တံခါးခေါက်သံနှင့်အတူ ကိုယ်တစ်ပိုင်း ဝင်လာကာ “ဆရာ...ဆရာ့ကို အမျိုးသမီး တစ်ယောက် တွေ့ချင်လို့ တဲ့”ဟု ပြောသည့် တပည့်ကျော် သိန်းနိုင်အသံကြောင့် သူ ကြည့်လက်စငွေစာရင်းဖိုင်လ်မှ အကြည့်ကို သိန်းနိုင်ဆ ီပို့လိုက်သည်။ “ဘယ်သူတဲ့လဲကွ”
“ေဒၚမိမိစံ”
သူ အံ့အားသင့် သွားကာ “လွှတ်လိုက်ကွာ” ဟု ပြောကာ ခပ်လျှောလျှော မှီထိုင်ထားရာမှ ကိုယ်ကိုပြန်မတ်လိုက်ပြီး ဆံပင်တွေကို လက်ငါးချောင်းထိုးကာ သပ်တင် သပ်ရပ်အောင်လုပ်လိုက်သည်။
တံခါးခေါက်သံ ကြားတော့ သူက “ဝင်ခဲ့ပါ”ဟု ပြောလိုက်သည်။ပန်းနံ့တစ်မျိုးနှင့်အတူ အခန်းထဲကို ဝင်လာသော အမျိုးသမီးကို သူမြင်လိုက်တော့ အံ့အားသင့်သွားသည်။ အနက်ရောင် ရင်ဖုံးအင်္က ီျ လက်စက နှင့်အဝါခံပေါ်မှာ အနက်ရောင် အချိတ်ဖောက်ထားသော ရခိုင်ချိတ်ထမီ၊ နဖူးမှအပြောင်သိမ်းထားသော ဆံပင်ကိုနောက်ဘက်မှာ ဖားလျားချထားပြီး ဆံညှပ်ဖြင့်ဆံပင်သိမ်းသည့်နေရာမှာ ကံ့ကော်ပန်းတစ်ပွင့်ကို ပန်ထားသည့် အပြင်အဆင်မှာယနေ့ခေတ်တွင် တွေ့မြင်ရခဲသော အပြင်အဆင်ဖြစ်နေသည်။ သူ့စိတ်ကူးထဲမှမျှော်လင့်ထားသော မိမိစံ မှာ ခပ်ထန်ထန်မျက်နှာထားနှင့်ပါဝါမျက်မှန်ထူထူတပ်သော ဂွတီးဂွတ အပျိုကြီးရုပ်ရည်နှင့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။ ယခု သူတွေ့မြင်လိုက်ရသော မိမိစံမှာမျက်နှာက ပြုံးယောင်ယောင်နှင့် မျက်လုံးတွေက ပြံုးရယ်နေကာပျော့ပျောင်းသော မျက်နှာထား၊ မျက်ဝန်းတွေက ဂရုဏာသက်နေသည့်မျက်ဝန်းမျိုးတွေ။
“ကြၽန္မ မိမိစံပါရွင္”
သူ ရုတ်တရက် ပြန်သတိဝင်လာကာ “သြော်...ဟုတ်ကဲ့...ဟုတ်ကဲ့ ။ ထိုင်ပါခင်ဗျ”ဟု ကမန်းကတန်းဆိုလိုက်သည်။
အခါတိုင်းဆိုလျှင် လောကွတ်စကားတွေ ရွှန်းရွှန်းဝေ ပြောတတ်သောသူက ယခုတော့မူနှုတ်ဆွံ့ အနေလေသည်။
“ကျွန်မလည်း ဒီနေ့လယ်ကပဲ ရောက်ပါတယ်။ အိမ်မှာ ခဏနားပြီးတာနဲ့ ထွက်လာခဲ့တာ။ ကျွန်မစာမူပါတဲ့ စာအုပ်လေးတွေ လိုချင်လို့လေ”
သူမ ပြောမှပင် သူမကို ပေးရန်ရှိသည့် စာမူခများနှင့် သူမ စာမူပါသောစာအုပ်များကို မေတ္တာလက်ဆောင်ပေးရန်သတိရသည်။
“သြော်...ဟုတ်တယ်ဗျ။ ကျွန်တော် မမိမိစံရဲ့ စာမူခတွေကို စာရင်းနှင့်တကွသိမ်းထားပါတယ်။ ဒါနဲ့ နောက်ပိုင်း မမိမိစံ စာမူ မပို့တော့လို့ကျွန်တော်တို့က စိုးရိမ်နေတာ မမိမိစံ စာမူများနောက်ထပ် ကျွန်တော်တို့ဆီမပို့တော့ဘူးလားလို့”
သူမက တစ်ချက်ရယ်လိုက်ပြီး “ကျွန်မ ဒီကို ပြန်လာခါနီး အရမ်းအလုပ်တွေများတယ်လေ။ စာရေးတယ်ဆိုတာကလည်းခေါင်းရှင်းမှ။ ခေါင်းက ရှုပ်နေ အလုပ်တွေ များနေတော့ စာမရေးဖြစ်တာပါ။စိတ်မပူပါနဲ့ ..ကျွန်မ ဒီကိုရောက်တုန်း စာရေးဖြစ်မှာပါ”ဟုဆိုလေသည်။ရှေ့သွားနှစ်ချောင်းကြီးကြီးနှင့် ပြုံးရယ်စကားပြောသော သူမမှာယုန်မလေးနှင့်တူချေသည်။ အပြင်အဆင်က မဟာဆန်နေသလောက် ရှေ့သွား၂ချောင်းကြီးနေခြင်းက ကလေးပေါက်စနှင့်တူတော့ သူမကိုမြင်ရသည်မှာတစ်မျိုးထူးခြားနေသည်။ သူမ၏ အရှေ့မှာ သူက လူမှုဆက်ဆံရေး ညံ့ဖျင်းသူတစ်ဦး ရုတ်ချည်း ဖြစ်သွားခဲ့သည်။ စကားပြောတိုင်း အပြံုးနှင့်ပြောတတ်သောသူမက သူ့ကို ယခုမှ မြင်တွေ့သော်လည်း သိကျွမ်းဖူးနေသောမိတ်ဟောင်း၊ဆွေဟောင်းတွေကို ပြောဆိုနေသည့်နှယ်။သိန်းနိုင်က သူမအတွက် ကော်ဖီ တစ်ခွက် ယူလာပေးတော့ အားနာသလို အပြံုးနှင့် “ကျေးဇူးတင်ပါတယ်”ဟု သိန်းနိုင်ကို ပြောလိုက်သည်ကို တပည့်ကျော်သိန်းနိုင်မှာ တစ်ချက် ငေးသွားသည်ကို သူ စိတ်ထဲမှာ ကျိတ်ဆဲမိသည်။ခွေးကောင် သိန်းနိုင် ငမ်းလိုက်တာ လွန်ရော ဟု သူ့စိတ်ထဲမှ မြည်တွန်တောက်တီးမိသည်။အဲဒီညနေ ရုံးဆင်းခါနီးမှ သူ့ရုံးကိုရောက်လာသော မိမိစံနှင့် စာမူအကြောင်း၊ကမ္ဘာကြီးရာသီဥတုတွေ ဖောက်ပြန်နေတဲ့အကြောင်း၊ လက်ရှိ တိုင်းပြည်စီးပွားရေးအခြေအနေတွေအကြောင်း ပြောရင်း ရုံးမှာ သူ ၊ သိန်းနိုင်၊ မိမိစံနှင့်သတင်းဆောင်းပါးရေးသော သတင်းထောက် မာလာ သာကျန်တော့သည်။
“ပြန်ခွင့်ပြုပါဦးရှင် ...စကားတွေ နားထောင်ရတာ သိပ် အားရှိပါတယ်...ဗဟုသုတတွေ အတော်လေးရသွားတယ်နောက်များမှ တွေ့ကြတာပေ့ါရှင်”
အပြုံးဖြင့်ဆိုကာ သူမက မဂ္ဂဇင်းစာအုပ်များကို ပွေ့ပိုက်ရင်း ထိုင်ရာမှထသည်။ကုလားထိုင်ကို ဆွဲထုတ်လိုက်သည်မှာ အသံမမြည်ဘဲ ညင်သာနေသလိုဖျတ်လတ်မြန်ဆန်လှသည်။ သွက်သော်လည်း မကလက်၊ မြန်ဆန်သော်လည်း မကြမ်းတမ်းဘဲ သိမ်မွေ့သော ဟန်အမူအရာမှာ နှစ်ပေါင်းများစွာ အဘွား၊ အမေတို့ကဆိုဆုံးမထားပုံရသည်။လှည့်အထွက်မှာ ခါးကျော်ကာတင်ပါးထိနေသော ဆံပင်ရှည်တွေက ၀ဲသွားသည်။ခေါက်လိပ်ထားသော ရှုခင်း ပန်းချီကားတစ်ချပ်ကို ဖြန့်လိုက်သည့်နှယ်ခံစားလိုက်ရသည်။*
