ယနေ့ခေတ်ကာလမှာ ဘဝတစ်ခုရှင်သန်ရပ်တည်ဖို့ ခက်ခဲပင်ပန်းလှပါတယ်။ ဘဝမှာ မပြေလည်မှုတွေကြောင့် လူတွေရဲ့ စိတ်တွေဟာလည်း ပြောင်းလဲတတ်ကုန်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ အတွင်းဓာတ်ခံစိတ်နေ စိတ်ထားအပေါ်မှာမူတည်ပြီးတော့ ဘဝရဲ့ မပြေလည်မှုတွေကို တုန့်ပြန်ကြပုံတွေ မတူညီကြပါဘူး။ မပြေလည်မှုတွေကို ပြေလည်အောင် အားသွန်ခွန်စိုက်ကြိုးစားရုန်းကန်နေသူတွေရှိသလို၊ ဘဝမှာ မပြေလည်တိုင်း ပြေလည်နေတယ်လို့ ထင်ရဟန်ရှိတဲ့ မိမိထက် ကံကောင်းနေတယ်လို့ ထင်ရဟန်ရှိသူတွေကို ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ ကျုးလွန်စော်ကားနေသူများလည်းရှိပါတယ်။ထိုသူတွေအတွက်ကတော့ ကံ ၃ပါးထဲက တစ်ပါးပါး အမှားကျုးလွန်တဲ့အတွက် ကံ ၃ပါးရဲ့ အကျိုးပြန်လည်ခံစားရကာ ဘဝမှာ အဆင်မပြေ၊ ခက်ခဲကာ မပြေလည်မှုတွေသာ ထပ်တိုးလာပါတယ်။ ထိုအခါ မပြေလည်မှုများအတွက် စိတ်ထွက်ပေါက်အနေနဲ့သော်လည်းကောင်း၊ မိမိထက်ပြေလည်နေသည်ဟု မိမိက သူတို့ကျတော့ ကံကောင်းလိုက်တာဟု ထင်ရသောသူများကို မသိစိတ်မှသော်လည်းကောင်း၊ သိစိတ်ဖြင့်သော်လည်းကောင်း ကံ၃ပါးထဲမှ တစ်ပါးပါးနဲ့ စော်ကားကျုးလွန်မိပြန်တဲ့ခါ ကံ ၃ပါးအကျိုးပေးနဲ့ မပြေလည်မှု သံသရာဟာ အဆုံးမသတ်နိုင်တော့ပါဘူး။
ဘဝမှာပင်လယ်ပြင်မှာသင်္ဘောပျက်ပြီးအသက်ဘေးမှလွတ်မြောက်အောင် လုံ့လစိုက်ထုတ်ကူးခတ်တဲ့ ဇနကမင်းသားကိုမေခလာနတ်သမီးလာရောက်ကယ်တင်တဲ့ ဇနကမင်းသားဇာတ်တော်ကို ကျွန်မတို့မြန်မာလူမျိုး အားလုံးလိုလို သိဖူးကြပါတယ်။ တခါတရံမှာ ဘဝပင်လယ်ပြင်မှာရုန်းကန်ကူးခတ်ရတာမောလာတဲ့အခါမှာ မေခလာနတ်သမီး ဘယ်တော့များမှလာကယ်ပါ့မလဲလို့ တမ်းတညည်းညူတတ်တဲ့သူတွေကိုလည်းတွေ့ဖူးပါတယ်။ အခက်အခဲတစ်စုံတစ်ရာကြုံတိုင်း နတ်သမီးလာကယ်တယ်လို့ ယုံကြည်နေတဲ့သူတွေလည်းရှိပါတယ်။ တကယ်တော့ ကျွန်မတို့လူသားတွေအခက်အခဲအခဲကြံုချိန်မှာ လာကယ်တတ်တဲ့ နတ်သမီးဆိုတာ ကျွန်မတို့ရဲ့ အတွင်းစိတ်ပါပဲ။ ဘယ်သူမှမမြင်မတွေ့နိုင်တဲ့ နတ်သမီးပါပဲ။
