Wednesday, 1 February 2017

အပြုံးများနှင့်ဘဝ

ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ ဟာသလေးများ ပြောတတ်တဲ့သူ ၊ သူတစ်ပါးကို
ရယ်မောစေတတ်တဲ့သူမျိုးကို ခင်မင်သူ အလွန်ပေါများတတ်ကြပါတယ်။
ဘဝမှာ အကောင်းကိုပဲ တွေးပြီး ပျော်ရွှင်စွာ ရယ်မောတတ်မယ်ဆိုရင် တစ်နေ့ထက် တစ်နေ့
နေ့စဉ် အချိန်ဇယားတွေနဲ့ လှုပ်ရှားနေရခိုက်မှာ အရင်ကထက် ပိုမို ပျော်ရွှင်လာပြီး လုပ်သမျှလည်း
အောင်မြင်လာတတ်ကြပါတယ်။ ဟုတ်ပါတယ်..အမှန်စင်စစ်မှာတော့ အကောင်းဘက်ကိုပဲတွေးတတ်ပြီး
ရယ်မောပျော်ရွှင် တတ်ခြင်းက ဘဝမှာ အောင်မြင်ခြင်းရဲ့ သော့ချက် ဖြစ်ပါတယ်။
အနည်းဆုံးတော့လူချစ် လူခင်များခြင်းဆိုတာကို ရရှိပါတယ်။

လူတစ်ယောက်ဟာ ကျဉ်းထဲ ကြပ်ထဲရောက်ချိန်မှာ စိတ်ပျက် အားငယ်မှုများ ၊
တုန်လှုပ်ကြောက်ရွံ့များ ဖြစ်တတ်ကြပေမယ့် အဲဒီ စိတ်ခံစားမှုမျိုးက
အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။

ဟာသဉာဏ်ရှိခြင်းဟာ စိတ်မှာ အဆိုးခံစားရခြင်းကို အောင်နိုင်စေပြီး ဘယ်လို ပြဿနာမျိုးပဲ ဖြစ်ဖြစ်
ကြုံတွေ့နေရစေဦးတော့ ဖြေရှင်း သွားနိုင် ပါတယ်။

နေ့စဉ် နေ့တိုင်းမှာ ပျော်ရွှင်ရဖို့ဆိုတာကို အလေ့အကျင့် တစ်ခု အနေနဲ့ ပြုလုပ်လို့ ရပါတယ်။
ဘဝမှာ ပြောင်းလဲခြင်း အနည်းငယ်ကို စတင်လိုက်တဲ့ အနေနဲ့ အကောင်းဘက်ကိုပဲ ရှာဖွေ
တွေးတောပြီး ရယ်မောတတ်တဲ့ အလေ့အထကို အခြေခံအဖြစ် ပုံမှန်
ပြုလုပ်လိုက်ပါမယ်။ ပျော်ရွှင်ခြင်း အလေ့အထ ဆိုတာက ကျွန်မတို့ ဘဝမှာ ကျွန်မတို့ မြင်ရတဲ့
အရာတွေကို ကြည့်ပုံ ၊ ကြည့်နည်း ဆိုရင်လည်း မမှားပါဘူး။ ဘဝမှာ ကြုံတွေ့သမျှတွေကို
အမှန်အတိုင်း ကြည့်မြင်တတ်ဖို့ အရေးကြီးပြီးတော့ အဲဒီ မြင်တွေ့ရမှု အပေါ်မှာ
ခံစားရတဲ့ စိတ်နေ စိတ်ထားကို အကောင်းဘက်ဖြစ်အောင် မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေး ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။

စိတ်မပျော်ရွှင်လျှင် စိတ်ဖိစီးမှုကို ခံစားတတ်ရပါတယ်။ စိတ်ဖိစီးမှု အချိန်ကြာရှည်
ခံစားနေရလျှင် စိတ်ကျခြင်း ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ ကိုဆက်နွယ် ခံစား
လာရပါတယ်။ အကောင်းဘက်ကိုတွေးဖို့ဆိုတာ အလေ့အကျင့် ပြုလုပ်
ယူလို့ ရပါတယ်။ ပြဿနာ တစ်ခုကို ကြုံတွေ့နေရပြီ ဆိုလျှင် ပြဿနာကိုမတွေးဘဲ
ပြဿနာကို ဘယ်လို ဖြေရှင်းမယ်ဆိုတာကိုပဲ တွေးသင့်ပါတယ်။
ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကိုသာ
အထူး ဂရုပြုသင့်ပါတယ်။ ရယ်မောလိုက်ဖို့ အကျင့်မရှိသေးဘူးဆိုရင် ရယ်ရွှင်ဖွယ်
ဟာသ ကာတွန်းများ ၊ ၀ထ္ထုများကို ဖတ်ရှုနိုင်သလို ဟာသရုပ်ရှင်ကားများ ကိုလည်း ကြည့်ရှုကာ
ရယ်မောခြင်း အလေ့အထကို ပြုလုပ်နိုင်ပါတယ်။ ကျွန်မတို့ကို စိတ်အနှောင့်အယှက်
ဖြစ်စေတဲ့ အရာလေးတွေကိုပင် ဟာသရှုထောင့်မှ ကြည့်ကာ ရယ်မောလိုက်နိုင်ခြင်း အလေ့အထ
ဖြစ်လာနိုင်အောင် မွေးမြူသင့်ပါတယ်။ အဲလိုမျိုး အဆိုးလေးတွေကို ရယ်မော
ပစ်လိုက်နိုင်ပြီဆိုရင် ဘယ်အရာကမှ အဲဒီထက် မဆိုးတော့ပါဘူး။

ဂီတ ဆိုတာကလည်း လူ့စိတ်ကို ကြည်နူးစေတတ်တာကြောင့် သီချင်းနားထောင်ခြင်း ၊
ဂီတမှာ ပျော်ဝင်ခြင်း အလေ့အထရှိတာဟာ စိတ်လက်ပေါ့ပါးစေပါတယ်။ ကျွန်မတို့
နှစ်သက်ရာ စာအုပ်များကို ဖတ်ရှုပြီး တွေးတောခြင်းဖြင့် ကျွန်မတို့ကို အဆိုးများကို
တွေးနေခြင်းမှ လျော့ပါး စေနိုင်ပါတယ်။ သူများအတွက် ကျွန်မတို့ တတ်နိုင်တာ
လေးတွေကို ကူညီပေးတတ်သလို မိမိကိုယ်မိမိ တတ်နိုင်သလောက် ကူညီမယ်
ဆိုရင် ကျွန်မတို့တွေ ပျော်ရွှင်ခြင်း အလေ့အထ ရှိလာမှာပါပဲ။ သူတစ်ပါးအတွက်
ပျော်ရွှင်ပေးလိုက်သလို သူတစ်ပါး ပျော်ရွှင်ခြင်းကိုလည်း မနာလို ဝန်တိုခြင်း မရှိအောင်
ကြိုးစားနေထိုင်သင့်ပါတယ်။ ကျွန်မတို့ ကိုယ်တိုင် မပျော်ရွှင်နေတဲ့ အချိန်မှာ သူတပါး
ပျော်ရွှင်နေတာကို မြင်ရလျှင် စိတ်ထဲမှာ ထိုသူတို့ကို မနှစ်မြို့
သလိုဖြစ်တတ်ပါတယ်။ ထိုသူတို့ ပျော်ရွှင်တာကို ကျွန်မတို့က မနှစ်သက်သလို
ဖြစ်မိမယ့်အစား သူတို့ ပျော်ရွှင်နေခြင်းအတွက် ကျွန်မတို့က သူတို့အတွက် ပျော်ရွှင်ပေးဖို့
ကြိုးစားရပါတယ်။ သူတစ်ပါးကို ပျော်ရွှင်စေနိုင်ရုံတင်မကဘဲ ကျွန်မတို့
ကိုယ်တိုင်လည်း ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကို
ထိခိုက်စေနိုင်သော အကျိုးဆက် ဖြစ်ပေါ်လာစေတဲ့
အဆိုးဘက်ကို တွေးတောခြင်းမှ လျော့နည်း လာစေနိုင်ပါတယ်။ ကျွန်မတို့ အနီးအပါးက
မိတ်ဆွေတွေကလည်း ကျွန်မတို့ ထံမှ ပျော်ရွှင်မှုများ ကူးစက်ကာ ပျော်ရွှင်သော
ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

