Wednesday, 1 February 2017

အထင်နဲ့အမြင်

သူ့အပေါ်မှာတွယ်တာနေမိတာ ဆန်းဆန်းပြားပြားစိတ်တွေနဲ့
မဟုတ်ဘဲ သူ့ အနုပညာဖန်တီးမှုကိုမြတ်နိုးလို့ ၊ သူ့သီချင်းလေးတွေကို နှစ်သက်လို့ ၊ သူ့ပရိသတ် တစ်ယောက်အနေနဲ့ သူ့ကိုအမြဲအားပေးနေခဲ့တာပါ။ သူအခုလို နာမည်ကြီးအဆိုတော်ဘဝကိုမရောက်ခင် ဟိုးအရင်က ကျောင်းပွဲ တွေမှာ သူ သီချင်းတွေဆိုနေကတည်းက ကျွန်မ အားပေးနေခဲ့တာပါ။

သူကတော့ ကျွန်မကိုသိမှာ မဟုတ်ပေမယ့်သူသီချင်းဆို လေရာ စတေ့ချ်ရှိုးပွဲ တိုင်း ကို ကျွန်မ လိုက်အားပေးခဲ့ပါတယ်။ သူ့သီချင်း ခွေ ထွက်သမျှ အကုန်လုံးကိုလည်းဝယ်ကာသိမ်းထားတတ်သလို သူ့ပုံ
ဝေါလ်ရှိ(တ်)တွေကလည်း ကျွန်မအိပ်ခန်းနံရံတွေပေါ်မှာအပြည့်ပါပဲလေ။

ကျွန်မရဲ့သူငယ်ချင်းတွေကကျွန်မကိုအမြဲစနောက်တတ်ကြတယ်။ သူ့ကိုဒီလောက်ခရေဇီဖြစ်နေတာသူ့ကိုစိတ်ဝင်စားနေတာလားပေ့ါတဲ့လေ။ ဟင့်အင်း။ မဟုတ်ပါဘူး။သူ့ကိုချစ်သူရည်းစားတစ်ယောက်လိုကျွန်မ က ချစ်မိတာမှမဟုတ်ဘဲ။

သူကိုယ်တိုင်ရေးတဲ့သီချင်းစာသားလေးတွေကိုကျွန်မနှစ်သက်မြတ်နိုးတယ်။ ဟိတ်ကြီးဟန်ကြီးမထုတ်ဘဲရိုးရှင်းစွာနေထိုင်တဲ့သူ့ပုံစံလေးကိုလည်းနှစ်သက်တယ်လေ။ နာမည်ကြီးအဆိုတော်တစ်ယောက်ရယ်လို့မာနကြီးနေတဲ့ပုံစံမျိုးမဟုတ်ဘဲ ၊ကြွားကြွားဝ့ံ့ဝံ့လည်းမဟုတ်ဘဲ၊ တမင်နှိမ်ချပြီးနေထိုင်နေတာမျိုးလည်းမဟုတ်ဘဲ သူ့ပင်ကိုယ်အတိုင်းလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေးနေထိုင်ပြောဆိုတတ်တဲ့သူ့ဟန်လေးကိုနှစ်သက်မိတာပါ။ မဂ္ဂဇင်းတွေမှာ သူနဲ့အင်တာဗျုးဆောင်းပါးတွေကိုဖတ်ရတိုင်း မေးခွန်းတွေ ကို တိုတို ရှင်းရှင်းပဲပြန်ဖြေတတ်တာ။ ဘာမှကြွားဝါမှုမရှိဘဲ လူသားဆန်ဆန် လူထဲကလူတစ်ယောက်လိုပဲနေထိုင်ပြောဆိုဆက်ဆံတတ်တာတွေဟာ ကျွန်မသူ့ကိုအထင်ကြီးမိစေတဲ့အရာတွေပဲပေ့ါ။

အမ်တီဗွီရိုက်ဖို့ ၊ တီဗွီကြေငြာရိုက်ဖို့ ၊ မဂ္ဂဇင်းအဖုံးအတွက်ဓါတ်ပုံရိုက်ဖို့ ဘယ်တော့မှ မိတ်ကပ် မလိမ်းဘဲ ၊ ရှိုးတွေမထုတ်ဘဲ နဂိုအတိုင်းပဲတီရှပ် နဲ့ ဂျင်းဘောင်းဘ ီနဲ့ သူ့စတိုင်လ်လေးကလည်း ရိုးရှင်းလွန်းလှပါတယ်။ သူ့သီချင်းအသစ်တွေနားထောင်ပြီးတိုင်းအရဲစွန့်ကာသူ့ဆီဖုန်းခေါ်လို့ သူ့သီချင်းတွေနားထောင်ပြီးကြောင်း၊ နှစ်သက် ကြောင်းပြောပြီး ချက်ချင်း ဖုန်းပြန်ချပစ်တတ်တာလည်း ကျွန်မကို အထင်မှားမှာစိုးလို့ပါ။ သူ့ကို နာမည်ကြီးအဆိုတော်မို့ကျွန်မက အတင်းလိုက်မိတ်ဆက် ၊ ဖုန်းဆက် တတ်တာ မျိုးလို့ ထင်သွားမှာကြောက်ပါတယ်။

