~~~ ဝါဆိုပန်း ပွင့်ဝေ ပုန်းညက်နွမ်း ရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ…~~~
လသာနေတာနဲ့ အိမ်နောက်က အုတ်ကန်ဘောင်ပေါ်မှာ ထိုင်ပြီး ဂီတာ တီးကာ သံစဉ်တွေလျှောက်စမ်း ၊ ပါးစပ်ထဲ ရောက်ရာ သီချင်း အော်ဆိုမိ တော့ ခိုင်ထူးရဲ့ ခတ္တာ သီချင်းဖြစ်နေသည်။ ပြုံးစိစိ ဖြစ်မိပြီး တစ်ဘက်ခြံက မမပုန်းညက်ဝေ ၏ အိပ်ခန်းရှိရာ အပေါ်ထပ် ကို လှမ်းကြည့်မိတော့ မမရ ဲ့ အခန်းက မီးမှောင်နေပြီ။ တော်သေးတာပေါ့…မမ မကြားလို့…ကြားရင် အရင်ကလိုပဲ ထမီလေး စွန်တောင်စွဲကာ တမင် လုပ်ယူထားတဲ့ စိတ်တိုတဲ့ ဟန်လေးနဲ့
“ပုန်းညက် မနွမ်းဘူးဟေ့..ပုန်းညက် မကြွေဘူးဟေ့…ပုန်းညက် အလန်းကြီး အလတ်ကြီး ရှိသေးတယ်”
ဟု နှုတ်ခမ်းစူကာ ပြောပြီး သူ့ခေါင်းကို မနာအောင် ခေါက်ပေဦးတော့မည်။ မမပုန်းညက်ဝေကို သူ့အစ်မအရင်းဟုပင် မသိတဲ့သူတွေက ထင်ကြသည်။ သူ ၇ နှစ်သားအရွယ်မှာ ဒီ အိမ်ကို စ ပြောင်းလာကတည်းက ဘေးခြံမှ
မမ စံပယ်မေ နဲ့ မမ ပုန်းညက်ဝေ တို့ ညီအစ်မ နှစ်ဦးက မောင်နှမ သားချင်း မရှိတဲ့ သူ့အတွက် အစ်မများ ဖြစ်ခဲ့ကြသည်။ အဲဒီတုန်းက အသက်၁၆ နှစ် အရွယ် မမစံပယ်မေက ဘာသိဘာသာ အေးဆေးစွာ နေတတ်ပေမယ့် အသက် ၁၄ နှစ်အရွယ် မမပုန်းညက်ဝေကတော့ သူတို့ အိမ်ပြောင်းလာတာ တွေ့တာနဲ့ မမရဲ့ မိဘများနှင့်အတူ ဒီဘက်ခြံကို လိုက်ပါလာပြီး အိမ်နီးချင်း အသစ်များကို လာရောက် နှုတ်ဆက် စကားပြောကြသည်။ သူ့ကို မြင်တော့
“မောင်လေး နာမည် ဘယ်လိုခေါ်လဲ”
ဟု မေးတော့ သူက ရှက်ပြီး မေမေ့ ထမီစကို ဆွဲကာ မေမေ့နောက်မှာ ပုန်းနေလိုက်မိသေးသည်။
“လာပါ သားရဲ့ …မမ မေးတာ ဖြေလိုက်လေ”
ဟု မေမေက သူ့ကို ပြောတော့မှ
“ဝါဆိုမိုး”
ဟု သူ မပွင့်တပွင့် ပြန်ဖြေခဲ့သည်။ သူ ကျောင်း အသစ်ကို တက်ရတော့ မမပုန်းညက်ဝေတို့ ကျောင်းမှာပင် ဖြစ်သည်။ မမတွေနဲ့ အတူကျောင်းကို သွားခဲ့သည်။ မမတွေ အိမ်မှ ကားဖြင့်တစ်လှည့် ၊ သူတို့ အိမ်မှ ကားဖြင့် တစ်လှည့် ၊ ကြုံသလို ကျောင်းကို သွားကြပေမယ့် များသော အားဖြင့် မမတွေ အိမ်မှ ကားဖြင့်ပင် သွားဖြစ်ခဲ့သည်။ မမစံပယ်မေက ၁၀ တန်း ၊ မမ ပုန်းညက်ဝေက ၈ တန်း အတန်းကြီးတွေမို့ သူတို့ မူလတန်းကျောင်းဆောင်နဲ့ ဝေးသော်လည်း မမပုန်းညက်ဝေက ထမင်းစားဆင်းချိန် ၊ မုန့်စားဆင်းချိန်များ မှာ အမြဲပင် သူ ရှိရာ ၂ တန်း အခန်းထဲကို လာကာ သူ နှင့်အတူ ထမင်း လာစား ၊ မုန့် လာစားကာ သူ ထမင်း မစားချင်သည့် နေ့များမှာ သူ့ကို ထမင်းခွ့ံ့တတ်သည်။
“စားပါ…မောင်လေးရဲ့ …အန်တီဆွေ ချက်တဲ့ဟင်း …ကောင်းလိုက်တာ… အာလူးကတ်တလိပ်ကြော်… ကောင်းမှကောင်း…ရော့ ဒီမှာ ကြက်သားတစ်လှည့် ၊ အာလူး တစ်လှည့်”