“လှတာတော့ မဟုတ်ဘူး..လှတယ်လို့ ပြောလို့မရဘဲ တစ်မျိုးပဲ”ဟု မှတ်ချက်ချသော သိန်းနိုင်ကို သူက “ခွေးကောင် ခေါ်တော မျက်လုံးနဲ့ငါမပြောချင်လို့”ဟု သူ ဟောက်လိုက်မိသည်။
ထို့နောက်တွင်တော့ သူနှင့် မိမိစံ ပိုလို့ နီးကပ်လာခဲ့သည်။နိုင်ငံရပ်ခြားမှာနေစဉ်က စာမူများကို အီးမေးလ်ဖြင့်ပို့သော်လည်း ယခုမူသူမ ကိုယ်တိုင် လာရောက်ပို့ချေသည်။ စာစီစာရိုက်လုပ်သော ကောင်လေးကတော့စာတွေကိုအီးမေးလ်မှ ကူးယူ အချိန်ကုန်သက်သာ ၊လူပန်းသက်သာခြင်းမရှိ၊ အဆင်ပြေခြင်းမရှိတော့ဘဲ စာရိုက်ရသောကြောင့်မနှစ်သက်လှသော်လည်း သူကတော့ သူ့ရုံးကို မိမိစံ မကြာခဏ လာရောက်စာမူပို့ခြင်းကို နှစ်သက်နေမိသည်။စာအုပ်တွေ အကြောင်း ပြောကြရင်း၊ ကော်ဖီဆိုင် အတူထိုင်ကြရင်း သူမစိတ်ဝင်စားသည့် ဖီလိုဆိုဖီ ကိုသူက အာဘောင်အာရင်းသန်သန် ပြောပြတတ်လေသည်။သူ့ကို အထင်ကြီးသည့် အကြည့်များကို မိမိစံ မျက်ဝန်းမှာ တွေ့ရတော့သူ့စိတ်ထဲ ကျေနပ်မိလေသည်။ဒီအမျိုးသမီး အထင်ကြီးတဲ့ ယောကျ်ား ရှိမှ ရှိရဲ့ လားဟု သူမ၏ ဆောင်းပါးစာမူများကို ဖတ်ခဲ့စဉ် ဟိုယခင်က သံသယစိတ်သည် ယခုတော့မူ သူ့ကိုယ်သူအထင်ကြီးမိသော စိတ်အဖြစ် ပြောင်းလဲချေပြီ။
မြင်တွေ့လိုက်ရတိုင်း ရင်ဖုံး အင်္ကျီ လက်စက၊ အချိတ်ထမီ (သို့မဟုတ်)ကချင်ချည်ချောထမီ၊ အညာချည်ထမီတို့နှင့်စည်းနှောင်ထားတတ်၊ကျစ်ဆံမြီးကျစ်ထားတတ်သော ဆံပင်မှာ မွှေးသော ပန်းတစ်ပွင့် အမြဲပန်တတ်သောသူမ သည်နိုင်ငံရပ်ခြားတွင် နှစ်ရှည်နေထိုင်ခဲ့သည်ဆိုသည်မှာယုံမှားစရာပင်။
ရုံးမှ ကောင်လေးများက မိမိစံ လာလျှင် သူ့ကို ပြုံးစိစိဖြင့်ကြည့်တတ်ကြပြီ။ ရုံးအနားက ကော်ဖီဆိုင်ကို သူနှင့် မိမိစံ အတူထွက်တိုင်းသူတို့ ကွယ်ရာမှာ တီးတိုး ပြောကျန်ခဲ့သော ရုံးမှ ဝန်ထမ်းကောင်မလေးတွေမျက်လုံးတွေကို သူ ကျေနပ်နေခဲ့သည်။
“အတော်ဟုတ်နေပါလား”ဟုဆိုသော မန်နေဂျာ ဘွားတော်ကြီးကို သူက “အောင်ထက်ကျော် ပဲဗျာ။ အောင်လည်းအောင်မြင်၊ ထက်လည်းထက်၊ ကျော်လည်းကျော်ရမှာပေ့ါ”ဟု ခပ်ကြွားကြွားပြောမိသေးသည်။