Universe Law လို့ခေါ်တဲ့လောကပါလတရားအရ ကျွန်မတို့ပေးလိုက်တဲ့အရာတွေဟာ ကျွန်မတို့ဆီကိုပြန်လာတတ်ပါတယ်။ ကိုယ်ပြုလိုက်တဲ့အကြောင်းကြောင့် အကျိုးပြန်ဖြစ်လာတာပါ။ ကျွန်မတို့က လူတွေအပေါ်ကိုမေတ ္တ ာပေးလိုက်တယ်။ ကြင်နာမှု ၊ စာနာမှုတွေပေးလိုက်တယ်။ ကူညီမှုတွေပေးလိုက်တယ်။ အဲသည်လိုပေးလိုက်တဲ့အတွက် ဆုံးရှုံးသွားတယ်လို့ ယူဆကောင်းယူဆကြပါလိမ့်မယ်။ တကယ်တန်းကျတော့ လောကကြီးဟာ အရာရာစီစဉ်ထားပြီးသားပါ။ ပေးလိုက်သူကို ပြန်ပေးမှာပါ။
ဒါပေမယ့် ပေးလိုက်သူရဲ့စေတနာ မေတ ္တာ ဟာ ဖြူစင်ရပါမယ်။ ဘာအကျိုးမှမမျှော်ကိုးဘဲ ၊ တုန့်ပြန်မှု ကိုမျှော်လင့်မထားဘဲ ဖြူစင်တဲ့ စေတနာ ၊ အကြင်နာတွေနဲ့ လူသားအချင်းချင်းကူညီရိုင်းပင်းကြတဲ့အခါမှာ စိတ်မှာကြည်လင်အေးချမ်းမှု ၊ ပီတီဖြစ်မှုကို ဆုလာဘ်အနေနဲ့ ပထမဦးဆုံးခံစားရပါတယ်။ ဘယ်သူမှမမြင်မသိနိုင်ပေမယ့် ကိုယ့်စေတနာ ကို ကိုယ်ပဲသာသိတာမို့ပါ။ လူသားအချင်းချင်းရိုင်းပင်းတယ် ဆိုတဲ့နေရာမှာ ငွေကြေးစီးပွားရေးအရ ထောက်ပံ့မှသာလျှင် ကူညီတဲ့အရာရောက်တာ ရက်ရောစွာလှု ဒ ါန်းတာမဟုတ်ပါဘူး။ အားငယ်နေတဲ့သူတွေ ၊ စိတ် ဓါတ်ကျနေတဲ့သူတွေက်ု ကြင်နာနွေးထွေးတဲ့ အားပေးစကားတွေပြောကြားပြီး ကူညီလို့လည်းရပါတယ်။ လူသားတိုင်းဟာ ပုထုဇဉ်တွေမို့ အမှားမကင်းနိုင်ကြပါဘူး။ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ မှားဖူးကြပါတယ်။ အဲသည်လိုအမှားပြုလုပ်မိတဲ့သူဟာ သူ့အမှားကြောင့်စိတ်ညစ် စိတ်ဆင်းရဲနေတဲ့အချိန်မှာ ကျွန်မတို့ကထပ်ပြီး အပြစ်တင်မယ် အပြစ်ပြောမယ်ဆိုရင် သူဟာ ပိုလို့စိတ် ဓ ါတ်ကျဖွယ်ရာရှိပါတယ်။ လူတစ်ယောက်ကို အပြစ်တင်ဝေဖန်ရတာ အင်မတန်မှကိုလွယ်ကူပါတယ်။ အဲသည်လိုပဲ အားပေးကူညီစကားတွေပြောဖို့လည်းမခက်ခဲပါဘူး။ -မင်းလိုအမှားမျိုး ငါလည်းမှားဖူးပါတယ်။ စိတ်မပျက်ပါနဲ့ ။ လာပါကွာ တို့တွေအတူတူ အမှားတွေကိုပြင်ကြပါစို့- ဆိုတာမျိုး စကားလေးတွေဟာ လူသားအချင်းချင်း အားပေးတဲ့စကားလေးတွေပါပဲ။