ဟုဆိုကာ သူ့ကို စိတ်ရှည် လက်ရှည် ထမင်းခွံ့တတ်သည့် ၊ မုန့်ကျွေးတတ် သည့် မမပုန်းညက်ဝေကို ငယ်စဉ်ကတည်းကပင် သူ့ သူငယ်ချင်းများက သူ့ အစ်မအရင်းဟု ပင် ထင်ခဲ့ကြသည်။ အိမ်မှာဆိုလည်း သူ့ကို စာကူကျက်ပေး၊ အိမ်စာတွေ ကူလုပ်ပေးသည့် မမပုန်းညက်ဝေကို မမစံပယ်မေထက် သူက ပိုခင်တွယ်ခဲ့လေသည်။ ကျောင်းပိတ်ရက်များတွင် ဟင်းချက်သင်နေသော မမပုန်းညက်ဝေ၏ လက်ရာများကို ဒိုင်ခံစားသူမှာ သူ ဖြစ်ခဲ့လေသည်။ သူ့ အတွက် စက္ကူရုပ်လေးများ ချိုးပေးတတ်သည့်၊ မြရာပင်မှ အရွက်နုများကို ခူးကာ ဘောင်းကနဲ မြည်အောင် အတူဖောက်ဆော့ပေးတတ်သည့်၊ မြရာသီးများနှင့် ဘောင်ဘောင်ဖောက် ဆော့ကာ သေနတ်ပစ်တမ်း အတူဆော့ပေးတတ်သည့် မမ ပုန်းညက်ဝေ ဘယ်ကိုသွားသွား ၊ သူက အဖော် အဖြစ်လိုက်ပါ ခဲ့သည်။ နွေကျောင်းပိတ်ရက်များတွင် သူက အမြဲပင် မမပုန်းညက်ဝေတို့ အိမ်မှာ ရှိနေခဲ့သည်။ ထမင်းစားလည်း မမတို့
အိမ်မှာပင် ။ ဘဘကြီးနဲ့ ကြီးကြီးမေ ကလည်း သူ့ကို ချစ်ကြသည်မို့ သူကတော့ အိမ်မှာလည်း ဗိုလ်၊ မမတို့အိမ်မှာလည်း ဗိုလ်ပင် ဖြစ်သည်။
ညနေဘက်များတွင် စာအုပ်အငှားဆိုင်မှာ စာအုပ်သွားငှားသည့် မမပုန်းညက်ဝေကို သူက အဖော်လိုက်ပေးခဲ့ရသည်။ မမက မဂ္ဂဇင်း စာအုပ်များ သွားငှားတတ်သည်။ သူက မမနှင့်အဖော်လိုက်ရင်း သူဖတ်ချင်သည့် ကာတွန်းစာအုပ်များကို ငှားတတ်သည်။
“ေယာက္ဖ”
သူနဲ့ မမပုန်းညက်ဝေ တို့အတူ လမ်းလျှောက်လာတိုင်း မမနဲ့ ရွယ်တူ ကောင်လေးများက အဲဒီလို မကြားတကြား ခေါ်တတ်သည်ကို အစက သူ နားမလည်ခဲ့။
“မမ …အဲဒါ ဘာပြောတာလဲ”
ဟု မမကိုမေးမိတော့ မမ မျက်နှာလေးရဲကာ
“မသိဘူး”
ဟုပြောခဲ့လေသည်။
“မေမေ …ယောက်ဖ ဆိုတာ ဘာလဲ …မမနဲ့ အတူတူ သွားတိုင်း ခဏခဏ အဲလို ပြောခံရတယ်။ ကျောင်းမှာလည်း မမတို့ အတန်းက လူတွေ သားကို အဲလို ခေါ်တယ်”
ဟု မေမေ့ကို မေးကြည့်မိတော့မှ
“သားက မမရဲ့ မောင်လေးလေ…အဲဒီတော့ တစ်နေ့ကျရင် မမနဲ့ ယူတဲ့သူက သားကို ယောက်ဖ တော်ရမှာပေ့ါ…သားနဲ့ ဆို ယောက်ဖ ပေ့ါ”
ဟု မေမေရှင်းပြသည့် အချိန်မှ စ၍ သူ့ကို ယောက်ဖ ဟုခေါ်သည့်သူတွေကို လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံကြိတ်ကာ မိုက်ကြည့် ပြန်ကြည့် တတ်ခဲ့သည်။
မမစံပယ်မေ ၁၀ တန်းအောင်ပြီးသွားတော့ သူနှင့် မမပုန်းညက်ဝေသာ ကျောင်းကို တူတူ သွားရတော့သည်။ မမ ပုန်းညက်ဝေက ကျောင်းစာတွေ အရေးကြီးလာလို့ စာတွေ ကျက်နေရသည်ဟု ဆိုကာ ဟိုအရင်ကလို စာအုပ်အငှားဆိုင်ကို မသွားကြတော့သော်လည်း သူ့ကို မုန့်တစ်ခုခု ကျွေးချင်ပြီ ဆိုလျှင် ဝါဆိုရေ ဟု အော်ခေါ်တတ်ကာ သူကလည်း မမ အသံကြားသည်နှင့် မမတို့ ခြံဘက် အပြေးရောက်ခဲ့သည်ပဲ။ ဆေးကျောင်းတက်နေသည်ဆိုသည့် မမစံပယ်မေကတော့ သူ့ကို ချစ်သော်လည်းပဲ မမပုန်းညက်ဝေလို သူ့ အပေါ် အနွံအတာ မခံတတ်။ မမပုန်းညက်ဝေလို သူ့ကို စကားတွေ မပြောတတ်။ အမြဲပင် ပြုံးနေတတ်သော မျက်နှာအေးအေးလေးနှင့် မမစံပယ်မေ ထက် သွက်သွက်လက်လက်နှင့် သူ့ကို အရေးအရာယူ စကားတွေ ပြောတတ်သည့် မမပုန်းညက်ဝေကိုပဲ သူ့ မမ လို့ သူ ထင်ခဲ့သည်။
“ယောက်ဖ …မင်း အစ်မကို ဒီ စာ ပေး ပေးပါ”
ဟု ဆိုကာ စာအိတ်အပြာရောင်လေးများ ကို သူ့ လက်ထဲ လာထည့်သော ပြုံးစိစိမျက်နှာတွေနဲ့ မမတို့ အတန်းမှ လူများကို သူ့ အရပ်မမီ မကမ်းနဲ့ ဆွဲထိုး ခဲ့သဖြင့် ဆရာမ ဆူတာ ခံရသည်။ မမကလည်း ဆူသည်။