လက်ရှိအာကာသ ယာဉ်မှုးများအကြောင်း၊ရာဇဝင်သမိုင်း၊ စိတ်ပညာ၊အတွေးအခေါ်၊လက်ရှိ ရာသီဥတု မိုးလေဝသများအကြောင်းစသည့် ယောကျ်ားလေးတို့စိတ်ဝင်စားတတ်သော အကြောင်းအရာများကို စိတ်ဝင်စားတတ်သော သူမကိုစကားပြောရသည်မှာ အဆင်ပြေလှသည်။
“အိုကေမှာပါ ...ငါကွ”ဟု အထင်ရောက်ပြီးနောက် သူမကို ရည်းစားစကားပြောဖို့ဆုံးဖြတ်ခဲ့သည်။
“မိမိစံကို ချစ်တယ်...မိမိစံ လက်ခံမယ်ဆိုရင် တစ်နေ့မှာ မိမိစံကို လက်ထပ်ပါရစေ”
ဟု သူဆိုတော့ အံ့အားသင့်ဟန် မပြဘဲ သူမက တည်ငြိမ်နေလေသည်။ ဘယ်အရာကိုမှအလွန်အမင်း စိတ်လှုပ်ရှားဟန် မပြတတ်သော သူမကို အကဲခတ်ရန်က မလွယ်ကူလှ။
“ကျွန်မတို့ အရွယ်တွေက စိတ်ကူးယဉ်ပြီး အပျော်ရည်းစားထားရမယ့် အရွယ်တွေမှမဟုတ်တော့တာပဲ ကိုအောင်ထက်ကျော်ရယ် ... ဒီအချိန် ဒီအရွယ်ဟာ အိမ်ထောင်ပြုသင့်ပြီဆိုတာ ကျွန်မတို့ သိနားလည်ထားတာပဲ ...ဘဝခရီးကို အတူလက်တွဲလျှောက်ဖို့က တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိဖို့က အရေးကြီးဆုံးပါပဲ”
အခါတိုင်းဆိုလျှင် တည့်တည့်ပြောတတ်သော သူမက ကွေ့ဝိုက်ပြောနေပြန်သည်။
“ကျွန်တော် နားမရှင်းဘူးဗျ။ ကျွန်တော့်ကို မိမိစံ လက်ခံသလား ... လက်မခံဘူးလားဆိုတာ သိချင်တယ်”
သူမ၏ ရှက်ပြုံးကို မြင်ရပြီးနောက် “ကိုအောင်ထက်ကျော် တကယ်ဆိုရင် အိမ်ကိုပဲ လာပြီး မိဘတွေကို လာပြောပါ” ဟုဆိုလေသည်။
“မဟုတ်ဘူးလေ ..အဲလိုလည်း ကျွန်တော် လူကြီးတွေဆီ လာရောက်ကြောင်းလမ်းမှာပါ... ကျွန်တော် သိချင်တာက ကျွန်တော့်ကို မိမိစံ ချစ်လား မချစ်လား ဆိုတာကို”
သူမက ပြုံးရယ်ပြီး “ကလေးဆန်လိုက်တာ” ဟုဆိုလေသည်။
“မရဘူးဗျ...ကျွန်တော်က အချစ်ဆိုတာကို ကိုးကွယ်တယ်...ကျွန်တော့် နှလုံးသားက၁၀တန်းကျောင်းသားလောက်ပဲ ရှိသေးတယ်”ဟု ဆိုသော သူ့စကားကို သဘောကျကာ ရယ်မောလေသည်။
“ပြောလေဗျာ...ကျွန်တော့်ကို ချစ်လား မချစ်ဘူးလား”
“သြော်...ခက်နေပါပြီ။ ကျွန်မ ဘဝ တလျှောက်မှာ သွေးသားမတော်စပ်တဲ့ ဘယ်လူစိမ်း ယောကျ်ားတစ်ဦးနဲ့ အပြင်ကို အတူထွက်သလဲ...လမ်းအတူသွားသလဲ ဆိုတာ စုံစမ်းကြည့်ရင် ကိုအောင်ထက်ကျော် သိမှာပါ။ ဘယ်သူမှ မရတဲ့ အခွင့်အရေး ကိုအောင်ထက်ကျော် ရထားတာပါ”
