Wednesday, 1 February 2017

အဖြူရောင်အင်္ကျီလေး

ကျွန်မရဲ့အနှစ်သက်ဆုံးအရောင်က အဖြူရောင်ဖြစ်ပြီး ချည်ထည်ချည်သားများကိုသာ ဝတ်ဆင်တတ်ပါတယ်။ ချည်ထည်ကိုမှ မဝတ်ရင် ပူလာပြီး ခေါင်းကိုက်တတ်တဲ့အကျင့်ကလည်း ရှိတယ်။ ချည်ထည် ချည်သားဆိုတာက ပြန့်စန့်နေအောင် ဘယ်လောက်ပဲ မီးပူတိုက်တိုက် ဝတ်ထားပြီးရင် ကြေတတ်တဲ့သဘောကလည်းရှိ၊ တစ်ခါလျှော် တစ်ခါ အရောင်လွင့်ပြယ်တတ်တာကြောင့် ကျွန်မကို ကြည့်လိုက်ရင် အမြဲပင်အရောင်မရှိ၊ အဆင်းမရှိ ၊ ကြေမွမွ အဝတ်များနဲ့ ပေါ့။

အဖြူရောင်ချည်ထည်အင်္ကျ ီများကို နှစ်နှစ်သက်သက်ဝတ်တတ်တဲ့ ကျွန်မမှာ အပြင်သွားရင် ဝတ်တဲ့

အဖြူရောင်အင်္ကျ ီ ၅ ထည်ရှိပါတယ်။ ပိတ်ဖောက်ဇာချည်သား လက်စက ရင်ဖုံးအင်္ကျ ီကတော့ အချိတ်ထဘီ တစ်ခုခုနဲ့တွဲဝတ်လိုက်ရင် မြန်မာအမျိုးသမီးတစ်ယောက်ပုံစံဖြစ်သွားပြီး ယောထဘီနဲ့တွဲဝတ်လိုက်တော့ ဘုရား၊ ကျောင်းကန်တွေကို သွားဖို့ လိုက်ဖက်သွားပါလေရော။ ရှိတဲ့အဖြူရောင်အင်္ကျ ီများထဲမှာ ကျွန်မအနှစ်သက်ဆုံးဖြစ်တဲ့ COMMUNIQUE တံဆိပ် အင်္ကျ ီကတော့ ကျွန်မတယုတယနဲ့ကို ဂရုစိုက်နေရပြန်ပါရော။ မူလဝယ်စက ဖြူလွလွပါပဲ။ ကျွန်မရဲ့ ပေါ့ဆမှုကြောင့် မတော်တဆ နှုတ်ခမ်းဆိုးဆေးအနည်းငယ်ပေစွန်းသွားတော့ ကျွန်မ ဗျာများရပါရော။ အသားဖြူတဲ့ကျွန်မက နှုတ်ခမ်းဆိုးဆေးကို ချော့ကလက်ရောင်ဖျော့ဖျော့နဲ့ အညိုရောင်ဆိုးပါတယ်။ မျက်ဆံအညိုရောင်၊ မျက်ခုံးမွေးအညိုရောင်နဲ့ မူလဆံပင် အညိုရောင်တို့ကြောင့် ကျွန်မကိုယ်ကျွန်မ နှုတ်ခမ်းအညိုရောင်နဲ့သာ လိုက်ဖက်တယ်ထင်တဲ့ စိတ်ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်မယ်။