“လူကလေးကဖြင့် ပိစိလေးနဲ့ …သူနဲ့ မတန်မရာ အရွယ်နဲ့ လူကြီးတွေနဲ့ ရန်ဖြစ်သတဲ့ …မပြောလိုက်ချင်ဘူး”
“သူတို့က သားကို ဘာလို့ ယောက်ဖ လို့ခေါ်သေးတုန်းဗျ”
မမ ဆူတော့ သူ တစ်ခွန်းမှကို မခံခဲ့။ မမက နောက်ဆို ရန်မဖြစ်ရဘူး မှာထားသော်လည်း မမကြောင့် သူ ရန်ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း အများကြီးပဲ ဆိုတာကို သူ့ အိမ်ကိုရော ၊ မမကိုရော အသိမပေးခဲ့။ ကျောင်းပိတ်ရက်မှာ မေမေနဲ့ စျေးလိုက်သွားတော့ စျေးထဲမှာ ပုန်းညက်ပင် တစ်တောင်လောက် သာသာ အရွယ်တွေကို ပလပ်စတစ်အိတ် မြေကြီးထုပ်ဖြင့် ရောင်းနေတာ တွေ့သည်။ မေမေက
“အဲဒါ ပုန်းညက်ပင်ပေ့ါ”
လို့ ပြောတော့ သူက
“ဒါဆို မမ ပန်းတွေပွင့်မှာလား မေမေ”
ဟု သူ ပြန်မေးခဲ့သည်။ မေမေ ရယ်ခဲ့တာကို သူ မှတ်မိသည်။ သူက ပုန်းညက်ပင် စိုက်ချင်သည်ဆိုတော့ မေမေက သူ့ အတွက် တစ်ပင် ဝယ် ပေးခဲ့သည်။ အိမ်ပြန်ရောက်တော့ မမတို့ခြံနှင့် သူတို့ခြံ ကြားထောင့် ခြံစည်းရိုးနှင့်ကပ်ကာ ပုန်းညက်ပင်လေးကို သူစိုက်ခဲ့သည်။ သူကိုယ်တိုင် တူရွင်းဖြင့် မြေကြီးတူးပြီး စိုက်သော ပုန်းညက်ပင်လေးကို ရေမှန်မှန်လောင်းကာ သူ ပြုစုခဲ့သည်။ မမ ကို
“ဒါ မမ အပင်ပေ့ါ …မမပန်းတွေ ပွင့်မှာ…”
ဟုပြောတော့ မမက သူ့ခေါင်းလေးကို အုပ်ကိုင်ကာ
“မောင်လေးက ပန်းပင်လည်း စိုက်တတ်သားပဲ”
ဟု ဆိုသည်။
မမ ၁၀တန်း အောင်သွားပြီးတော့ ကျောင်းကို သူ တစ်ယောက်တည်း သွားရတော့သည်။ အရင်ကလို ယောက်ဖ ဟု ကျောင်းမှာ အခေါ် မခံရ တော့ချေ။ ဒါပေမယ့် မုန့်စားဆင်းချိန် ၊ ထမင်းစားဆင်းချိန်များတွင် မမ ရှိရင် ကောင်းမှာပဲ ဟုတွေးမိခဲ့လေသည်။ တက္ကသိုလ် တက်နေသော မမ က အရင်ကထက် ပိုလှလာသည်ဟု သူ တွေးမိခဲ့သေးသည်။
မမ အပင် ဟု သူ ဆိုသော ခြံထောင့်မှ ပုန်းညက်ပင်ကလည်း စိုက်ပြီး ၈ နှစ်ခန့်အကြာ မိုးတွေ သည်းသည့် ရာသီမှာ အပွင့်တွေ ဝေစည်အောင် စပွင့်သည်။ အိမ်ရှိဘုရားစင်မှ ပန်းအိုးများ၊ မမတို့ အိမ်က ဘုရားစင် ပန်းအိုးများတွင် သူ စိုက်ခဲ့သော မမပန်း အပွင့်တွေက ဝေဆာနေခဲ့သည်။
သူ ၁၀ တန်းရောက်သည့် နှစ်မှာပင် မမက မဟာဘွဲ့ ရရှိပြီး၍ တက္ကသိုလ်မှာ ဆရာမ အလုပ် လုပ်နေခဲ့သည်။ သူ့ ၁၀ တန်း ကျောင်းစာတွေကို မမက သူနှင့်အတူ စာကျက်ပေးခဲ့သည်။ မမစံပယ်မေကတော့ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ သွားခဲ့ချေပြီ။ ကိုယ်ခန္ဓာ သေးသေးသွယ်သွယ်လေးနှင့်
အရပ် ၅ ပေ ၃ လက်မ ရှိသော မမထက် သူက လူကောင်ကြီး ကြီးထွား နေပြီး မမထက် အရပ် ၆ လက်မ ပိုမြင့်နေသည်။ စာ မရလျှင် မမ က ခေါင်းခေါက် ၊ ဆံပင်ဆွဲနှင့် မမကို တစ်ခါတစ်ရံ သူ စိတ်တိုမိသည်။
သူ့ မှတ်စု စာအုပ်ကြားက ကဗျာအတိုအစလေးကို တွေ့တော့
“ဒါ…ဘာလဲ”
ဟု မမက မေးခဲ့သည်။
“ကဗျာ”
ဟု သူက တိုတိုပြတ်ပြတ် ပြန်ဖြေတော့
“အေးလေ…ကဗျာ …ဝါဆို မင်း…ရည်းစားထားနေပြီလား”
ဟုမေးတော့
“အာ …မထားရသေးပါဘူးဗျာ။ ခုမှ ထားမလို့ ကြံရွယ်နေတုန်း…”