ဟာ...သူမ၏ စကားကြောင့် လှိုက်ကနဲ ရင်ခုန်မိကာ “ဒါဆိုရင် ချစ်တယ် ပေ့ါ ...ပြောဗျာ...ချစ်တယ်လို့ ကျွန်တော့်နားနဲ့ ကြားရမှ ယုံမှာ”ဟု သူစိတ်လောစွာ ဆိုမိလေသည်။
သူမက ခေါင်းငုံ့ကာ ရှက်ပြုံးဖြင့် “ကျွန်မ ကိုအောင်ထက်ကျော်ကို ချစ်ပါတယ်”ဟုဆိုလေသည်။
ထိုနေ့က သူ အပျော်ဆုံးဖြစ်မည်။သူက မောင်စိန်ဝင်း (ပုတီးကုန်း) စာထဲကလို သူ့ကို မောင်ဟု ခေါ်စေပြီး သူမကို သူမ ကျွန်မဟု သုံးနှုန်းစေသည်။
အရင့်အရင် ၃ ခါလောက် ကွဲခဲ့ဖူးသော သူ့ အသည်းသည်လည်း မိမိစံနှင့်က အကောင်းပကတိ ပြန်ဖြစ်လို့နေချေပြီ။
“မိ... မောင်ပြောစရာရှိတယ်” ဟု ဆိုတော့ သူမက “ဘာလဲ ဟင်... မောင်”ဟု မျက်လုံးဝိုင်းနှင့်မေးသည်။
“မိ လုံးချင်းရေးပါလား”သူမက ဟက်ဟက်ပက်ပက် ရယ်လေသည်။ “ကျွန်မမှ မရေးတတ်တာပဲ မောင်ရဲ့”
“အာ..မိကလည်း မိ ခုဆောင်းပါးတွေ၊ အက်ဆေးတွေရေးနေတာပဲ .. မိ ရေးတတ်ပါတယ်..မိက လုံးချင်းရေးမယ်ဆို ရေးနိုင်မှာပဲ”
“မဖြစ်ပါဘူး...မောင်ရယ် ...ကျွန်မမှ အချစ်အကြောင်းတွေ မရေးတာ”ဟု ရယ်ဟဟ ဆိုပြန်သည်။
“မဟုတ်ဘူးလေ ...မိ...မိရေးမယ်ဆိုရင် မောင်က မိ စာအုပ်တွေကို ထုတ်ဖို့ အကုန် တာဝန်ယူတယ်..ရေးပါကွာ...မိ လုပ်ရင် ဖြစ်မှာပါ”
“ကဲ...မောင်ရေ...မောင် မသိတာကျလို့ အနုပညာဆိုတာ ရင်ထဲကနေ ဖြစ်တာရှင့်...ရင်ထဲကနေ မလာဘဲနဲ့ ဘယ်လိုလုပ်ရေးမလဲ...တော်ကြာ ကျွန်မက စိတ်ကူးရရင်ရေးလိုက် ၊ စိတ်ကူးမရရင် မရေးလိုက်နဲ့ ထုတ်ဝေသူ အယ်ဒီတာကြီးတော့ မွဲဆေးဖော်တော့မယ် ထင်တယ်”
သူမ အပြောကို သူလက်မခံနိုင်စွာ “မဟုတ်ဘူး...မိ...မိရေးနိုင်မှာပါ...မောင့်မှာ အစီအစဉ်ရှိတယ်”ဟု ပြောလိုက်သည်။
“ပြောပါဦး...မောင်”
“ဒီလိုကွာ...မိ စာအုပ်တွေကို တစ်လ တစ်အုပ်မှန်မှန်ထုတ်မယ်..ဒါဆိုရင် မိ ဘက်စ်ဆဲလားပဲ”
သူ့စကားကို တကယ့်ဟာသတစ်ခုနှယ် သူမ ရယ်မောပါလေသည်။
“အမလေး...မောင်ရယ်ကျွန်မက ဘယ်လိုလုပ် တစ်လ တစ်အုပ်နှုန်း ရေးနိုင်မှာတဲ့လဲ ...မောင်လည်း မသိတာ မဟုတ်ဘူး ...မောင်လည်း ဒီအလုပ်လုပ်တာပဲ.. အနုပညာဆိုတာ စက်ရုံထွက် မဟုတ်ဘူး ရှင်ရေ...ရင်ထဲကနေ လာမှ ရမှာ...ဘာလဲ ...ဒါဆို ကျွန်မက တစ်လကို တစ်ယောက် ရည်းစားထားမယ်လေ..ဒါဆိုခံစားချက်တွေ အသစ် အသစ်တွေနဲ့ လုံးချင်းတွေ တစ်လ တစ်အုပ်ထွက်လာမှာ”
