Every woman is wonderful ! If you are a woman, you are a wonderful lady.
Wednesday, 1 February 2017
ခံစားချက်များနှင့်
ကျွန်မတို့ရဲ့စိတ်ခံစားချက်တွေ တစ်နေ့ နဲ့ တစ်နေ့ ၊ တစ်ချိန်နဲ့ တစ်ချိန်မတူဘဲ
အတက် ၊ အကျတွေနဲ့ လှိုင်းသဖွယ် ဖြစ်နေတယ်လို့ ဆိုလို့ရပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ အဆိုးစိတ်ခံစားချက်တွေဖြစ်တဲ့ ဒေါသ ၊ လောဘ၊ မနာလိုဝန်တိုမှု ၊
ကြောက်ရွံ့ ထိတ်လန့်မှု ၊ ဝမ်းနည်းမှု ၊ စိတ်ဆန္ဒပြင်းပြမှုတွေကို ချုပ်ထိန်း ထားကြရပါတယ်။
ကျွန်မတို့ရဲ့ စိတ်မှာ လက်မခံထားသင့်တဲ့ စိတ်ခံစားချက် တွေကို ဖယ်ထုတ်ထားနိုင်ဖို့
ကြိုးစားရပါတယ်။ တကယ်လို့သာ ကျွန်မတို့က ဒီလို အဆိုး စိတ်ခံစားချက်တွေကို
ကျွန်မတို့ရဲ့စိတ်မှာ ခံစားဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် အဲဒီ မကောင်းဆိုးဝါး
စိတ်ခံစားချက်တွေက အတားအဆီးမဲ့စွာနဲ့ ကျွန်မတို့ရဲ့ အတွေး တွေထဲကို ဝင်ရောက်
စီးဝင်လာပြီး ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီးနောက် ကိုယ်ကျန်းမာရေးကိုပါ
အန္တရာယ်ဖြစ်စေပါတော့မယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာ ထဲကို မကောင်းတဲ့ စိတ်ခံစားချက်တွေက
အတားအဆီးမဲ့ ဝင်ရောက်လာခြင်းကို ခုခံတားဆီးဖို့ လိုပါတယ်။ အကောင်းဖြစ်စေတဲ့
စိတ်ခံစားမှုမျိုးဖြစ်တဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းသာခြင်း ၊ ကြည်နူးခြင်း၊ နှစ်သက်ခြင်း ၊
အေးချမ်းခြင်း စတာတွေဟာ ကျွန်မတို့ရဲ့ကိုယ်ခန္ဓာထဲကို စီးဝင်လာမယ် ဆိုရင်တော့
ကျွန်မတို့ရဲ့စိတ်ကျန်းမာရေး ၊ ရုပ်ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။
ခံစားဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေကို ကျွန်မတို့က ကိုယ်အမူအရာနဲ့
ဖော်ပြ လေ့ရှိကြပါတယ်။
ကျွန်မတို့ ဝမ်းနည်းပူဆွေးနေလျှင် ငိုကြွေးတတ်ကြပြီး ၊ ဒေါသဖြစ်နေလျှင်
အော်ဟစ် လိုက်ကြပါတယ်။
ကြောက်ရွံ့ ထိတ်လန့်နေလျှင်တော့ ကျွန်မတို့က ပုန်းကွယ်ဖို့ ကြိုးစားကြပါတယ်။
စိတ်ခံစားမှုဆိုတာ ဖြစ်လာပြီး အချိန်အတိုင်းအတာ တစ်ခုထိသာ တည်ရှိနေပြီးနောက်