အဖြူလွလွပေါ်မှာ အညိုရောင်အနည်းငယ်ပေစွန်းသွားတော့ဆပ်ပြာမှုန့်နဲ့သေချာ အထပ်ထပ်လျှော်လို့ အလုပ်များရပါလေရော။ ကျွန်မကိုယ်ကျွန်မလည်း အပြစ်တင်ရင်းပေါ့။ အဝတ်လှန်းရင်လည်း အခြားအထည်များနဲ့ မထိအောင်လည်း ဂရုစိုက်ပြီး သီးခြားလှန်းရသေးတယ်။ hanger တွေနဲ့ အဝတ်တွေချိတ်လှန်းထားတဲ့ တစ်နေ့မှာတော့ လေပြင်းတိုက်လို့ hanger တွေက စုသွားပြီး အင်္ကျ ီတွေလည်း ပူးကပ်သွားတယ်။ အတူတူလှန်းထားတာမဟုတ်ဘဲ အထည်နှစ်ခုခြားနေပေမယ့် ခြားထားတဲ့အကျင်္ ီတွေက ခါးတိုတွေဖြစ်ပြီး  ညီမဝမ်းကွဲရဲ့ ချည်ထည်ဆေးဆိုးပန်းရိုက်အင်္ကျ ီပန်းဆီရင့်ရောင်က ခါးရှည်မို့ ကျွန်မရဲ့ အဖြူရောင်အင်္ကျ ီခါးရှည် အောက်နားပိုင်းနဲ့ ထိပြီး ကျွန်မရဲ့ အဖြူရောင်အကျင်္ ီအောက်နားမှာ ပန်းဆီရင့်ရောင်တွေ ပေစွန်းကုန်တော့တာပဲ။ အဲဒီမှာ ကျွန်မ အတော့်ကို စိတ်မချမ်းမသာဖြစ်တော့တာပဲ။ ညီမကိုလည်း ဘာလို့ ဒီလိုဆေးကျွတ်တဲ့ အထည်တွွေဝယ်တာလဲလို့လည်း အပြစ်ဆိုမိသေးတယ်။ ဒီ ပေစွန်းနေတာတွေကို ဘယ်လို ချွတ်ရပါ့လို့လည်း အကြံအိုက်နေခဲ့သေးတယ်။ ရန်ကုန်မြို့မှာ ကျွန်မတစ်ယောက်တည်း သွားရရင် ဈေးဆိုရင် city mart နဲ့  လှည်းတန်းဈေးသာ သွားတတ် သွားရဲတဲ့ ကျွန်မ နောက်တစ်နေ့ မနက်မှာ လှည်းတန်းဈေးသွားပြီး  အဖြူချွတ်ဆေးတစ်ဗူးဝယ်၊ အိမ်ပြန်လာပြီးနောက် ချွတ်ဆေးနဲ့ရောနဲ့ရောပြီး အကျင်္ ီ ထည့်စိမ်ထား။ ကျွတ်ပြီလား ၊ ကျွတ်ပြီလားနဲ့ မကြာမကြာလည်း လာကြည့်ရသေးတယ်။ လက်နဲ့ပွတ်ကြည့်လိုက် ၊ စွန်းနေတဲ့ ဆေးရောင်မကျွတ်သေးဘူးဆိုရင် ချွတ်ဆေးထပ်ထည့်လိုက် ဆပ်ပြာမှုန့်ထည့်လိုက် ၊ လက်နဲ့ ပွတ်လိုက်နဲ့ တကယ့်ကို ဒုက္ခများနေတော့တာပဲ။ မွန်းတည့်ချိန်လောက်ကတည်းက ချွတ်ဆေးစိမ်ထားတဲ့ အကျင်္ ီက ညနေစောင်းလောက်မှပဲ စွန်းထင်းနေတဲ့အရောင်တွေ ကျွတ်တော့တယ်။ အဲမှာ ကျွန်မလည်း အင်မတန်ဝမ်းသာသွားပြီး မဲနယ်မှုန့်လေးနည်းနည်းနဲ့ ထပ်မံလျှော်လိုက်ပါရော။ ကျွန်မ စိတ်တိုင်းကျပြီဆိုတော့မှ သီးသန့်တစ်ထည်တည်း လှန်းထားလိုက်ပြီး နောက်တစ်နေ့မနက်ကျတော့ ခြောက်ပြီလားဆို ကြည့်တော့ ခပ်ထပ်ထပ်ဖြစ်နေသေးပေမယ့်လည်း ဆက်လှန်းထားရင် လေတိုက်လို့ ဖုန်မှုန့်၊ သဲမှုန့်တွေ ပေရင်အခက်ဆိုပြီး အိပ်ခန်းထဲက အဝတ်စင်တန်းမှာ ဆက်လှန်းထားရ၊ ခြောက်ပြီဆို မီးပူတိုက်ပြီး သိမ်းနဲ့ တကယ့်ကို ဥစ္စာခြောက်နေတာပဲ။