ဟု အတန်းထဲမှ စုသဒ္ဓါ ကိုမျက်စိထဲမြင်လျက် သူ ပြန်ဖြေလိုက်သည်။
“ကောင်စုတ်လေး…လူကလေးကဖြင့် နို့နံ့တောင် မစင်သေးဘူး…ရည်းစားက ထားချင်နေပြီ… ၁၀ တန်း မအောင်ဘဲ ရည်းစားထားလို့ကတော့ ကျုပ်နဲ့ တွေ့ပြီ သာမှတ်… စာရအောင်ကျက် …စာမရရင် အခေါက်ခံရမယ်…”
သူ ၁၀ တန်းနှစ်က စာတွေ ရနေခဲ့တာ ၊ ၁၀တန်းအောင်တော့ ဂုဏ်ထူး
၄ ဘာသာပါခဲ့တာ မမ ကျေးဇူးတွေလည်း ပါသည်။ ၁၀ တန်းဖြေမယ့် သူ ထက်ပင် မမက ပိုလို့ စိတ်ပူနေကာ သူ စာမေးပွဲဖြေနေစဉ် မမက ကြက်ဥပူတင်း လုပ်ပေးလိုက်၊ မှော်ဘီဘက်က နွားနို့ စစ်စစ် ဟုဆိုကာ နွားနို့တွေ ကျိုတိုက်လိုက် ၊ ကြက်ဥပြုတ်ကျွေးလိုက်ဖြင့် သူကတော့ မမ ကျွေးသမျှ အကုန် စားလေသည်။
သူ ၁၀ တန်းအောင်ပြီးတော့ ကျောင်းမဖွင့်ခင်မှာ မမနဲ့ အရင်ကလို စာအုပ်ဆိုင်ကို အတူ သွားသော်လည်း အတူသွားတဲ့ အကြိမ်တွေ ကျဲခဲ့သည်။ မမနှင့်အတူ အပြင်မထွက်ချင်တော့ ။ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ရတာကို သူ ပိုခုံမင်လာခဲ့သည်။ ကောင်မလေးတွေကို ငေးမောဖို့က မမနှင့်အတူ အပြင်သွားရတာက မကောင်းလှ။ လက်ဘက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းဖြစ်သူ အောင်ကျော်က သူ့ကို
“ယောက်ဖ ..မမပုန်းညက် ငါ့ကိုပေး”
ဟုဆိုတော့ သူ ဒေါသတွေ ဆူဝေကာ
“ဘာ …ဟေ့ကောင်”
ဝုန်းကနဲ ထရပ်ကာ အောင်ကျော့် ရှပ်အကျင်္ ီ စကိုဆွဲကာ လက်သီးရွယ်ကာ ထိုးမည် ဆိုတော့ သူငယ်ချင်းတွေ ဝိုင်းဆွဲခဲ့ကြရသည်။
“မင်း မမမှာ ရည်းစားရှိနေမှာပါကွာ…ဒီအရွယ်ရောက်နေပြီ..ဒီအရွယ်မှ အမြီးမပေါက်ရင် ဘာမျောက်တုန်းကွ”
ဟု သူငယ်ချင်းအချို့ ရဲ့ မခံချင်အောင် စ တာတွေကို မမကို ပြန်မပြော ဖြစ်ခဲ့။ သူ သိသလောက် မမမှာ ယောကျ်ားလေး သူငယ်ချင်းပင် မရှိ သလောက်ပင်။ မမကို တစ်ခါမှ တစိမ်းယောကျ်ားတစ်ယောက်နှင့် တွဲ၍ မမြင်ဖူးခဲ့။ မိန်းကလေး သူငယ်ချင်းများဖြင့်သာ အပြင်သို့ ရံဖန် ရံခါ သွားလေ့ရှိပြီး အလုပ် မသွားလျှင် အိမ်မှာပင် မမ အနေများသည်။ မမကို အိမ်မှာပင် အိမ်အလုပ်လုပ်၊ အားတဲ့အချိန်တွေမှာ စာဖတ်နေတာပဲ မြင်ရဖူးသည်။
မမ အလုပ်က နယ်ကို ပြောင်းရမည်ဆိုတော့ မမ က အလုပ်ထွက်ပြီး ဝိုင်းကျုရှင် ၊ ဟုမ်းကျူရှင်များ လိုက်ပြ စာသင်ခဲ့လေသည်။ သူကတော့ နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်ရသဖြင့် အိမ်နှင့်ဝေးကွာလွန်းသော ကျောင်းသို့ နေ့စဉ် သွားတက်နေခဲ့ရသည်။ သူ သီချင်းဆိုမိရာမှ အတွေးတွေ နယ်ချဲ့ မိရင်း သတိရမိလို့ ကြည့်လိုက်တော့ အချိန်က ညည့်နက် သန်းခေါင် ကျော်နေချေပြီ။ အုတ်ရေကန်ဘောင်ပေါ်မှ ခုန်ဆင်းပြီး အိမ်ထဲဝင်၊ အိပ်ခန်း ထဲရောက်တော့ ခေါင်းအုံးပေါ်တွင် ထားခဲ့သော သူ့ မိုဘိုင်းလ်ဖုန်းမှာ မစ်စ်ကောလ် တွေ့သည်။
နှင်းသက်သက်ဖြူ
သူ့ ရဲ့ ချစ်သူလေး…။ စိတ်ကောက်ချေတော့မည်ဟု တွေးမိကာ ဖုန်းပြန် ခေါ်ပြီး စကားတွေ ပြောတာနဲ့ သူ အိပ်ရာဝင်ချိန် အတော် နောက်ကျ ခဲ့လေသည်။
……………………………………………………….