သူ့သီချင်းတွေကိုကြိုက်ရင်ကြိုက်တဲ့အကြောင်း၊ မကြိုက်တဲ့သီချင်းဆိုရင် ဘယ်နေရာမှာမကြိုက်တဲ့အကြောင်း စသည်ဖြင့်သူ့ကိုဝေဖန်ပေးချင်တာပါ။ သူအိမ်မှာရှိတတ်တဲ့ညဘက်အချိန်တွေမှာ ကျွန်မ က အရဲစွန့်ကာ ဖုန်းခေါ်ပြီး သူ့သီချင်းတွေအကြောင်းပြောပြဖြစ်ခဲ့တယ်။ သူ့ကိုဖုန်းစစဆက်ချင်းမှာ သူ့ ဖုန်း နံပါတ်ကို ကျွန်မရတာကိုလည်း သူကအံ့သြဟန်မရှိပါဘူး။ ဒီလိုပဲ သူ့ပရိသတ် တွေက သူ့ဆီကိုဖုန်းဆက်နေကျဖြစ်မှာပါလေ။

"ဟုတ်ကဲ့။ကျွန်တော့်သီချင်းတွေကိုနားထောင်တဲ့အတွက်ရော ...ကျွန်တော့်သီချင်းတွေကိုကြိုက်တဲ့အတွက်ရော...ကျွန်တော်ဆီခုလိုဖုန်းဆက်တဲ့အတွက်ရော ကျေးဇူးတင်ပါတယ်"

လို့ရည်ရည်မွန်မွန်ပြန်ပြောတဲ့သူ့ကို စိတ်ထဲကနေပိုလို့ခင်မင်နေခဲ့ပြီး သူ့သီချင်းခွေအသစ်ထွက်တိုင်း ကျွန်မဖုန်းဆက်ပြီးသူ့သီချင်းတွေကိုဝေဖန် ပေး ခဲ့တာပါ။

သူ့စတေ့ချ်ရှိုးပွဲတွေ ၊ သူသီချင်းသွင်းတတ်တဲ့နေ့တွေကို ကျွန်မက စုံစမ်းပြီးအမြဲသိနေခဲ့လို့ သူအိမ်မှာမရှိတဲ့အချိန်တွေကိုလည်းသိနေခဲ့ပြန်တယ်။ စတိတ်ရှိုးတစ်ခုမှာ သူ့ကိုလက်မှတ်သွားထိုးခိုင်းတော့ ပရိသတ်တွေ
၀ိုင်းဝိုင်းလည်နေပြီးတစ်ယောက်ပြီးတစ်ယောက်ကိုလက်မှတ်ထိုးပေးနေတဲ့သူက "ကျေးဇူးတင်ပါတယ်ခင်ဗျာ" လို့ပြောနေတာလေးက အရမ်းကိုချစ်စရာကောင်းပါတယ်။ ကျွန်မ က အော်တိုစာအုပ်လေးကို သူ့မျက်နှာရှေ့ကိုသာတိုးပေးပြီးစကားတစ်ခွန်းမှ သူ့ကိုမပြောရဲပါဘူး။ ကျွန်မအသံကိုသူမှတ်မိသွားမလားစိုးရိမ်လို့ပါ။ ကျွန်မ ကို အထင်လွဲ သွားမှာ ကြောက်တယ်။ သူ့လိုအောင်မြင်ကျော်ကြားနေတဲ့သူကို ကျွန်မက ခင်မင် တွယ်တာနေတာကို သူတစ်မျိုးတစ်မည်ထင်မှာကိုစိုးပါတယ်။

သူ့ရဲ့အောင်မြင်မှုကလည်းရပ်တန့်မသွားပါဘူး။ အသစ် အသစ် တက်လာတဲ့အဆိုတော်တွေကြားထဲမှာ သူဟာအောင်မြင်မှုကိုထိန်းထားနိုင်တာ ၊ လူငယ်ပရိသတ်တွေရဲ့စိတ်နှလုံးမှာ သူထင်ဟပ်နေတာဟာ သူ့ရ ဲ့ရိုးသား ဖြူစင်မှုကြောင့်ပါပဲ။

