စာပြန်ကြတယ်။ ကိုယ့်ကိုလည်း စာဖတ်ခိုင်းပြီး သူတို့ဆီ စာပြန် ခိုင်းသေးတယ်။ အဲဒါ ကိုယ်က သူတို့ ဆော့နေတယ်ပဲ ထင်တာလေ။ ကျောင်းတက်ခေါင်းလောင်းမထိုးခင် ကိုယ် ဆော့နေကျလို သူတို့လည်း စာအံ ၊ စာပြန်တမ်း ဆော့တယ် အောက်မေ့လို့ ကိုယ်လည်း ဝင်ပါလိုက်တယ်။ အဲ့လိုပဲ မနက်ခင်းဆိုလည်း ကျောင်းတက်ခေါင်းလောင်းမထိုးခင် သူတို့ ၂ ယောက်နဲ့ စာအံ စာပြန်။ ကိုယ်လည်း အဲလို ဆော့ရတာ ပျော်လာတယ်။
၃ တန်းအောင်ပြီး ၄ တန်းနှစ်ရောက်တော့  ပညာရည်ချွန်ဆုပေးပွဲမှာ ကိုယ်က တတိယတန်းအတွက် တတိယဆု ရတယ်ဆိုတော့ တော်တော် အံ့ဩသွားတယ်။ အဲဒါ ပထမဆုံး အတွေ့အကြုံပဲ။ ဆုယူရတော့ ပျော်သွားပြီး စာကို ဖတ်ချင်လာ လုပ်ချင်လာတယ်။ Peer Pressure ကြောင့် ကိုယ် ကျောင်းစာလုပ်တတ်လာခဲ့တယ်။ (အဲဒီ သူငယ်ချင်း ၂ ယောက်က သီတာမြဟန် နဲ့ အေးအေးသင်း။ သီတာမြဟန်က မင်္ဂလာဒုံ ဆေးတပ်က ဗိုလ်မှူးကြီးမြသိန်းဟန်ရဲ့ သမီး။ အေးအေးသင်းက ကိုယ်တို့ လေတပ်ထဲက။ သူတို့ ၂ယောက် ကျေးဇူးကြောင့် ကိုယ် ကျောင်းစာမှာ ပျော်လာတာ။ )

Peer Pressure ကြောင့် စည်းကမ်းဖောက်တာတွေလည်း လုပ်သေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ကျောင်းတွင်း အဆောင်မှာ နေတဲ့အချိန်...PhD research အတွက် proposal တင်၊ presentation လုပ်ရတဲ့နေ့။ အဲဒီနေ့ မတိုင်ခင်က လူကတော်တော် stress ရနေပြီ။ အချိန်ကိုက်ပဲ laptopက hard disk ပျက်သွားတာ ဘာမှ ပြန်မရဘူး။ အကုန်လုံး အစကနေ ပြန်လုပ်။ laptop အသစ် သွားမဝယ်ရသေးခင်မှာ သူငယ်ချင်း laptop နဲ့ powerpoint ပြန်လုပ်၊ ရုံးကွန်ပျူတာမှာ ကျန်တဲ့  backup တွေ ကျန်တာလေး ရသလောက် ပြန်လုပ်ပြီး မှတ်မိသလောက်တွေ ပြန်လုပ်။ အဲဒီနေ့ presentation မှာတစ်ကြိမ်တည်းနဲ့ အောင်သွားလို့ PhD candidate ဖြစ်သွားပေမယ့် မပျော်ရတာ...စူပါဗိုက်ဆာက နေ့ခင်းကျ ခေါ်ပြီး research objectives တွေပြောင်းခိုင်းလို့။ တင်ထားတဲ့ ပရိုပိုဆယ်ကို မနက်ကပဲ ဖြေပြီးတစ်ထိုင်တည်း အောင်တယ်..နေ့ခင်းကျ အဲ့ထဲကဟာတွေကို ပြင်ခိုင်း ပြောင်းခိုင်းတယ်ဆိုတော့ ကိုယ်က ကော်မတီကြီးတစ်ခုလုံးကို ညာရမှာလားဆို ပြန်ပြီး ချေပတယ်။ အဲ့မှာ စကားများကြတယ်။