ပျောက်သွားတတ်တာမျိုးပါပဲ။ တစ်သမတ်တည်း ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း၊
ကြောက်ရွံ့ ခြင်း ၊ ဒေါသဖြစ်ခြင်း စတာတွေကို ခံစားနေရတာ မဟုတ်ပါဘူး။ ဘယ်လိုပဲ
ခံစားနေရပါစေ ၊ ကိုယ့်စိတ်မှာ ခံစားနေရတာဖြစ်တာကြောင့် ကိုယ့်မှာသာလျှင်
တာဝန်ရှိနေပြန်ပါတယ်။ တကယ်လို့ ကျွန်မတို့က အိမ်နီးချင်းနဲ့ ပတ်သက်လို့ စိတ်အလိုမကျ၊
ဒေါသထွက်နေတာဆိုရင် အိမ်နီးချင်းကို အပြစ်မတင်ဘဲ ကျွန်မတို့ကိုယ်တိုင် ပြုပြင်
ကြည့်လိုက်ပါမယ်။ ကျွန်မတို့က စိတ်မှာ သတိမထားမိလိုက်ဘဲ ကျွန်မတို့ရဲ့အိမ်နီးချင်းကို
စိတ်အနှောင့်အယှက် ဖြစ်အောင် ၊ စိတ်ကသိကအောက် ဖြစ်အောင် တစ်ခုခု လုပ်ခဲ့မိ
ကောင်းလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့က အကြောင်းရင်းခံ ဘာကြောင့်ရယ်
ဆိုတာ မသိရဘဲ အဲဒီ အိမ်နီးချင်းက ခုလောလောဆယ်မှာ ကျွန်မတို့ အပေါ်မှာ
အင်မတန် ဆိုးနေတာမျိုးလည်း ကြုံဖူးကြမှာပါ။ တကယ်လို့ ကျွန်မတို့ရဲ့ စိတ်နှလုံးမှာ
အိမ်နီးချင်းအပေါ်ကို မေတ္တာထားတယ်ဆိုရင် အိမ်နီးချင်းကလည်း ကျွန်မတို့အပေါ်
ဆိုးနေစရာ အကြောင်းမရှိပါဘူး။
မသိစိတ်ရော ၊ သိစိတ်ရောမှာ မှန်သားပြင်ကဲ့သို့ ပြုမူမှုများ ရှိနေပါတယ်။
ကျွန်မတို့က မှန်ရှေ့ မှာရပ်ပြီး ပြုံးနေ မယ်ဆိုရင် မှန်ထဲက
ကျွန်မတို့ရဲ့ ပုံရိပ်ကလည်း ပြုံးနေမှာပဲ ဆိုတာ ကျွန်မတို့ အားလုံး အသိပဲ ဖြစ်ပါတယ်။
ဒီလိုဆိုရင် ကျွန်မတို့ကိုယ်တိုင်ဟာ ကျွန်မတို့ရဲ့ အတွေးတွေ ၊ ပြုမူ
လှုပ်ရှားမှုတွေ ၊ အပြော အဆိုတွေအတွက် တာဝန်ရှိရုံသာမကဘဲ ကျွန်မတို့ ရဲ့ ဘေးပတ်ဝန်းကျင်က
သူများရဲ့ အပြူအမူ ၊ အပြောအဆိုများ အတွက်ပါ တာဝန်ရှိနေပြန်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်က
သိမ်မွေ့ နူးညံ့ကာ ယဉ်ကျေးစွာ ဒီဘဝခရီးလမ်းကို လျှောက်မယ် ဆိုရင် ဒီခရီးမှာ
ကျွန်မတို့ ကြုံတွေ့ရတဲ့သူတွေကလည်း ကျွန်မတို့လိုပဲ ယဉ်ကျေး သိမ်မွေ့သော
စိတ်နေစိတ်ထားကောင်းသောသူများ ဖြစ်နေမှာပါပဲ။
အဲဒီတော့ အရင်ဆုံး ကျွန်မတို့ကိုယ်
ကျွန်မတို့ စိတ်နေစိတ်ထားကောင်းတဲ့လူများ အဖြစ်သို့ ရောက်အောင်ပြုပြင် ကြိုးစား
လိုက်ပါတော့မယ်။
ဟနစံ
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment