Wednesday, 1 February 2017

ပညာရေး ရင်းနှီးမြှုပ်နှံမှု



 ယနေ့ခေတ်အခါမှာ ကျောင်းပြီးလို့ အလုပ်ရှာရ ခက်တယ်ဆိုတဲ့သူတွေရော၊ အလုပ်တွေပေါပါတယ် ဆိုတဲ့သူတွေကိုရော တွေ့နေရပါတယ်။ အသိမိတ်ဆွေအချို့က နိုင်ငံခြားထွက်ကြတယ်။ အချို့က ပြည်တွင်းမှာပဲ အလုပ်လုပ်ကြတယ်။ ဘယ်နေရာမှာပဲ လုပ်လုပ် အရေးကြီးတာက ကျွန်မတို့ရဲ့ဘဝအတွက် သင့်တော်တဲ့အလုပ် ဖြစ်ဖို့ပဲ အရေးကြီးတာပါပဲ။



ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် Canada

နိုင်ငံကနေ Ph.Dဘွဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုကိုသွားရောက်အလုပ်ရှာတာ အလုပ်မရတဲ့အတွက် ကနေဒါကိုပြန်ပါတယ်။ ကနေဒါမှာလည်း အလုပ်မရတဲ့အတွက်ခုချိန်ထိ အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။ သူက ကျွန်မကို နင် ပီအိပ်ချ်ဒီ ဆက်တက်မယ်လား

။ useless ပဲ လို့ပြောပါတယ်။



အချိန်၊ ပိုက်ဆံတွေနဲ့ နုပျိုမှုတွေကို ရင်းနှီးဆုံးရှုံးပြီး ရရှိလာတဲ့ ဘွဲ့ဟာ အလုပ်အကိုင်တစ်ခု ကောင်းကောင်း မရနိုင်ဖြစ်ရတာ သူ ဘာဘွဲ့ကို ဒေါက်တာဘွဲ့ယူထားသလဲလို့ ကြည့်လိုက်ရင် pure Physics ဖြစ်နေပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ ပြောင်းလဲလာတဲ့ နည်းပညာတိုးတက်မှုတွေအလယ်မှာ  တစ်ချိန်တုန်းက စာတော်တဲ့သူတွေမှသာ ရွေးချယ် သင်ယူကြတဲ့ pure Physics, pure Mathematics ဆိုတာ အခုခေတ်ကာလမှာတော့ အင်မတန် အလုပ်ရှားသွားပါပြီ။



ဒါက ကျွန်မ လက်လှမ်းမီသလောက်သာ သိတာပါ။ တခြား ပညာရပ်တွေ၊ တခြားဘွဲ့တွေမှာလည်း ဒီခေတ်ကာလမှာ အလုပ်ရှာဖွေရ ခက်တာတွေ ရှိနေမှာပါ။



 ကျွန်မတို့ဟာ ဝါသနာပါတာကိုပဲ သင်ယူလို့ မရနိုင်တော့တဲ့ အခြေအနေနဲ့ အချိန်အခါကိုရောက်နေပါတယ်။ University တက်ဖို့ ဘယ်လိုင်းကို လိုက်ရမလဲ ရွေးချယ်တဲ့အခါမှာ ကိုယ်ဝါသနာပါရာကိုပဲ လုပ်ဖို့ ဆိုတာက မိဘက အမွေများထားရှိလို့ မိဘပိုက်ဆံပုံပေါ် ထိုင်နေရလို့ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့အခြေအနေမျိုးမှ မဟုတ်ဘဲ ကျွန်မတို့ မိဘတွေက ပညာသင်ပေးတဲ့ ပညာနဲ့ရင်းနှီးစားဖို့ ပညာအမွေသာ ပေးနိုင်တဲ့အတွက် ကျွန်မတို့ရဲ့ ဘဝနောင်ရေးမှာ ကျောင်းပြီးရင် အလုပ် ရ၊ မရဆိုတာက အရေးအကြီးဆုံးဖြစ်ပါတယ်။