ယောက်ျားလေးဆိုရင်တော့ ညနေဘက် သွားသောက်ပြီပေ့ါ။ မိန်းကလေးဆိုတော့ ဘာလုပ်ရမှန်း မသိဘူး။ အဲမှာ ဘေးအခန်းက သူငယ်ချင်းကို နင် ဒူးရင်းသီးစားတာ ကောင်းလားလို့ မေးတော့ သူက ဒူးရင်းသီး ငါ အကြိုက်ဆုံးပဲ။ နင့်ကို ကျွေးတာ နင်က ဒူးရင်းသီး မစားဘူးဆိုလို့ တကယ်က အရမ်းကောင်းတာ ဟတဲ့။
ငါ ခု ဒူးရင်းသီးစားကြည့်ချင်တယ်...ငါတို့ ဒူးရင်းသီး သွားဝယ်ရအောင်ဆိုပြီး သွားစရာ ကားရှာတော့ မရဘူး။ အဲ့ဒီအချိန်က ကျောင်းပိတ်ထားတဲ့အချိန်။ ဘွဲ့လွန်နဲ့ ရုံးသမားတွေပဲ ကျောင်းထဲမှာကျန်။ အဆောင်မှာလည်း ကိုယ်တို့ ၂ ယောက်ပဲကျန်တာ။
သွားစရာ ကား ရှာမရတော့ သူငယ်ချင်းတစ်ယောက် သူ့မြို့ ပြန်သွားတော့ အပ်ထားခဲ့တဲ့ ဆိုင်ကယ်ပဲ ရှိတယ်။ သူငယ်ချင်းက ကိုယ့်ကို ချို...နင် ဆိုင်ကယ် ငါ့နောက်ကနေ စီးရဲလားတဲ့။ ကိုယ်ကလည်း စီးရဲတာပေ့ါ။ သူက ငါ ဆိုင်ကယ် မောင်းမှာကိုရော နင် ယုံလားတဲ့။ ယုံတယ်ဟာ သွားမယ်ဆို ဆိုင်ကယ်ကိုကြည့်တော့ ဦးထုပ်က တစ်လုံးတည်း။
သွားမယ်ဟာ..ဘာဖြစ်ဖြစ် ဆို သူငယ်ချင်းက ဆိုင်ကယ်မောင်းသူမို့ သူပဲ ဦးထုပ်ဆောင်းပြီး သွားကြတာ.. ညနေ ၄ နာရီခွဲလောက် ရှိပြီ။ ကျောင်းထိပ် လုံခြုံရေးဂိတ်မှာ လုံခြုံရေးတွေက တားပါလေရော..ကိုယ်ကမှ ဦးထုပ် မဆောင်းထားတာ။ ကိုယ်က ဆိုင်ကယ်ပေါ်က ဆင်းပြီး သူတို့ဆီ လျှောက်သွားတယ်။ သူငယ်ချင်းကတော့ ကြောက်လို့ လှမ်းလှမ်းမှာ ဆိုင်ကယ် သွားရပ်စောင့်နေတယ်။ ဘယ်သွားမလို့လဲ။ ဦးထုပ် မဆောင်းဘူးလား မေးရော။ ကိုယ်က ဦးထုပ်က တစ်ခုပဲရှိလို့၊ ခင်ဗျားတို့ ဆိုင်ကယ် ဦးထုပ် ငှားပါလားဆို ငှားတာ..သူတို့ ကျောင်းထဲ လုံခြုံရေး ကင်းလှည့်တဲ့ ဆိုင်ကယ်တွေ ရပ်ထားကို ကိုယ်က မျက်စိကျပြီး ဦးထုပ်ငှားတာ။ ငါ ခု ပဲ ကင်းလှည့်တော့မှာ ဆိုပြီး ဦးထုပ်ကို သူတို့ကလည်း မငှားဘူး။  ကိုယ်ကလည်း အဆောင်မှာ စားစရာ မရှိတော့ဘူး။ ကင်တင်းတွေကလည်း ပိတ်တယ်။ ဟင်းရွက်သွားဝယ်မလို့။ ၅ မိနစ်ပဲ ဆိုတော့ လုံခြုံရေးတွေက မကြာစေနဲ့ .မြန်မြန်ပြန်လာတဲ့။