လူဆိုတာက အပြစ်ကင်းစင် ကောင်းမွန်လှတယ်ဆိုတာ မရှိတတ ်ကြပါဘူး။ ပုထုဇဉ်မို့
အနည်းနဲ့ အများတော့ အမှားအယွင်း ၊ အပြစ်တွေရှိကြမှာပါပဲ။
အရာရာတိုင်းကို သိမြင် တတ်ကျွမ်း တယ်ဆိုတာလည်း မရှိပါဘူး။
ကိုယ်မစွမ်းဆောင်နိုင်တဲ့ အရာတွေလည်း
ရှိနိုင်ပါတယ်။ ကျွန်မတို့ကိုယ် ကျွန်မတို့က ကိုယ့် ပညာရေးနောက်ခံ နယ်ပယ်မဟုတ်တဲ့
နေရာမှာ အသုံးမကျသူ ၊ မသိ မတတ်သူလို့ ကိုယ့်ဘာကိုယ် အပြစ်တင်တဲ့အတွေးတွေ
တွေးနေမယ့်အစား ကျွန်မတို့ တတ်မြောက် တတ်ကျွမ်းတဲ့ အရာတွေအတွက် ကျွန်မတို့ကိုယ်
ကျွန်မတို့ ချီးကျူးလိုက်ပါမယ်။ ကျွန်မတို့ဟာ ကျွန်မတို့ တတ်ကျွမ်းတတ်မြောက်တဲ့
နယ်ပယ်မှာ အသုံးကျသူ ၊ အသုံးဝင်သူ ဖြစ်တာကြောင့် တခြား ကိုယ့်နယ်ပယ်
မဟုတ်တဲ့နေရာတွေမှာ မတတ်ကျွမ်းတာ ကျွန်မတို့ အပြစ်မဟုတ်ပါဘူး။ တတ်မြောက်ထားတယ်
ဆိုရင်တော့ သာလွန် ကောင်းမွန်တာပေ့ါနော်။ ဒီလိုတွေးလိုက်တော့ ကျွန်မတို့ကိုယ်ကျွန်မတို့
အသုံးမကျသူလို့ မမြင်တော့ဘဲ နေထိုင်လို့ကောင်းလာပြီး ပျော်ရွှင်လာပါတယ်။

ယနေ့ခေတ်မှာ နေ့စဉ်ဘဝဆိုတာက မလွယ်လှပါဘူး။ ရုန်းကန် လှုပ်ရှားရတဲ့ ဘဝထဲမှာ
စိတ်ညစ်ငြူးစရာတွေ အနည်းနဲ့ အများဆိုသလို ရှိမှာပါပဲ။ အလုပ်တွေများလို့ သိပ်ကို
စိတ်ညစ်နေပြီဆိုလျှင် ကျွန်မတို့ မိုဘိုင်းလ်ဖုန်းကို ပိတ်ထားလိုက်ပြီး ၊ တီဗွီ ၊ ကွန်ပျူတာ
အင်တာနက် စတာတွေကို ခဏလောက် ပိတ်ထားလိုက်ပြီး အေးဆေး တိတ်ဆိတ်တ ဲ့နေရာလေး
တစ်ခုမှာ လုံလောက်တဲ့ အနားယူမှုများရအောင် နေလိုက်ပါမယ်။
တခဏတာလောက် ကျွန်မတို့ရဲ့ စိတ်ကို ကျွန်မတို့ လွတ်လပ်ခွင့်လေး ပေးထားလိုက်ပါမယ်။
ဒါမှလည်း အနားယူပြီး အလုပ်ပြန်လုပ်တဲ့အခါမှာ စိတ်အာရုံစူးစိုက်နိုင်မှု ကောင်းမွန်မှာ
ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘဝမှာ ကျွန်မတို့ချမှတ် ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေကို ရယ်မော
ပျော်ရွှင်ပြီး ရောက်ရှိသွားနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား ။ ။ သတင်းစာဆောင်းပါး A Life of Positive Thinking and Laughter

ဟနစံ

No comments:

Post a Comment