အဖြူရောင်ကို မစွန်းမထင်း မပေအောင် ဂရုစိုက်ရတာ အင်မတန် ပင်ပန်းပါတယ်။ ကိုယ့်ရဲ့ မတော်တဆ ပေါ့ဆမှု၊ သူများရဲ့ မတော်တဆမှု နဲ့သဘာဝပတ်ဝန်းကျင်ကြောင့် မပေစွန်းအောင် ထိန်းသိမ်းရတာလည်း ရင်တထိတ်ထိတ်ပဲ။

မိုးရာသီမှာ မိုးစိုလာရင်လည်း ချက်ချင်းလျှော်လို့ ဖားဥဆိုတဲ့အမည်းစက်လေးတွေ မစွန်းထင်းအောင်လည်း ဂရုစိုက်နေရပြန်ရော။ သနပ်ခါးလိမ်းလို့ ဝါကျင့်ကျင့်အရောင်တွေ ပေစွန်းပြန်ရင်လည်း မဲနယ်လေးနည်းနည်းနဲ့လျှော်လို့ ဖြူလွလွအတိုင်းပြန်ရအောင် လုပ်ရပြန်ရော။ ဝတ်ထားပြီး သွားလာစားသောက်လို့မှ ကော်ဖီမပေစွန်းအောင်၊ အချဉ်ရေ မပေစွန်းအောင် သတိထားနေရပြန်ရော။ စွန်းသွားပြီးရင်လည်း မူလအတိုင်း ပြန်ဖြူအောင် လျှော်ဖွပ်ရတာကလည်း အမော။



မူလတုန်းကတော့ အဖြူပါပဲ။ အဲဒီအဖြူကို အချိန်နဲ့အမျှ အဖြူအတိုင်း ရှိနေဖို့ကို ဂရုစိုက်နေရတာ လူလည်းပင်ပန်းသလို စိတ်လည်းပင်ပန်းပါတယ်။ ဒါပေမဲ့ ပြုလုပ်ဖန်များရင် အထုံဆိုတာဖြစ်လာတယ်။ အဲဒါကနေ ပါရမီဆိုတာဖြစ်လာတယ်ဆိုတော့ အခုနေ မစွန်းမထင်း မပေကျံအောင် ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်နေရတာတွေဟာ နောင်ကာလရှည်ကြာလာတဲ့အခါမှာ သူ့အလိုလို automatically များ စိတ်မပင်ပန်း၊ လူမပင်ပန်းဘဲ အလိုလို ဖြစ်သွားမလားလို့ ဆန္ဒရှိ မျှော်လင့်မိပြန်တယ်။ ကိုယ့်အဖြူရောင်ကို မစွန်းမထင်းအောင် ဂရုစိုက်ထိန်းသိမ်းနေရသလို သူတစ်ပါး အခြားတစ်ဦးတစ်ယောက်ရဲ့ အဖြူရောင်ကိုလည်း ကိုယ့်ကြောင့် မစွန်းမထင်းအောင် ဂရုစိုက်ရပါဦးမယ်။ ပတ်ဝန်းကျင်သဘာဝ၊ ကိုယ့်ရဲ့ မတော်တဆမှု၊ သူတစ်ပါးရဲ့ မတော်တဆမှုများနဲ့ စွန်းထင်းတတ်တဲ့ ကိုယ့်ရဲ့ အဖြူရောင်ကို ဂရုစိုက်ထိန်းသိမ်းနေရတာ သူတစ်ပါးလည်းပဲ ကိုယ့်လိုပဲ သဘာဝပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ မတော်တဆမှု၊ သူတစ်ပါးရဲ့ မတော်တဆမှုများကြောင့် မစွန်းမထင်းအောင် ဂရုစိုက်နေရမှာပဲလို့ ကိုယ်ချင်းစာတတ်လာတယ်။



အဖြူရောင်အင်္ကျ ီလေးက ကျွန်မကို သင်ခန်းစာတစ်ခု သင်ပြသွားခဲ့ပြန်ပြီ။ ကျေးဇူးတင်ပါတယ် အဖြူရောင်အင်္ကျ ီလေး။

No comments:

Post a Comment