Wednesday, 1 February 2017

တာဝန်နှင့် ယူတတ်သူ

မိတ်ဆွေ အမျိုးသမီးတစ်ယောက်က မြန်မာနိုင်ငံကို ဒီဇင်ဘာလတုန်းက သွားရောက်လည်ပတ်ခဲ့တယ်လို့ ပြောပါတယ်။
ကျွန်မက ဟုတ်လား...ဘယ်လိုမြင်လဲဆိုတော့ ပခုံးသာ မသိမသာလေးတွန့်ပြပါတယ်။
action louder than words ဆိုတော့ ကျွန်မလည်း ဘာမှ ဆက်မမေးတော့ပါဘူး။
 နောက်....တခြားအသိတစ်ယောက် ရဲ့ အဖေက ဒီက သတင်းထောက်လို့ ပြောပါတယ်။ ရန်ကုန်ကို ရောက်ခဲ့တယ်လို့ ပြောတော့ ဟုတ်လား...ဘယ်လိုနေလဲ လို့ မေးကြည့်ပါတယ်။
နှစ်၅၀ လောက်နောက်ကျကျန်နေခဲ့တယ် လို့ သူ့အမြင်ကိုပြောပါတယ်။
ဒါတောင် သူက ရန်ကုန်ကိုပဲ ရောက်ခဲ့တာ။ အရှေ့တောင်အာရှက အာဆီယံနိုင်ငံသား အဲဒီလူသာ နယ်မြို့တွေကိုသာ ရောက်သွားခဲ့ရင် သူ ဘာပြောမလဲဆိုတာကို မမှန်းတတ်တော့ဘူး။

သူ ပြောတဲ့ နောက်ကျတယ်ဆိုတာက ဘာကိုနောက်ကျတာလဲလို့ဆိုတာ သူလည်း အသေးစိတ်မပြောဘူး။ ကျွန်မလည်း မမေးဘူး။
အဲဒါက သူ့အမြင်ဆိုတော့ သူ့မှာလည်း လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့်ရှိသည်ပဲ။
ကျွန်မမှာလည်း လွတ်လပ်စွာ ကျွန်မ အမြင်ကို ပြောပိုင်ခွင့်ရှိသည်ပဲ။
အားလုံးသိပြီးသားတွေဟာ ဓာတ်ပြားဟောင်း ၊ သီချင်းဟောင်းတွေပဲ ထပ်တလဲလဲ ဖွင့်နားထောင်သလိုဖြစ်မှာပါ။ ထူးမခြားနားပတ်ပျိုးလေးပဲ ဆက်လက် နားထောင်နေကြရတာ။

တခြားကိစ္စတွေကို မကြည့်ဘဲနဲ့ လူထုတစ်ရပ်လုံးကို အလွယ်တကူရောက်ရှိတဲ့ မီဒီယာဘက်ကိုပဲ ကြည့်လိုက်ပါမယ်။
မီဒီယာလွတ်လပ်ခွင့်မရှိလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မသက်ဆိုင်တဲ့ မီဒီယာလွတ်လပ်ခွင့်အပြည့်အဝရှိတဲ့ နည်းပညာခေါင်းစဉ်တွေကိုပဲ ကြည့်ကြရအောင်။
နည်းပညာစာစောင်များ၊ ဂျာနယ်များမှာ နည်းပညာပိုင်းဆိုင်ရာ ဆောင်းပါးများမှာ အမှားအယွင်းများကို မကြာခဏဆိုသလိုတကယ်တတ်ကျွမ်းနားလည်သူများက ဝေဖန်ထောက်ပြတာတွေကို အွန်လိုင်းမှာ မြင်ဖူး၊ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီဝေဖန်ထောက်ပြမှုများဟာ အင်တာနက်ပေါ်မှာပဲရှိတဲ့အတွက် မှားယွင်းစွာဖော်ပြတဲ့ ဂျာနယ်၊ စာစောင်များကို ဖတ်ရှုသူများ သိနိုင်ဖို့ နည်းပါလိမ့်မယ်။ နည်းပညာကို တတ်သိနားလည်သူကလည်း ဒီဆောင်းပါးပါ ဖော်ပြချက်ဟာမှားယွင်းပါတယ်လို့ တစ်အိမ်တက်ဆင်းလိုက်ပြီး အမှန်ကို ပြောပြနေမှာ မဟုတ်ပါဘူး။ ဒီတော့ နည်းပညာလိုင်းဘက်ကမဟုတ်တဲ့ စာဖတ်သူများက ဆောင်းပါးပါအကြောင်းအရာကို မှန်ကန်တယ်လို့ ယူဆထင်မြင်ကြပါလိမ့်မယ်။