ကျွန်မတို့ဟာ လူအချင်းချင်း အားပေးစကားတွေပြောဖို့ နေ့စဉ် နေ့တိုင်း အခွင့်အရေးတွေရှိပါတယ်။ ကျွန်မတို့က အားပေးကူညီနေတယ် ဆိုတာကို အကူညီခံရသူမသိတာက ပိုလို့ကောင်းပါတယ်။ တကယ်လို့များ တစ်စုံတစ်ယောက်က ကျွန်မကို အမြဲတန်းကူညီနေတယ် ဆိုတာကို သိနေတဲ့အခါ ကျွန်မကိုယ်ကျွန်မ အားကိုးချင်စိတ် နဲ့ ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုတွေ နည်းပါးလာနိုင်ပါတယ်။ အားပေးကူညီနေသူကိုပဲ အမြဲအားကိုးချင်နေပါလိမ့်မယ်။ အဲ ဒ ါကြောင့် လူသားအချင်းချင်းရိုင်းပင်းကူညီရာမှာ ကူညီခံရသူမသိစေဘဲ ၊ ကျွန်မတို့က ကူညီနေတယ်လို့ ဂုဏ်မဖော်ဘဲနေတာ ပိုလို့ကောင်းပါတယ်။ ကျွန်မတို့ရဲ့ အသိစိတ်ထဲမှာတော့ သူတစ်ပါးကိုရိုင်းပင်းကူညီခြင်းကြောင့် မိမိကိုယ်မိမိ တန်ဘိုးရှိလာသလို မြင့်မြတ်တဲ့ စိတ်ခံစားမှုမျိုးကို ခံစားရပါတယ်။ ဘာအကျိုးကိုမှမမျှော်ကိုးဘဲ စေတနာ မေတ ္တ ာဖြူစင်စွာဖြင့် အယုတ် ၊ အလတ်၊ အမြတ်မရွေးကူညီမယ်ဆိုရင် များမကြာမီမှာပဲ လောကပါလတရားက ကျွန်မတို့ကို ပြန်လည်ကူညီပါလိမ့်မယ်။
တကယ်လို့များ တစ်စုံတစ်ယောက်က သင့်ကိုစော်ကားရန်ပြုလာမယ်ဆိုရင် ထိုသူကိုမုန်းမိမှာ အသေအချာပါပဲ။ တန်ပြန်တိုက်ခိုက်ချင်မိမှာပါပဲ။ ခွင့်လွှတ်နိုင်ချင်မှခွင့်လွှတ်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်မတို့ကို ခွင့်လွှတ်နိုင်စိတ်ကို ကြိုးစားမွေးမြူတဲ့အခါမှာ အံံ့သြဖွယ်ကောင်းလောက်အောင် ငြိမ်းချမ်းလာပါလိမ့်မယ်။ ခွင့်လွှတ်နိုင်ဖို့ဆိုတာ အစပထမမှာတာ့ ခက်ခဲကောင်းခက်ခဲနေပါလိမ့်မယ်။ ဘယ်အရာမဆို အလေ့အကျင့်ပြုလုပ်ပေးရင် လွယ်ကူလာတတ်တာကြောင့် ကျွန်မတို့လည်း ခွင့်လွှတ်ခြင်းကို ကြိုးစားပြီး အလေ့အကျင့်ပြုလုပ်သင့်ပါတယ်။
-ငါ သူ့ကိုမုန်းချင်ဘူး ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမမုန်းချင်ဘူး။ ခွင့်လွှတ်ချင်တယ်။ ခွင့်လွှတ်မယ် -လို့ စိတ်ထဲကနေအထပ်ထပ်အခါခါ ရွတ်ဆိုပြီး သူ့အပြစ်တွေကို မေ့ပျောက်အောင်ကြိုးစားမေ့လိုက်ပါ။ မုန်းတီးခါးသီးမှုတွေကနေ ခွင့်လွှတ်နိုင်မှုကိုရောက်အောင် မိမိစိတ်ကိုပြောင်းလဲပစ်ရပါမယ်။ တကယ်လို့များတစ်စုံတစ်ဦးက သင့်ကိုပြက်ရယ်ပြုမယ် ၊ ထိခိုက်နာကျင်စေမယ် ။ ဒ ါမှမဟုတ် သင်ချစ်တဲ့သူတစ်ဦးဦးကို ထိခိုက်နာကျင်စေမယ် ဆိုရင် ထိုသူအတွက် သင့်ရင်ထဲမှာ မေတ ္တာရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ကိစ ္စ မရှိပါဘူး။ သင့်စိတ်ကိုပြောင်းလဲဖို့ကြိုးစားကြည့်ပါ။ ခွင့်လွှတ်လိုက်ဖို့ကြိုးစားကြည့်ပါ။ သင့်စိတ်ထဲက မေတ ္တ ာရဲ့အသံတွေကို လောကပါလတရားက ကြားပါတယ်။ သင်ပေးဆပ်လိုက်တဲ့မေတ ္တာတွေကို လောကပါလတရားက မြင်ပါတယ်။ များမကြာမီမှာပဲ လောကပါလတရားက သင့်ကိုပြန်လည်ပေးပါလိမ့်မယ်။ လောကပါလတရားက ပေးဆပ်သူကို ပြန်လည်ပေးတတ်ပြီး ယူသူဆီက ပြန်လည်ယူတတ်ပါတယ်။
ကျွန်မတို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့မေတ ္တာတွေဟာ ကျွန်မတို့ကိုဘေးရန်ကင်းအောင် ကာကွယ်ပေးနေပါတယ်။ ချက်ချင်းရုတ်တရက်ကြီးမဟုတ်ဘဲ တဖြည်းဖြည်းချင်း ၊ နည်းနည်းချင်း ကျွန်မတို့ပေးလိုက်တဲ့အရာတွေအတွက် ကျွန်မတို့ ပြန်လည်ရရှိပါလိမ့်မယ်။
ကျွန်မတို့ဟာ တခါတရံမှာ မဖြစ်နိုင်ဘူး ကျွန်မတို့မလုပ်နိုင်ဘူး လို့ထင်ထားတဲ့ ခက်ခဲတဲ့ ကိစ ္စတွေရှိတတ်ပါတယ်။ လတ်တလောအချိန်မှာ မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့- ငါလုပ်နိုင်ရမယ် ။ ဒီကိစ ္စ အောင်မြင်ရမယ်။ ဖြစ်ကိုဖြစ်ရမယ် –လို့ စိတ်ထဲကနေ ယုံကြည်ထားပြီး အစွမ်းကုန်ကြိုးစားမယ်ဆိုရင် ဘယ်လောက်မဖြစ်နိုင်ဘူး ဆိုတဲ့အရာဖြစ်နေပါစေ အဆုံးပိုင်းမှာ အောင်မြင်မှာမုချပါပဲ။ ကျွန်မတို့ရဲ့စိတ်ထဲမှာ ရှိနေတဲ့ ဘယ်သူမှမမြင်မတွေ့နိုင်တဲ့ နတ်သမီးက ကျွန်မတို့ကို လာကူညီတာပါပဲ။ တကယ်တန်းကျတော့ အရေးကြီးဆုံးက ကျွန်မတို့ရဲ့ အတွင်းစိတ်လေးပါပဲ။ ဒ ီစိတ်လေးကိုနိုင်နင်းတယ်ဆိုရင် ဘဝမှာ ဘယ်အရာမှမခက်ခဲတော့ပါဘူး။ ဘယ်အရာမှကြောက်စရာမကောင်းတော့ပါဘူး။ ဘဝပင်လယ်ပြင်မှာကူးခတ်နေတုန်း ကျွန်မတို့ကိုလာကယ်တဲ့ စိတ်စွမ်းအင်မေခလာနတ်သမီးပဲပေ့ါ။
မေခလာနတ်သမီးကလည်း ဇနကမင်းသားဖြစ်နေလို့ ကယ်တာပါ။ ဘဝပင်လယ်ပြင်မှာ ကူးခတ်နေသူတို့ဟာ ဇနကမင်းသားလို စိတ်နေစိတ်ထား၊ သီလ ရှိမယ်ဆိုရင် စိတ်စွမ်းအင်နတ်သမီးကလည်း လာရောက်ကယ်တင်မှာပါပဲ။ အခြားသူဘဝတွေများ အဆင်ပြေလိုက်တာနော်...သူတို့များကျ ကံကောင်းလိုက်တာနော်လို့ ထင်ရတာတွေကလည်း အခြားသူတွေကို သူတို့ရဲ့ စိတ်စွမ်းအင်နတ်သမီးကလာရောက် ကယ်တင်သွားလို့ပါပဲ။ အရေးကြီးဆုံးက မိမိရဲ့ စိတ်နေစိတ်ထားပဲဖြစ်ပါတယ်။
ဟနစံ
No comments:
Post a Comment