ရွှတ်နောက်နောက်ပြောသည့် သူမ ခေါင်းလေးကို မနာအောင် ထုပြီး “မဟုတ်ဘူး မိရဲ့ ...မောင်ပြောတာ နားထောင်ဦး… မိစာအုပ်တွေကို တစ်လ တစ်အုပ်ထုတ်မယ် ...ဒါပေမယ့် မိ က တစ်လ တစ်အုပ်ရေးစရာ မလိုဘူးလေ...မိနာမည်နဲ့ စာအုပ်တွေ ထွက်နေမယ်။ မိကိုယ်တိုင်လည်း စျာန်ဝင်တဲ့အခါရေး ..အဲလိုမျိုးပေ့ါ”
သူ့စကားကို နားမလည်သလို သူမ ဇဝေဇဝါမျက်နှာဖြင့် ကြည့်သည်။
“ဘယ်လို ...မောင်။ ကျွန်မက မရေးဘဲစာအုပ်တွေ ထွက်နေမယ် ဟုတ်လား...ဒါဆို ဘယ်လိုလုပ်...”
သူမ စကားမဆုံးခင် သူ ဖြတ်ပြောလိုက်သည်။ “ဒီလိုလေ...မိရဲ့ ...မောင့်မှာ အဲလို ရေးပေးမယ့် သူတွေ ရှိတယ် ...သူတို့ရေးပေးပြီးတော့ သူတို့ကို ရေးခ ပေးလိုက်ရုံပဲ။ ဝယ်လိုက်တာပေ့ါကွာ။ ပြီးရင် မိ နာမည်နဲ့ စာအုပ်တွေ ထွက်မှာလေ”
သူမ မျက်နှာရုတ်ချည်းပြောင်းလဲ သွားလေသည်။အံ့အားသင့်ခြင်း အတိုင်းသားပေါ်လွင်နေသည့် သူမ၏ မျက်လုံးတွေမှာ မျက်ရည်တွေရစ်ဝိုင်းလာပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်။
သူမ၏ နှုတ်ခမ်းလေး တဆတ်ဆတ်တုန်နေတာကို မြင်ရတော့ သူမ တကယ့်ကိုပင်စိတ်လှုပ်ရှားနေမှန်း သိသာလွန်းလှသည်။
“ပြောရက်လိုက်တာ ကိုအောင်ထက်ကျော်ရယ်။ ကျွန်မ ရှင့်ကို အထင်ကြီးမိခဲ့တာတွေ အလကားပဲ။ ရှင်ဟာ အင်မတန်တော်တဲ့ ထုတ်ဝေသူ အယ်ဒီတာတစ်ယောက်ဆိုပြီး ကျွန်မအထင်ကြီးခဲ့မိတာ၊ လေးစားမိခဲ့တာတွေ အလကားပဲ။ ဒီမှာ ...ကိုအောင်ထက်ကျော်... ကျွန်မရဲ့ စာဖတ်ပရိသတ်ကို ဘယ်တော့မှ ကျွန်မ မညာဘူး။ ကျွန်မ မရေးဘဲနဲ့ ကျွန်မရေးပါတယ်လို့ နာမည်တပ်ပြီး စာဖတ်ပရိသတ်ကို ကျွန်မ မလှည့်ဖြားဘူး။ မစော်ကားဘူး။ အဲဒါ ရှင် နားလည်ထား။ ကျွန်မ ဘယ်တော့မှ ကျွန်မ စာဖတ်ပရိသတ်ကို မစော်ကားဘူး။ ကျွန်မ ကိုယ်တိုင် ရေးတာတွေကိုပဲ ပရိသတ်ရှေ့ ချပြမယ်။ ဘက်စ်ဆဲလား မဖြစ်တော့ရော ...ကျွန်မက ဘာကို မက်မောရမှာလဲ...ပြောပါဦး...ကျွန်မ စာရေးနေတာ ကျွန်မ အတွေးတွေ၊ ကျွန်မဆည်းပူးထားသမျှတွေကို စာဖတ်သူတွေကို ပြန်လည် မျှဝေ နေတာ။ ကျွန်မနာမည်ကြီးဖို့ ကျွန်မ ဘက်စ်ဆဲလား ဖြစ်ဖို့ မဟုတ်ဘူး။ ကျွန်မ ပရိသတ်ကို ကျွန်မ စော်ကားဖို့ မဟုတ်ဘူး ...