အင်တာနက်ပေါ်မှာ ရှိတဲ့ မြန်မာဘာသာဖြင့်ရေးသားဆွေးနွေးကြတဲ့ နည်းပညာ website များ၊ blog များ၊  forumများ အများအပြားရှိပါတယ်။ ပါဝင် ဆွေးနွေးရေးသားသူများဟာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်ကျွမ်းသူ ပညာရှင်များ၊ အထူးပြုဘာသာယူထားတဲ့ကျောင်းသားများပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ရေးသားဆွေးနွေးမှုများဟာ မှန်ကန်သလို အမှားအယွင်းတစ်စုံတစ်ရာရှိရင်လည်း ပြန်လည်ပြင်ဆင်ပေးတဲ့ ပညာရှင်များ ရှိပါတယ်။ ဒါပေမဲ့ ဒီမှန်ကန်တဲ့ နည်းပညာဆောင်းပါးများဟာ မြန်မာပြည်တွင်းက ဂျာနယ်များ၊ စာစောင်များမှာ တင်ပြထားတာ မဟုတ်တဲ့အတွက် အင်တာနက်မသုံးတဲ့ စာဖတ်သူများက ဖတ်ရှုနိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ အင်တာနက်မှာ စာရေးကြတဲ့ ပညာရှင်များအနေနဲ့လည်း ပြည်တွင်းက စာစောင်၊ ဂျာနယ်များမှာ စာရေးဖို့ဆိုတာက ခဲယဉ်းပါတယ်။ အကြောင်းကတော့ ကျွန်မတို့ သိပြီးသားပါပဲ။ ဆောင်းပါးများ၊ စာမူများကို ဂျာနယ်၊ စာစောင် ရုံးဝန်ထမ်းများကပဲ ရေးသားကြတာဖြစ်လို့ ပြင်ပမှ စာမူကို မသုံးပါဘူး၊ လက်မခံပါဘူးလို့  စာစောင်တစ်ခုကို စာမူ လက်ခံပုံနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တာမှာ အဲဒီ အဖြေပြန်လည်ရရှိပါတယ်။ လခဆိုတာ ဘာမှ မရှိ၊ မဖြစ်လောက်လို့ စာမူခကသာ အားထားစရာမို့ ပြင်ပက စာမူများကို လက်မခံဘဲ ရုံးအတွင်းမှာသာ စာစောင်အတွက် စာမူရေးကြတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို မကြာခဏ ကြားဖူးနေရတာပဲ။
ဒါကို လက်ခံနိုင်ပါတယ်။ လူဆိုတာ အခွင့်အရေးရှိတုန်း ယူကြတာ သဘာဝပါပဲ မဟုတ်လား။

ဒါဆိုရင် စာရေးတဲ့သူဟာ ဘာအတွက် စာရေးတာပါလဲဆိုတဲ့ မေးခွန်းက မေးစရာရှိလာပါပြီ။ စာဖတ်သူတွေအတွက် မှန်မှန်ကန်ကန်တင်ပြရမှာက စာရေးသူနဲ့ မီဒီယာအလုပ်ပဲ မဟုတ်ပါဘူးလား။ နည်းပညာဆောင်းပါး၊ သုတဆောင်းပါးများ၊ အတွေးအခေါ် ဆောင်းပါးများမှာ မှားယွင်းဖော်ပြမှုများဟာ စာဖတ်သူအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။  ပြည်ပမှ ဆောင်းပါးများကို ဘာသာပြန်ကာ ရေးသားတယ်ဆိုပေမဲ့လည်း အဲဒီနယ်ပယ်က နည်းပညာသမားမဟုတ်သူတစ်ယောက်အနေနဲ့ မူရင်းဆောင်းပါးပါအကြောင်းအရာ အချက်အလက်များကို အပြည့်အဝနားလည်နိုင်ဖို့ ခဲယဉ်းပါတယ်။ စာလုံးလေးတစ်လုံးကိုပင် ဘာသာပြန်ဆိုမှု လွဲချော်သွားခြင်းရဲ့ အကျိုးဆက်ဟာ အင်မတန် ကြီးပါတယ်။ လေ့လာစရာ အရင်းအမြစ်များပေါကြွယ်ဝမှု မရှိသေးတဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံမှာ လူငယ်ထု၊ ပြည်သူလူထုဆိုတာက မီဒီယာဆိုတဲ့ စာပေကနေ ဗဟုသုတရှာမှီးနိုင်ကြတာပါ။

အမှားအယွင်းကင်းတယ်ဆိုတာကတော့ ဘယ်နေရာမှာမှ မရှိနိုင်ပါဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အမှားဆိုတာ တစ်ကြိမ်၊ တစ်ခါသာမှားဖို့သင့်တဲ့အရာမဟုတ်ပါလား။ စာပေသမားအမှားက စာဖတ်သူလူထုတစ်ရပ်လုံးကိုပါ မှားယွင်းစေနိုင်ပါတယ်။ တစ်ယောက်တည်းကလုပ်ပေမဲ့ အကျိုးဆက် ခံစားရမယ့်သူတွေက သန်းပေါင်းများစွာပါ။ လူသန်းပေါင်းများစွာကို ဓားနဲ့လိုက်ခုတ်ရင် ဘယ်နှစ်ယောက် ခုတ်နိုင်ပါမလဲ။ တစ်နေ့ကို အလွန်ဆုံး ၁၀ ယောက်ထားပါတော့။ စာတစ်ပုဒ်နဲ့တော့ တစ်နေ့တည်း တစ်ထိုင်တည်းမှာပဲ လူပေါင်းများစွာရဲ့ အတွေးအခေါ်တွေကို သတ်ပစ်လိုက်နိုင်ပါတယ်။

မိမိရေးလိုက်တဲ့စာအတွက် မိမိ တာဝန်ယူနိုင်တဲ့ စာပေသမားများ အများအပြားရှိမယ်ဆိုရင်၊ မိမိရဲ့ ကိုယ်ပိုင် ခံစားချက်နဲ့ ဘက်လိုက်ရေးသားမှုများ မရှိဘူးဆိုရင် စာပေသမားများ ခင်းပေးတဲ့လမ်းပေါ်မှာ ကျွန်မတို့က သူများတွေထက် နောက်ကျ ကျန်မနေနိုင်ဘူး မဟုတ်ပါလား။

၂၀၁၁ ၊ ဖေဖော်ဝါရီလ ၅ ရက်။
နံနက် ၁၀ နာရီ ၊ ၅၁ မိနစ်။

No comments:

Post a Comment