မနက် အိပ်ရာနိုးတော့ အတော်လေး နေမြင့်နေချေပြီ။ အိပ်ခန်းထဲမှ ထွက်တော့ ဝတ်ကောင်းစားလှ များဖြင့် လှနေသော မေမေနှင့်ဖေဖေကို တွေ့သည်။ ဒီနေ့ စနေနေ့ …အလှု တစ်ခုခု သွားမလို့လား ဟု သူ တွေးလိုက်မိသည်။
“သား…နိုးပြီလား…မေမေတို့ ဟိုဘက်ခြံ သွားလိုက်ဦးမယ်..ပုန်းညက်ကို ကောင်လေး မိဘတွေ လာကြောင်းလမ်းကြမှာ…မေမေတို့က ပုန်းညက်ဘက်က အဒေါ်တွေ ၊ ဦးလေးတွေ အဖြစ်နဲ့ သွားလိုက်ဦးမယ်”
မေမေ့စကားကို ကြားတော့ သူ အံ့အားသင့်သွားသည်။
“မမ ဒီတစ်သက် အပျိုကြီးလုပ်မယ် ထင်ထားတာ…ရည်းစား မရှိ ဘာမရှိနဲ့ ဘယ်လိုလုပ် လာကြောင်းလမ်းကြတာလဲ”
“ကောင်လေးက စံပယ့် သူငယ်ချင်း…အင်္ဂလန်မှာ ဆရာဝန်ပဲ…ပုန်းညက်နဲ့ ရည်ငံနေတာ… ခု ဒီကိုခဏပြန်လာတာ… မင်္ဂလာဆောင်ပြီးရင် ပုန်းညက်ကို ခေါ်သွားတော့မှာ…စံပယ်လည်း ပုန်းညက် မင်္ဂလာဆောင်နီးမှ ပြန်လာမယ် …ပုန်းညက်လည်း ငယ်တော့တာမှ မဟုတ်ဘဲ…၂၈ ထဲရောက်နေပြီ...”
မေမေ ပြောမှပင် မမမှာ ရည်းစား ရှိတာ သူ သိရတော့သည်။
“ဘယ်နှယ့်…ဝါတွင်းကြီးဗျ”
သူပြောတော့ မေမေကရယ်ပြီး
“ဝါထွက်မှ မင်္ဂလာဆောင်မယ် ထင်တယ်”
ဟုပြောလေသည်။
မေမေနဲ့ ဖေဖေ ဟိုဘက်ခြံကို ထွက်သွားကြတော့ သူ တစ်ယောက်တည်း ထမင်းစားပွဲမှာ မေမေ ပြင်ထားပေးခဲ့သော နံနက်စာကို စားရင်း ငေါင်တောင်တောင်။ မမကို လူကြီးတွေ လာရောက် စေ့စပ်တဲ့ပွဲမှာ သူက လူရာသွင်းခြင်း မခံရပါလား ဟုတွေးမိကာ ဝမ်းနည်းသလိုလို။
နောက်နေ့တွေမှာ မမဆီကို လူတစ်ယောက် လာ လာနေတာ တွေ့သည်။ အရပ်မြင့်မြင့် အသားလတ်လတ်နှင့် ဆရာဝန်ဆိုသော ထိုလူနှင့် မမကို ခြံထဲမှာ လမ်းလျှောက် စကားပြောနေတာ သူ လှမ်းမြင်သည်။ ပျော်နေပုံရ သော မမ မျက်နှာလေးမှာ ပိုပြီးနုနယ် လန်းဆန်းနေသလိုပင်။ ထိုလူ့ ပခုံးစွန်းကို မမ ခိုးနမ်းလိုက်တာ မြင်တော့ သူ ဒေါသထွက်သွားသည်။ ဘာကြောင့် ဒေါသထွက်မှန်းတော့ မသိ။ ရင်ထဲမှာ ဆူဝေနေပြီး တောက် ခေါက်မိသည်။
နောက် မမနဲ့တွေ့တော့
“ဗျိုး…မမ အပျိူကြီး….ဒီတစ်သက် မစွံဘူးထင်နေခဲ့တာ... ယောကျ်ားရတော့မှာမို့ ပျော်နေတာလားဗျ”
သူ လှမ်းအော် နောက်တော့ မျက်နှာလေးရဲကာ
“ခွေးကောင်လေး”
ဟု မမက ပြန်ပြောသည်။ ရှက်သွားတဲ့ မမ မျက်နှာလေးကို ငေးမောရင်း နှမြောမိသလိုလို ခံစားရရင်း ဝမ်းနည်းလာသည်။
မမတို့ မင်္ဂလာပွဲအတွက် စီစဉ် အလုပ်ရှုပ်နေတဲ့အထဲမှာ သူ့ မိဘတွေပါ ပါနေတာ ကြည့်မရ ဖြစ်မိလာသည်။ ဟိုဘက်ခြံနှင့် ဒီဘက်ခြံ ဘာတွေ ရှုပ်နေကြမှန်းမသိ။ လူကြီးတွေကို ကြည့်ရတာ သူ မျက်စိနောက်လာသည်။
မမ နေမကောင်းဖြစ်ကာ ဖျားနေသည်ဟု သူ ကြားရသည်။ မင်္ဂလာပွဲကိစ္စဖြင့် အပြင်ကို ထွက်ရလွန်းပြီး ပင်ပန်းကာ ဖျားသည်တဲ့။ “မပင်ပန်းလည်း ဖျားမှာပဲ…ဒီလို မိုးတွင်းကြီးမှာ အပြင် ဒီလောက်ထွက်နေမှတော့…နဂိုတည်းက ချုချာ ညောင်နာ နဲ့”
