Wednesday, 1 February 2017

အတွင်းကြေ

"မောင်က ငါ့ကို အရမ်းချစ်တာဟ"
ဇွန်းကို လက်ဖက်သုပ်ပန်းကန်ထဲ ပြန်ထားရင်း မျက်နှာလေးက
ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် နှင်းမာလာဆွေက ပြောလိုက်သည်။
"နင်..သိပ်ကံကောင်းတာပဲ"
"အေးနော်"
ထားဝတ်ရည်၏ ချီးမွမ်းစကားကို နွေးယုမြိုင်က ထောက်ခံလေသည်။
နှင်းမာလာဆွေကတော့ သူငယ်ချင်းများအလယ်မှာ မျက်နှာလေး ချီလို့။

အလှုရှင် မြတ်လေးငုံက သူတို့စားပွဲကို ရောက်လာပြီး နှင်းမာလာဆွေ၏
ဗိုက်ပေါ်ကို အသာ လက်လေးတင်ကြည့်ရင်း
"သားသားလေး ၊ မီးမီးလေး ရှိသေးဘူးလား"
ဟုမေးလေသည်။
" အေးလေ..ငါတို့အန်တီတွေ ဖြစ်ချင်လှပြီ"
ဟု ထားဝတ်ရည်က ဆိုပြန်သည်။
 "ဟယ်...အပျိုကြီးတွေ ကလေးချီချင်ရင်လည်း ကိုယ့်ဘာကိုယ်
ယောကျ်ားယူကြဟယ်...ငါ့မှာ မောင်က အိမ်မှာတောင်ရှိတဲ့ရက်က
ခပ်ရှားရှားရယ်...ခရီးမထွက်လို့ ရှိနေရင်လည်း သူ့ ရုံးနဲ့ သူ့
စီးပွားရေးအလုပ်တွေနဲ့ အားကိုမအားတာ"

နှင်းမာလာဆွေ့အပြောကိုကို မြတ်လေးငုံက
" အွန်...နင့်မောင် အိမ်မကပ်တာနဲ့ သားသားလေး၊ မီးမီးလေး မရှိတာနဲ့ ဘာဆိုင်လို့လဲ"
အူတူတူ နားမလည်ဟန်လေးလုပ်ပြီးမေးလေသည်။
"သိဘူးဟေ့...ဆိုင်တယ် ထင်တာပဲ၊ မောင်က
သူတော်ကောင်းကြီးဟဲ့...မင်္ဂလာဦးညမှာတောင် ငါ့ကို လွတ်လွတ်လပ်လပ်နေနော်ဆို
လက်ဖျားနဲ့တောင် မထိရှာဘူး"
နှင်းမာလာဆွေ၏ အပြောကို အားလုံးက ရယ်ကြလေသည်။

"မောင်ကလေ ငါ့ကို သိပ်ချစ်တာပဲ။ သိပ်ချုပ်ချယ်တာ။ အိမ်မှာလေ မောင်က
ငါ့ကို ဟိုဟာမစားရ၊ ဒီဟာမစားရနဲ့ သိပ်ချုပ်ချယ်တာပဲ။ ခုတောင် လေးငုံတို့
အလှုသွားမယ်ဆိုတာကို မတည့်တာတွေ မစားနဲ့လို့ မှာလိုက်သေးတယ်"
နှင်းမာလာဆွေက မျက်နှာလေးရှုံရင်း ညည်းပြောသလိုလေး ကြွားလိုက်သည်။
"နင့်မောင်တော်ဘုရားက ဘာလို့ လိုက်မလာတာလဲ"
ထားဝတ်ရည်၏ အမေးကို နှင်းမာလာဆွေက မျက်နှာတစ်ချက်ပျက်သွားသော်လည်း
ဟန်ဆောင်ထိန်းလိုက်ရင်း
"မိန်းမတွေကြားထဲ မလိုက်ချင်ပါဘူးတဲ့ဟယ်" ဟုပြောလေသည်။