သူအဆိုတော်မဖြစ်ခင် ကျောင်းပထမနှစ် အာစရိယပူဇော်ပွဲမှာ သူ သီချင်း ဆိုကတည်းက ကျွန်မ အားပေးလာခဲ့တာ ကို သူသိအောင်ပြောပြ
ချင်တယ်။ အခုလိုအောင်မြင်နေတဲ့အချိန်မှကျွန်မက အားပေးတာ မဟုတ် ပါ ဘူး။ သူဂစ်တာတီးပြီးကျောင်းပွဲသေးသေးလေးတွေမှာ သီချင်း တွေဆို နေ ကတည်းက ကျွန်မ ကအမြဲအားပေးခဲ့တာ။

အခုမှထပြီးအားပေးတာမဟုတ်ဘူဆိုတာကို သူသိအောင် ပြောပြ ချင်တယ်။ ပြီးတော့ ကျွန်မဟာ သူနာမည်ကြီးလို့ သူ့ချစ်သူမိန်းကလေးဖြစ်ချင်လို့ သူ့ဆီကိုဖုန်းဆက်နေခဲ့တာမဟုတ်ဘူး ဆိုတာကိုလည်း သူသိအောင် ပြောပြ ချင်တယ်။ အဲလိုပြောပြချင်နေတဲ့စိတ်တွေကတားမရ ဆီးမရဖြစ်နေခဲ့ပြီး သူ့ကိုဖုန်းဆက်ပြန်တော့လည်း ပြောရမှာမဝံ့ရဲပြန်ပါဘူး။ သူယုံမှယုံပါ့မလားလေ။ သူ ကျွန်မရဲ့မျက်လုံးတွေထဲကရိုးသားမှုကိုမြင်ရင်တော့ သူယုံမှာပါ။ ဒါဆို သူ့ကိုအပြင်မှာတွေ့ပြီးပြောပြချင်တယ်။ ကျွန်မ ကိုသူလာမှတွေ့ပါ့မလား။ ကျွန်မ အမျိုးမျိုးတွေးရင်းနဲ့ သူ့ကိုဖုန်းဆက်ပြီး အရဲစွန့်ကာ အပြင်မှာ လာတွေ့ဖို့ ပြောလိုက်ပါတယ်။

သူက "ကျွန်တော်....အဲ...ခုရက်တွေမအားဘူးခင်ဗျ။ အားရင် ကျွန်တော်လာတွေ့ပါ့မယ်" လို့ပြောပါတယ်။

နောက်တစ်ပတ်မှာသူ့ဆီကိုထပ်ဖုန်းဆက်ပြီး သူအားပြီလား။ ကျွန်မ ကိုသူလာတွေ့မလား လို့မေးခဲ့ပါတယ်။ သူက အင်း အဲ နဲ့ စဉ်းစားသလိုလုပ်နေပြီး

"ဘယ်တော့လာတွေ့ရမှာလဲခင်ဗျ။ ကျွန်တော်ကဒီနေ့တစ်ရက်တည်းအားတာ" လို့ပြောပါတယ်။ ကျွန်မ က အခုကျွန်မ ဒဂုံစင်တာကိုရောက်နေပါတယ်။ ကဖေးအေရိုးမား ကိုလာခဲ့နိုင်မလား ဆိုတော့

သူက"ဟုတ်ကဲ့။ ကျွန်တော်အခုရေးချိုးပြီးရင်ထွက်လာခဲ့ပါမယ်။ အဲ..အိမ်မှာ ကျွန်တော်သူငယ်ချင်း ၂ယောက်လည်းရောက်နေလို့ သူတို့ကိုပါခေါ်ခဲ့မယ်" လို့ပြောပါတယ်။ ကျွန်မ လည်းရပါတယ် ခေါ်ခဲ့ပါ ဆိုပြီးချိန်းဆိုခဲ့ပါတယ်။

သူက ဖုန်းမချခင်မှာ "အဲ...ကျွန်တော်က အစ်မကိုမသိဘူးဗျ။ ကျွန်တော် ဘယ်လို လုပ်ပြီးအစ်မကိုသိမှာလဲ ...အဲဒီမှာ"လို့မေးတယ်။

ကျွန်မ က အင်္ကျီမိုးပြာရောင်ဝတ်ထားတယ် လို့ပြောတော့ " အိုကေ...ရပြီအစ်မ။ အစ်မကကျွန်တော့်ကိုသိတာပဲ။ လူရှာရတာလွယ်မှာပါ" လို့ရယ်မောပြောပြီးဖုန်းချသွားပါတယ်။