မမကို ဒေါသဖြစ်ကာ သူ့ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ခုရက်တွေ သူ ဒေါသတွေ အလိုလိုကြီးနေသည်။ မမကို ဒေါသထွက်နေသည်။ ဘာကြောင့် ဒေါသထွက်နေမှန်းတော့ သူ မသိ။
ညနေဘက်ကျတော့ မမ ကြေးအိုးများ သောက်ချင်မလားလို့ သူ ပူမိသေး သည်။ မမ တို့ အိမ်ဘက် သူ ကူးခဲ့သည်။ ဧည့်ခန်းထဲမှာ ဒရင်းဘက်ဒ်ပေါ်မှာ ခပ်လျော့လျော့ မှီလှဲနေရင်း တီဗွီ စီအန်အန် သတင်း ကြည့်နေသော မမ ကိုတွေ့သည်။ အနွေးထည် မိုးပြာရောင်လေးနှင့် မမ ပုန်းညက်ဝေမှာ ဖြူဖျော့နေသည်။ မျက်နှာ ဖြူဖြူသေးသေးလေးမှာ အရင်ကထက် ပိုလို့ သေးနေသလိုပင်။
သူ့ကို မြင်တော့ ခပ်ယဲ့ယဲ့ပြုံးပြီး
"ကောင်လေး …ပျောက်နေတာ ကြာပြီ”
ဟုဆိုသည်။
“ကျွန်တော်က မပျောက်ပါဘူးဗျာ…ရှိပါတယ်…ခင်ဗျားသာ မင်္ဂလာဆောင်အတွက် အားတက်သရောနဲ့ ခုတော့ ဖျားပြီ မလား”
သူ့ ခပ်ရင့်ရင့် စကားကို မမ က မျက်နှာ တစ်ချက်ပျက်ကာ
“ဟဲ့”
ဟုဆိုသည်။
“ကဲ…ထ… ကြေးအိုး သွားသောက်မယ်”
“မသောက်တော့ပါဘူးကွာ…မမ အပြင်မထွက်ချင်ဘူး”
“မရဘူး ဗျာ…လာ…ထ…နောက်ဆို ခင်ဗျားက လင်ယူပြီး လင်နောက်လိုက်သွားတော့မှာ… ကျွန်တော်က အစ်မ တစ်ယောက်လုံး လင်နောက်ပါသွားတော့ တစ်ယောက်တည်း ငေါင် ကျန်ရစ်မှာ… လာ…လိုက်ခဲ့…ခုချိန်လေးပဲ သွားရမှာ”
သူ တမင်သက်သက် ဆိုးလိုက်မိသည်။ မမက ခပ်ယဲ့ယဲ့လေးပဲ ပြုံးပြီး
“ရင့်လိုက်တာ ဝါဆိုရယ် …လိုက်ဆိုလည်း လိုက်ပါ့မယ်”
ဟုဆိုကာ ဖြေးဖြေးထကာ လိုက်လာခဲ့သည်။ အပြင်ဘက်မှာ မိုးက ဖွဲဖွဲ ရွာ နေသည်။ အိမ်မှ ထွက်တော့ မိုးရွာတာ နည်းနည်း စိပ်လာသည်။ ကားမှန်တံခါးတွေ အကုန် ပိတ်ထားရတာကြောင့် အဲကွန်း ဖွင့်လိုက်တော့ မမက ကိုယ်လေး ကျုံ့ ကာ ချမ်းသည့်ပုံ ဖြစ်သွားသည်။ ကားမှန် ဝိုက်ပါ ကိုဖွင့်ပြီး ကားမောင်းနေရင်းနဲ့ သူ မမကို အကဲခတ်ကြည့်မိသည်။ သူ့ နံဘေးမှာ ထိုင်နေပုံလေးက တလောကလုံးကို အလျော့ပေးထားတဲ့ ပုံ၊ ခပ်လျော့လျော့ အသွင်လေးနဲ့ အားနည်းနေပုံ ရသည်။ မျက်နှာ ဖြူဖြူလေးမှာ အဖျားသွေးကြောင့် အနည်းငယ် နီနေသည်။ သူ မမ ကိုနှမြောမိလာသည်။ မမကို သူတပါး လက်ထဲ ပေးလိုက်ရမှာကို အူတို မိလာသည်။
ဒါ သူ့ မမ …တခြား ဘယ်သူမှ မယူရဘူး ဟု စိတ်ထဲမှာ တွေးပြီး ဒေါသတို့ ဖြစ်လာသည်။ အင်းစိန်က ဟန်နီ မှာ ကြေးအိုးသွားသောက်မည်ဟု စိတ်ကူးပြီး ပြည်လမ်းအတိုင်း မောင်းရာမှ သူ အင်းစိန်ဘက်ကို မချိုးကွေ့တော့။
မင်္ဂလာဒုံဘက်ကို ရောက်တော့မှ မမ က
“ဘယ်အထိ သွားမလို့လဲ ဝါဆို…ဟန်နီကို သွားမှာ မဟုတ်ဘူးလား”
ဟုမေးသည်။ သူ မမ အမေးကို ဘာမှ ပြန်မဖြေဘဲ လီဗာကိုသာ စွတ်နင်းလိုက်သည်။ မမက ကား ပြတင်းမှ တဆင့် အပြင်ကို ငေးမောရင်း လိုက်ပါလာသည်။ ထောက်ကြန့် ရောက်တော့ မမ က သူ့ကို မေးပြန်သည်။
“ဝါဆို…ဘယ်သွားမလို့လဲ…အိမ်နဲ့ အတော်ဝေးလာပြီနော်”
သူ မမ ဘက်ကို တစ်ချက်လှည့်ကြည့်ပြီး
“မမ ကို ခိုးပြေးလာတာ”
ဟု ခပ်ပြတ်ပြတ် ဖြေလိုက်သည်။
“ဘာ”