"သူ လိုက်မလာတော့ ငါတို့ လွတ်လွတ်လပ်လပ် အတင်းတုတ်လို့ရတာပေ့ါ... ဟုတ်ဘူးလား"
မြတ်လေးငုံ၏ စကားကို အားလုံးက ရယ်မိကြလေသည်။
သက်လတ်ပိုင်း အမျိုးသမီးများ၏ စကားဝိုင်းသည် လုပ်ငန်းခွင်အကြောင်း၊
သူငယ်ချင်းများအကြောင်း၊ အမျိုးသမီးအဝတ်အထည်၊ ဖိနပ်၊ စိန်အကြောင်း၊ ကျောက်မျက်ရတနာအကြောင်းမှသည်
ကိုရီးယားဇာတ်လမ်းတွဲအကြောင်းထိ ခေါင်းစဉ် စုံလင်လှပေသည်။
မွေးနေ့အတွက် ရည်စူးကာ အရုဏ်ဆွမ်းကပ်လှုသည့် မြတ်လေးငုံ၏ အလှုသည်
နေ့လည်ချိန်ကို ကျော်လွန်ကာ ညနေစောင်းသို့ရောက်မှပင် သူငယ်ချင်းများမှာ
လူချင်းခွဲကာ ပြန်ကြဖို့ စတင် လောဆော်ဖြစ်ကြသည်။ တစ်မျိုးပြီး တစ်မျိုး
ကျွေးနေသော အိမ်ရှင်ဖြစ်သူ မြတ်လေးငုံမှာလည်း မောပန်းနွမ်းနယ်နေသော်လည်း
မျက်နှာမှာမူ စိတ်နှင့်အတူ ပြုံးပျော်ကြည်နူးနေလေသည်။

ကားပါ မလာသော နှင်းမာလာဆွေကို ခင်ပွန်းသည်ဖြစ်သူက လာကြိုမည်ဟု
ထင်ကြသော်လည်း အငှားကားဖြင့် ပြန်မည်ဆိုလာသည်။
"ဟယ်...ဘာလို့ တက်စီနဲ့ပြန်မှာတုံး။ ငါ လိုက်ပို့မယ်။ ခဏစောင့်ဦးနော်။
ငါ့ အမျိုးတွေကို အရင်ပြန်လိုက်ပို့လိုက်ဦးမယ်။ ကားက
မဆံ့လို့ဟ..နို့မို့ တစ်ခါတည်း ခေါ်သွားလို့ရတယ်"
မြတ်လေးငုံက ဆိုလေသည်။

"နေပါစေဟာ...နင်တို့ အိမ်ရှေ့ တက်စီတွေ ဖြတ်နေတာ ပေါမှပေါ။ ငါ့ဘာငါ ပြန်ပါမယ်"
"အဲဒါဆိုလည်း ငါ ကားလိုက်တား ငှားပေးမယ်"
မြတ်လေးငုံက စိတ်မချဟန်ဖြင့် နှင်းမာလာဆွေကို အငှားကားပေါ်
တင်ပေးလိုက်ပြီးနောက် ကားနံပါတ် မှတ်ထားမည်ကို နှင်းမာလာဆွေ သိလေသည်။
မောင်နှမများထဲတွင် အကြီးဆုံးဖြစ်သော မြတ်လေးငုံက သူငယ်ချင်းများ
အားလုံးထဲမှာလည်း အစစအရာရာ စိတ်ပူတတ်သဖြင့် မာမီကြီးဟု တစ်ခါတစ်ရံ
နောက်ပြောင်တတ်ကြသည်။