ဒီမှာတင် ပြတ်ပါပြီ ကိုအောင်ထက်ကျော်။ ရှင်နဲ့ ကျွန်မ ဘဝခရီးလမ်းကို အတူ ဆက်လျှောက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကျွန်မ သိပ်ဝမ်းနည်းတယ်....ကျွန်မ သိပ်အထင်ကြီးထားမိတဲ့ ရှင့်ဆီကနေ ဒီစကားတွေ ကြားရတာ ကျွန်မ သိပ်ဝမ်းနည်းတယ်”
ဟုဆိုကာ သူ့ရှေ့မှ လှည့်ထွက်ကာ အပြေးတပိုင်း သူမ၏ ကားဆီကို ထွက်သွားကာ ကားမောင်းထွက်သွားတဲ့ သူမကို တားချိန်မရလိုက်။
“မိ...မိ”သည်းသည်းထန်ထန် ငိုနေသောကြောင့် သူလှမ်းအော်ခေါ်သော်လည်း သူမ ကြားမည်မထင်။
ဖုန်းဆက်လျှင် မကိုင်တော့ဘဲ သူ့ကိုရှောင်နေသောမိ၊ အိမ်သွားတွေ့သော်လည်း အတွေ့မခံဘဲ ထွက်မလာတော့ဘဲ မိကို သူ ဘယ်လိုမှပြန်ချော့လို့မရတော့။ မိ၏ မိဘတွေကို ပြောပြကာ ပြေလည်အောင် ညှိနှိုင်းဖို့ အကူအညီတောင်းမိသော်လည်း အချည်းနှီးသာ။
ပြတ်သားလိုက်တာ ...မိရယ်
လူကြီးဆန်ဆန်ပြောဆို နေထိုင်တတ်ပေမယ့် သူနှင့် နှစ်ယောက်တည်းဆိုလျှင် ကလေးလေးလို သူ့ရင်ခွင်မှာ ဆိုးတတ်သော မိကို သူ အချစ်ဆုံးဆိုတာ မိနှင့်ဝေးနေတဲ့ ရက်တွေမှ ပိုသိလာခဲ့သည်။မိရယ်...မောင့်ကို ညှာတာပါဦး
အီးမေးလ်တွေ သူမထံ ပို့သော်လည်း ဘာမှ မထူးခြားခဲ့။ သူမ တိတ်ဆိတ်နေမြဲပင်။ သူ့အလုပ်ထဲက ဝန်ထမ်းတွေတောင် သူ့ကို မေးငေါ့ စကားတင်း ဆိုနေကြပြီ။ မိ အိမ်ကိုနေ့စဉ် ဖုန်းဆက်တော့လည်း လူကြီးတွေကို စိတ်အနှောင့်အယှက်ပေးရာကျမည်စိုးသဖြင့် ဆင်ခြင်နေရသေးသည်။ စိတ်ညစ်ညစ်နဲ့ ညဘက်တွေမှာ အရက်သောက်တော့ မနက်ခင်း ရုံးအတက် နောက်ကျတတ်ပြန်သည်။
နံနက် ခင်း ရုံးကို အရောက်မှာ ရောက်နှင့်နေသော မာလာက “ဆရာ...မမိမိစံ ဒီမနက်တီဂျီလေယာဉ်နဲ့ နိုင်ငံခြား ပြန်ထွက်သွားပြီ...လေယာဉ်ကွင်းကနေ ဖုန်းဆက်ပြီး သမီးကို နှုတ်ဆက်တယ် ဆရာ”ဟုဆိုသော မာလာ့စကားမှာ သူ ခေါင်းက မိုက်ကနဲဖြစ်ကာ ချာချာလည်သွားမိသည်။
မိရယ်....မချိတင်ကဲ ရေရွတ်မိသော သူ့ရင်ထဲက ခေါ်သံတွေကိုတော့ မိတစ်ယောက် ကြားနိုင်တော့မည် မထင်။ မိနှင့် သူ တကယ်ကိုပင် ဝေးခဲ့ကြပြီပဲ။
* အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ (ဝင်းဝင်းလတ်)
ဟနစံ
No comments:
Post a Comment