ကိုယ်တို့လည်း လွတ်ပြီ ဆိုပြီး သွားကြတာ တကယ်သွားတာက ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် မောင်းရတဲ့ ဘရူနိုင်းနဲ့ မလေးရှား အဝေးပြေးလမ်းပေါ်က ဈေးဆီကို။ လမ်းတစ်လမ်းလုံး ကားတွေက ကိုယ့်ကိုပဲ ကြည့် ကြည့်သွားတယ်။ ဆိုင်ကယ်စီး ဦးထုပ်မှ မပါဘဲ။ ကိုယ်က သူငယ်ချင်းကို ငါ လှလို့ လူတွေကြည့်ကုန်ကြပြီလို့ အော်ပြောတာ။ အဲဒီ ဈေးမရောက်ခင် မီးပွိုင့်မှာ စီစီတီဗွီရှိတယ်။ အဲ့နားကျ ကိုယ်က သူငယ်ချင်းရဲ့ ကျောနဲ့ကပ်ပြီးပုနေရတယ်။ သူငယ်ချင်းက ဖြူဖြူ ပုပုသေးသေးလေး မိန်းကလေးဆန်ဆန်လေး..ကိုယ်က ရှည်ရှည်ကိုင်းကိုင်း တောင်မရောက် မြောက်မရောက် ရုပ်လေ။ ကိုယ့်အရပ်ရှည်ကြီးနဲ့ သူ့ကျောနောက်မှာ ပုဝပ်နေရတယ်။ ၂ ယောက်သား ရယ်ကြ ၊ ရင်လည်းတုန်တယ်။ အဖမ်းခံရမှာစိုးလို့။ ဈေးရောက်တော့ ဒူးရင်းသီး အကြီးကြီး ၃ လုံးဝယ်။ shopping bag ထဲ ထည့်ပြီး ဆိုင်ကယ်နောက်ကနေ လာလမ်းတိုင်း ပြန်ကြတာလေ။ ကျောင်းထဲ အဝင်မှာ ကိုယ့် ဌာနမှုးကားနဲ့တိုးပါလေရော။ မနက်တုန်းက ကိုယ့် presentation မှာ သူက chair လေ။ ကိုယ်တို့ ၂ ယောက်ဆိုင်ကယ်နဲ့တွေ့တော့ ဌာနမှုးက သေချာပြူးကြည့်တယ်။ မျက်နှာက ဇဝေဇဝါရုပ်နဲ့။ မနက်တုန်းက ကိုယ်က ဒူးတိစကပ်၊ ကုတ်အင်္ကျီနဲ့ ရှုးဖိနပ်နဲ့ formal အပြင်အဆင်နဲ့လေ။ ညနေတွေ့တော့ ဂျလေဘီရုပ်နဲ့ဆိုတော့ ဌာနမှုး မမှတ်မိဘူး။ ကျောင်းထဲမှာက အဲဒီအချိန် အဆောင်နေကိုယ်တို့ပဲ ရှိတာဆိုတော့ တခြားသူတွေလို့လည်း ထင်မှာ မဟုတ်ဘူး။
ကိုယ်တို့ကတော့ ရယ်လည်းရယ် ရင်လည်းတုန်ပဲ။ စည်းကမ်းဖောက်တဲ့သူတွေကိုး။ အဆောင်လည်း ပြန်ရောက်ရော ဧည့်ခန်းထဲမှာ စားပွဲပေါ် ဒူးရင်းသီးတွေ တင်ပြီး ခွဲစားကြတာ။ သူငယ်ချင်းက မေးတယ်...နင် ဘာလို့ ခုမှ ဒူးရင်းသီးစားချင်တာလဲတဲ့။ တကယ်က ငါ့ ခု စိတ်အခြေအနေက ယောက်ျားလေးဆို အရက်သောက်မှာလေ...ငါက ဘာလုပ်ရမှန်း မသိလို့ ဒူးရင်းသီး စားတာလို့ ဖြေလိုက်တယ်။ အဲဒီ သူငယ်ချင်းက ခုထိ best friend ပဲ။ သူ ပြောလေ့ရှိတဲ့စကားက  Cho..I never had a friend like you before. You are crazy, funny , smart and unpredictable တဲ့။