မမ အသံ ကျယ်လောင် သွားပြီးနောက် အံ့သြသည့် မျက်နှာနဲ့ သူ့ကို ဇဝေဇဝါ ကြည့်သည်။
“ဟုတ်တယ်…မမကို ခိုးပြေးလာတာ…ကျွန်တော့်မမ ကို ဘယ်သူမှ မယူရဘူး.. မမကို ကျွန်တော်ချစ်တယ်…မမကလည်း ကျွန်တော့်ကိုပဲ ချစ်ရမယ်…ကျွန်တော်ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ရဘူး”
“ဝါဆို…မင်း ရူးနေပြီ…ပြန်ရအောင်ကွာ…မောင်လေး ….ကား ပြန်လှည့်နော်”
မမရဲ့ ညင်သာ တိုးတိမ်တဲ့ စကားကို သူ လျစ်လျူရှုကာပဲ ကားကို လီဗာ တင်မောင်းလိုက်သည်။ မိုးက ပိုသည်းလာသည်။ မိုးက တအားသည်း လာသည့် အပြင် လေတိုက်နှုန်းပါ ကြမ်းပုံရသည်။ သစ်ပင်တွေ အကိုင်း အခက်တွေ ယိမ်းနွဲ့ နေတာ မြင်ရသည်။ မီးကြီးဖွင့်ပြီး မနည်း အားစိုက်ကာ ရှေ့ ကို ကြည့်နေရသည့်ကြားမှ သူ ကားမောင်းသည့်နှုန်းက ကြောက်စရာ။ မှော်ဘီ ဆပ်သွားတောနားရောက်တော့ မမက ငိုပါလေတော့သည်။
“ဝါဆိုရယ်…ပြန်ရအောင်…မောင်လေးက မဆိုးပါနဲ့…နော်”
စကားတွေကို မနည်း အားစိုက်ကာ ပြောနေရပုံ ရသည်။ မမ အသံက တိုးတိမ်ပြီး စကားပြောလိုက်တိုင်း မောနေပုံရသည်။ သူ ဘာမှ ပြန်မပြောဘဲ ကားကိုသာ အာရုံစိုက်မောင်းနေတော့ မမ ပိုငိုပါတော့သည်။ ရှိုက်ငိုနေတဲ့ မမ ငိုသံကြောင့် သူ မမကို သနားလာသည်။ မမ ဒီလောက် ငိုတာ သူ တစ်ခါမှ မတွေ့ဖူးဘူးလေ။ ဒါပေမယ့် သူ အလျော့မပေးချင်။ သူ မမ ကိုဆုံးရှုးံရမှာ ကြောက်သည်။ မိုးသည်းလွန်းလို့ ရှေ့ကို သဲသဲ ကွဲကွဲ မမြင်ရ။ သူ ကားကို လမ်းဘေး ထိုးချ ရပ်လိုက်သည်။ မမ ဘက်ကို လှည့်ကြည့်တော့ ရှိုက်ကြီး တငင်ကို ငိုလို့ ကောင်းနေသည့် မမကို သူ ပိုစိတ် တိုသွားရသည်။
“ခင်ဗျားကို ခိုးပြေးလာတယ် ဆိုတော့ ဒီလောက်တောင် ငိုရလား…. ဘာလဲဗျ…ကျွန်တော်က အင်္ဂလန်မှာ အထူးကုဘွဲ့ရ ဆရာဝန် မဟုတ်လို့လား…ကျွန်တော်လည်း အင်ဂျီနီယာဖြစ်မှာပါဗျာ…သိပ်တော့ စိတ်မပူပါနဲ့”
မမမျက်နှာကို ကြည့်ပြီး သူ ပြောလိုက်တော့
“ဝါဆို…မင်း”
မမ စကား ဆုံးအောင် ဆက်မပြောနိုင်ဘဲ သူ့ မျက်နှာကို အံ့အားသင့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း စတဲ့ ခံစားချက်တွေ ရောထွေးနေသော ၊ ငိုနေသဖြင့် နီရဲနေသော မျက်နှာဖြင့်ကြည့်သည်။ မမကို ကြည့်ရင်း သူ အသည်းယား လာကာ မမ လက်မောင်းကို ဆွဲကာ မမကိုယ်လေးကို သူ့ရင်ခွင်ထဲ သွင်း လိုက်မိသည်။
“မငိုပါနဲ့ဗျာ…မမကို ကျွန်တော် သိပ်ချစ်တာ…မမ ကျွန်တော်ကလွဲရင် ဘယ်သူမှ မချစ်ရဘူး… ကျွန်တော့် တစ်ယောက်တည်းကိုပဲ မမ ချစ်ရမယ်”
သူ မမ ဆံပင်ညိုပျော့ပျော့လေးတွေကို နမ်းမိရင်း သူ့ရင်ထဲက စကားတွေကို ပြောလိုက်မိသည်။ မမက ရှိုက်လို့ ငိုနေတော့ သူ မမမျက်နှာကို မေးဖျားမှ ဆွဲမော့စေ့လိုက်ကာ မမ နဖူးနှင့်ပါး တို့ကို နမ်းမိသည်။ မမ ရုန်းနေတာ သူ သိသည်။ ဒါပေမယ့် အားချင်းမမျှလို့ မမ မရုန်းနိုင်ဘဲ ရှိနေသည်။
“ဝါဆို …မင်း ..ငရဲကြီးမယ်”