ဘယ်လိုင်းကိုယူရမယ် ...ဘာကိုရွေးချယ်တက်ရမယ်ဆိုတာ ကိုယ့်စိတ်တစ်ခုတည်းနဲ့ ကိုယ်ကြိုက်တာတစ်ခုတည်းနဲ့ မဆုံးဖြတ်ဘဲ ယနေ့ခေတ်ကာလမှာ ဘယ်လို လုပ်ငန်းတွေက တာစားနေသလဲ၊ ဘယ်လို အလုပ်တွေက အလုပ်ရှင်တွေက အခေါ်များနေသလဲ၊ ဘယ်လိုအလုပ်မျိုးက အလုပ်ရဖို့ လွယ်ကူမလဲဆိုတာက တွေးတောပြီး အတွေ့အကြုံရှိသူများထံမှာ မေးမြန်းပြီး အကြံယူသင့်ပါတယ်။



ကိုယ်ဝါသနာပါတာက တခြား၊ ကိုယ် ယူလိုက်တဲ့ မေဂျာကတခြားဖြစ်နေရင်လည်း စာထဲမှာ စိတ်မပါနိုင်ဘဲ ပညာသင်ကာလမှာ ပျော်ရွှင်မှာ မဟုတ်တဲ့အတွက် ကိုယ်စိတ်ဝင်စားနိုင်၊ ဝါသနာပါတာနဲ့ နီးစပ်မှုရှိတာကို ရွေးချယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။တစ်ခါခါမှာ ကိုယ်ဝါသနာပါတာက ရည်းစားဦး အချစ်ဦးနဲ့တူပြီး မတတ်သာလို့ လမ်းခွဲလိုက်ရပြီးနောက် ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် အချစ်သစ်ကို ရှာရသလိုပါပဲ။ အချစ်သစ်ဟာ ကိုယ့်ဘဝတစ်လျှောက်လုံး ဆက်လက် လက်တွဲရမယ့်သူဖြစ်နေပြန်ပါတယ်။  အားလုံးအခြေတကျဖြစ်ရင်တော့ ရွေးချယ်လိုက်တဲ့အလုပ်ကိုလည်းလုပ်နိုင်သလို၊ အားလပ်ချိန်မှာ ဝါသနာပါရာကိုလည်း လုပ်နိုင်ပါတယ်။ ဒါဆိုရင် အချစ်ဦး ၊ အချစ်ဟောင်းကိုရော အချစ်သစ်ကိုရော မဆုံးရှုံးပါဘူး



ဒီလိုဆိုရင် ပျော်ရွှင်တဲ့ ဘဝကိုရရှိမှာပါ။ အလုပ် အဆင်ပြေတဲ့အတွက် ပျော်ရွှင်ရပြီး ကိုယ် ဝါသနာပါရာကိုလည်း အားလပ်ချိန်မှာ လုပ်နိုင်တဲ့အတွက် ပျော်ရွှင်ရမှာပါ။



အချိန်၊ နုပျိုမှု နဲ့ ကုန်ဆုံးသွားတဲ့ ပိုက်ဆံတွေကို ပြန်မရနိုင်တော့တဲ့အတွက် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အခြေအနေအကြောင်းများနဲ့ အလုပ်ရှင်များရဲ့ လိုအပ်ချက်များကို လေ့လာပြီးမှ ဘယ်ပညာရပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် ဆည်းပူးမယ်ဆိုတာ ရွေးချယ်မှု မှန်ကန်မှသာ ကျွန်မတို့ရဲ့ အနာဂတ်၊ အပေါ်ယံကြည့်ရင်တော့ တစ်ဦးချင်းရဲ့ ကောင်းကျိုးပေမဲ့  သေချာတွေးကြည့်ရင် လူတစ်ဦးချင်းစီ စုပေါင်းထားတဲ့ လူသားအစုအဝေး ကျွန်မတို့ရဲ့ ပတ်ဝန်းကျင် အနာဂတ်ကောင်းကျိုးပဲ ဖြစ်ပါတယ်။

No comments:

Post a Comment