သူ အဲဒီအကြာင်း အမြဲပြောတယ်။ အဲ့တုန်းကသာ ငါတို့ အဖမ်းခံရရင် ကျောင်းမှာ နာမည်ကြီးမှာပဲတဲ့။ ၂ ယောက်လုံးက ဒီတိုင်းပြည်က မဟုတ်။ ၂ယောက်လုံး PhD တက်နေကြပြီး ကျောင်းမှာ စံပြထားတဲ့သူတွေက စည်းကမ်းဖောက် ၊  ကျောင်းဂိတ်က လုံခြုံရေးကို မလိမ့်တပတ် လိမ်ပြီး ဆိုင်ကယ် ဦးထုပ်မပါဘဲ ထွက်။
စိတ်ညစ်လို့ စိတ်ပေါက်ရာ လျှောက်လုပ်တာ ပျော်လည်းပျော်တယ်။

နောက်တစ်ခု Peer Pressure က ဟိုးအရင် ၆ နှစ် ၇ နှစ်လောက်တည်းက တွဲလာတဲ့ သူငယ်ချင်းတွေ အဖွဲ့ထဲမှာ တစ်ယောက်က ခု ဂြိုလ်ဖောက်နေတာ။ သစ္စာဖောက်တယ် ခေါ်မလား။ အားလုံးက သူ ကွယ်ရာမှာ ကိုယ်တွေကို ချောက်ချနေတာလည်း သိပေမယ့် သိကြောင်း မပြောကြဘဲ သူ့ကွယ်ရာမှာပဲ အချင်းချင်း သတိထား စကားပြောကြဖို့ သူ့ကို ဘာမှ အသိမပေးဖို့ စကားပြော ဆင်ခြင်ကြဖို့ သတိပေးကြတာ..တော်တော်ထိ သွားတဲ့ သူငယ်ချင်းကတောင် ဘာမှ မဖြစ်သလို နေတယ်။ ကိုယ်က အဲ့လိုမျိုးဆို သိပ်မေးချင်တာ။ အဲဒီ ဂြိုလ်ဖောက်နေတဲ့ သူငယ်ချင်းကို မေးချင်တာ..နင် ဘာလို့ ငါတို့ကိုအဲလိုတွေ ချောက်ချတာလဲ ဟင်..ငါတို့ အားလုံး နင်လုပ်တာတွေ သိတယ်လို့ ပြောချင်တာ။ တခြားသူငယ်ချင်းတွေက ဘာမှ မသိသလိုမျိုး အရင်တိုင်းနေနေကြတော့ ကိုယ်လည်း မမေးတော့ဘူး။ British သူငယ်ချင်းက ပိုပြီး သူငယ်ချင်းတွေကို ဖေးမ ဂရုစိုက်နေတယ်။ လုပ်တာ ချောက်ချတာက တခြားတစ်ယောက်၊ အဲဒီတစ်ယောက်ကြောင့် ဒုက္ခရောက်သွားတဲ့သူတွေကို အချင်းချင်းကို ဖေးမနေတာက တခြားတစ်ယောက်နဲ့။
အဲ့လိုနဲ့ ကိုယ်လည်း ကိုယ့်ရဲ့ ခပ်စွာစွာအကျင့်ကို ဖျောက်ပြီး ဂြိုလ်ဖောက်နေတဲ့ သူငယ်ချင်းကို တခြားသူငယ်ချင်းတွေ မသိချင်ယောင်ဆောင်ပြီး အရင်တိုင်း ပြောဆို ဆက်ဆံနေသလိုပဲ ပြောဆို ဆက်ဆံနေလိုက်တော့တယ်။ လူကြီးလူကောင်းဆန်ခြင်းအနုပညာပေါ့။ Peer Pressure နဲ့ ရလိုက်တာ။

                                                                                                                         ဟနစံ

No comments:

Post a Comment