မမ စကားကြောင့် သူ တုန်လှုပ်သွားသည်။ မမ…သူ့ မမ ကိုသူ ဒီလို စိတ်ဆင်းရဲအောင် လုပ်မိတာ သူ ငရဲကြီးမှာတဲ့လား။ မမကို သူ သိပ်ချစ်တာ တွေက ငရဲကျမှာတဲ့လား။ သူ မမ ရုန်းတာကို ဖြေလျော့ပေးလိုက်တော့ မမ က ချက်ချင်းပဲ ကားတံခါးကို ဖွင့်ကာ ဆင်း ပြေးလေတော့သည်။ မိုးတွေ သည်းသည်းရွာနေသည့်ကြားမှာ ပြေးဆင်းသွားတဲ့ မမကို သူ စိုးရိမ်ပြီး နောက်မှ လိုက်မိသည်။ မိုးရေတွေ ရွှဲရွဲစိုနေသော မမကို သူ ဖမ်းမိလိုက်တဲ့ အခါမှာ သူ့ လက်ထဲမှာ မမ ပျော့ခွေကာ လဲကျသွားသည်။
“မမ”
“မမ”
“မမ ပုန်းညက်”
သူ ခေါင်းနပန်းကြီးသွားသည်။မမ ကိုယ်လေးက ခြစ်ခြစ်တောက် ပူနေသည်။ မမကို သူ ပွေ့ချီကာ ကားဆီသို့ ပြန်လာပြီး နောက်ကြောင်းပြန်လှည့်ကာ ရန်ကုန်ဘက်သို့ မောင်းလိုက်သည်။ အနီးဆုံး ဆေးခန်းကို ရှာဖွေရင်း သူ့ခေါင်းထဲမှာ ဘာမှ မလုပ်မလုပ်တော့သလို။ မမ အတွက် သူ စိုးရမ်စိတ်တွေက ဗလောင်ဆူကာ မိုးကိုလည်း ဆဲမိနေသည်။ ကားကို လီဗာတင်ကာ အမြန်နှုန်းနဲ့ မောင်းရင်း မမကို ဘယ်ဆေးခန်းကို ပို့ရမည်နည်း ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားနေမိသည်။ သုခကမ္ဘာက သူ့ ခေါင်းထဲ ဝင်လာကာ သုခကမ္ဘာကို အမြန်ဆုံးမောင်းတော့သည်။ ဆေးရုံ အရေးပေါ်ကို မမကို သူ ပွေ့ချီပြီး ပြေးတော့ မမ ကိုယ်လေးက ပြာနှမ်းနေသည်။ လူနာတွန်းလှည်းဖြင့် မမကို ခေါ်သွားတော့ သူ မလိုက်ရတော့။ သူအပြင်မှာ စောင့်ကျန်ရစ်ရင်း မိုးရေတွေရွှဲနေသော သူ ခိုက်ခိုက်တုန်လာသည်။ သူ အိမ်ကို ဖုန်းဆက်ဖို့ သတိရမိပြီး မေမေ့ကိုဖုန်းဆက် ပြောလိုက်သည်။
“မေမေ…မမ သုခကမ္ဘာမှာ …ဘဘကြီးနဲ့ ကြီးမေ ကို ပြောလိုက်ပါဦး”
ဟုသာ သူ တိုတို ပြောပြီး ဖုန်းချလိုက်သည်။ သူ့ ကို အပြစ်တင်ကြမည့် မျက်ဝန်းတွေကို သူ ဘယ်လို ရင်ဆိုင်ရမလဲ။ မမရဲ့ ချစ်သူကို သူ ဘယ်လို ရင်ဆိုင်ရမလဲ။
……………………………………………
မိုးတွေ သည်းသည်းမည်းမည်း ရွာနေပြန်ပြီ။
ခြံထောင့်က ပုန်းညက်ပင်ကြီး လည်း အကိုင်းအခက်တို့က လေတိုက်တိုင်း ယိမ်းထိုးနေကာ ပုန်းညက်ပွင့်တွေကို မိုးစက် မိုးပေါက်တွေက ရိုက်ခတ်ကာ ခြွေချလိုက်သဖြင့် မြေပြင်တွင် ပုန်းညက် ပွင့်ဖတ်တို့ ကြွေနေပြီ။ နေ့စဉ် ညတိုင်း သူ့ရဲ့ နောင်တတွေ နဲ့ ကြေကွဲမှုတွေဟာ ဒီလို ပုန်းညက်ပန်းတို့ ပွင့်လေသည့် ရာသီရောက်တိုင်း ပို၍ ဆိုးလာသည်။ ညဘက်တွေ မအိပ်သဖြင့် အိပ်ဆေး တွေ သောက်အိပ်တဲ့ ညတွေများလာရင်း အိပ်ဆေး မသောက်ရင် မအိပ်တော့တဲ့ သူ့ကို မေမေတို့က ဆရာဝန်နှင့် အမြဲ မှန်မှန် ပြနေတာ သူ သိသည်။ မိုးတွေ ရွာတိုင်း မမ ပုန်းညက် လာဦးမှာ ဟုဆိုကာ သူ ပုန်းညက်ပင် အောက်မှာ ထီးတစ်ချောင်းနှင့် ရပ်စောင့်နေတတ်ခဲ့သည်။ ယခုလည်း ပုန်းညက်ပန်းတွေ တူတူ ခူးဖို့ သူ့ဆီ မမပုန်းညက် လာချေ ရော့မည်။ သူ အိမ်ထဲမှ ထွက်ကာ ထီးဖွင့်လိုက်ပြီး ပုန်းညက်ပင်ဆီ သို့ တရွေ့ ရွေ့ လျှောက်သွားလေတော့သည်။
ဟနစံ
No comments:
Post a Comment