ကျွန်မလည်းတစ်ယောက်တည်းစျေးလျှောက်ဝယ်ပြီး ကဖေး အေရိုမားကချောင်ကျကျစားပွဲလေးမှထိုင်လို့စောင့်နေခဲ့ပါတယ်။ ကျွန်မထိုင်နေတဲ့စားပွဲကို
၀င်ပေါက်ကနေဆိုရင်မုန့်မှန်ဘီရိုတွေ ၊ ကောင်တာတွေနဲ့ကွယ်နေလို့ အလွယ်တကူမမြင်နိုင်ပါဘူး။ ကျွန်မ ကတော့ မိန်းကလေးတစ်ယောက်တည်းဖြစ်နေပြီး သူ့ကို အချိန် ဘယ်လောက ်ကြာကြာ စောင့်ရဦးမယ်မှန်းလည်းမသိတာကြောင့် အခြားစားပွဲက လူတွေရဲ့ မျက်စိ အစာကျွေးခြင်းကိုမခံရလေအောင် သူများတွေကြည့်မနေနိုင်တဲ့ ကောင်တာ အကွယ် ကစားပွဲလေးမှာပဲ ထိုင်ပြီး ကက်ပက်ချီနိုကော်ဖီတစ်ခွက် နဲ့ ချိစ်ကိတ်တစ်ခု မှာစားနေခဲ့ပါတယ်။

၄၅ မိနစ်လောက်အကြာမှာတော့ သူနဲ့အတူ သူ့သူငယ်ချင်း၂ယောက်
၀င်လာတာကိုတွေ့ပါတယ်။ ကျွန်မ က နေရာမှထမယ်အလုပ်မှာပဲ
သူ့သူငယ်ချင်းတွေက သူ့ကို တစ်ဘက် တစ်ချက်ကနေ အတင်းဆွဲပြီး လှည့်ပြန်မယ် ဟန်ပြင်နေတာကြောင့်ကျွန်မအံအားသင့်သွားပြီး သူတို့က ိုဆက် ထိုင်ကြည့်နေလိုက်မိပါတယ်။


ဝင်ပေါက်နဲ့တည့်တည့်ကစားပွဲကိုကြည့်ကာသူ့မျက်စိမျက်နှာပျက်နေပြီး သူ့သူငယ်ချင်း၂ယောက်ကလည်းဟားတိုက်ရယ်ချင်နေတဲ့မျက်နှာမျိုးနဲ့မို့ သူတို့ကြည့်တဲ့စားပွဲကို ကျွန်မ လှမ်းကြည့်လိုက်တော့ အရမ်းဝတဲ့ မိန်းကလေးတစ်ယောက် ကျွန်မလိုပဲမိုးပြာရောင်အင်္ကျီကိုဝတ် ထား ပြီး ကိတ်မုန့် ကိုသာငုံ့စားနေတာကိုတွေ့ရပါတယ်။

အဲဒီတော့မှကျွန်မသဘောပေါက်သွားပါတယ်။ အစားအသောက် ကြိုက်နှစ်သက်ပုံရတဲ့ ၀တုတ်နေတဲ့မိန်းကလေးကို သူနဲ့ သူ့သူငယ်ချင်းတွေက ကျွန်မ လို့ထင်သွားပြီး လာမတွေ့တော့ဘဲ လှည့်ပြန်မလို့ကိုး။ ကျွန်မလည်းသူတို့ကိုဆက်ထိုင်ကြည့်နေတုန်းမှာပဲ သူတို့ပြန်သွားကြပါတယ်။

ကျွန်မရင်ထဲမှာဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း ၊ နောင်တရခြင်း စတဲ့ ခံစားချက် ပေါင်း များစွာနဲ့ ပြည့်လာပြီး မျက်ရည်တွေအလိုလိုစီးကျလာပါတယ်။ တကယ်လို့ သူ့ကိုအားပေးနေတဲ့ပရိသတ်တစ်ယောက်ဟာ ၀တုတ်ကြီးဖြစ်နေရင်ရော သူက ဘာလို့မတွေ့ဘဲနေရမှာလဲ။ သူ့ကိုဖြူစင်ရိုးသားစွာ သူ့အနုပညာကို
နှစ်သက် မြတ်နိုး စွာ အားပေးနေတဲ့ပရိသတ်ဟာ လှမှပဲ သူက တွေ့တော့မှာလား။ ကျွန်မ သူ့ကိုအထင်ကြီးမိခဲ့တာတွေ ၊ သူနာမည် မကြီးခင်
ကတည်းက အားပေးနေခဲ့မိတာတွေ အားလုံးကို ဒီနေ့တစ်ရက်တည်းမှာပဲ သူတုံ့ပြန်သွားခဲ့တာပါလားလေ။


အဲလက်စ် ၏ ၁၉၉၆ သီချင်းကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။

No comments:

Post a Comment