သူတို့တွေအားလုံး တက္ကသိုလ် ပထမနှစ်ကတည်းက သူငယ်ချင်းတွေ။ ကျောင်းပြီးလို့
လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက်
အဆက္အသြယ္မျပတ္ခဲ့။
အားလုံးထဲမှာမှ နှင်းမာလာဆွေတစ်ယောက်သာ  အသက် ၃၀ စွန်းစွန်းမှာ
အိမ်ထောင်ကျခဲ့သည်။ ကျန်သူများကတော့ အပျိုကြီးဘွဲ့ကို ခံယူထားကြဆဲ။
အငှားကားနောက်ခန်းတွင် တစ်ဦးတည်း အတွေးများဖြင့် ဒီနေ့အဖို့တော့
မောင်နှင့်ပတ်သက်ပြီး ကြွားလိုက်ရတာလေးတွေကို ကျေနပ်မိပြီး ပြုံးမိသည်။
သူတို့တွေက တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကြသော သူငယ်ချင်းများ
ဖြစ်သော်လည်း မိန်းကလေးတို့ သဘာဝ ကျောင်းကတည်းကပင် မသိမသာ
ပြိုင်ဆိုင်ကြွားဝါမှုလေးများလုပ်တတ်ကြသည်ပဲ။

"သူဝတ်တဲ့ စိန်နားကပ်က အနာပါတယ်။ ငါ့စိန်နားကပ်က အစင်"
" ငါ့စိန်က အမွေပစ္စည်းမို့ ပစ္စည်းမှန်၊ မန္တလေးကြိုက်မို့
ကြက်ဆီဝင်တဲ့အရည်နဲ့ နည်းနည်းဝါတာ"
စသည်ဖြင့် စိန်မှစကာ ဒေါက်ဖိနပ်၊ လက်ကိုင်အိတ်အဆုံး၊ နောက်ဆုံး ကိုယ့်ကို
ကြိုက်တဲ့သူကို ပြိုင်တတ်ကြသေးတာ။ အားလုံးက
ရုပ်ရည်များကြည့်ကောင်းကြသော်လည်း စံသတ်မှတ်ချက်တွေနဲ့မို့
ချစ်သူရည်းစားရယ်လို့ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ကြ။ အသီးသီး
လုပ်ငန်းခွင်တွင် အောင်မြင်နေကြသောကြောင့် စံသတ်မှတ်ချက်တွေကလည်း တရစ်ရစ်
တိုးလာလေသည်။

သို့ဖြင့် အသက်၃၀ စွန်းလာကြသောအခါတွင်မှ အိမ်ထောင်ပြုဖို့
စိတ်ကူးမိကြသောအခါ အရင်က မူထားသမျှတို့ကလည်း ဇွဲမကောင်းကြဘဲ အသီးသီး
အိမ်ထောင်ကျကုန်ကြပြီ။ ကိုယ့်ထက် ငယ်တဲ့သူကို အိမ်ထောင်ပြုဖို့ကလည်း
မမများက မဝံ့မရဲ။

သူမကတော့ ဖူးစာပါချင်တော့ ငယ်ငယ်တုန်းကတည်းက အဒေါ်၏ အိမ်နီးချင်းဖြစ်သူ
မောင်နှင့် ပြန်လည် ဆုံတွေ့ခဲ့ရသည်။ မောင်နှင့် သူ၏ အဒေါ်ဖြစ်သူကတော့
တကယ့်ဆွေမျိုးရင်းချာပမာ။ သူနှင့်လည်း ငယ်ငယ်ကတည်းက အကြောင်းသိတွေ။
မောင့်ကို အမှတ်တမဲ့ဖြင့် မေ့နေခဲ့ရာမှ အစ်ကိုဝမ်းကွဲ၏ မင်္ဂလာဆောင်တွင်
အမှတ်မထင် ပြန်လည်ဆုံဖြစ်ခဲ့သည်။ အောင်မြင်နေသော အင်ဂျင်နီယာကန်ထရိုက်တာ
တစ်ဦးဖြစ်သော မောင်သည် အသက် ၃၅ နှစ်အရွယ်ထိ အိမ်ထောင်မရှိသေး။
အသားဖြူဖြူ၊ အရပ်မြင့်မြင့်နှင့် ကြည့်ကောင်းလှသော မောင်သည် သူ့ကိုယ်သူ
ဂရုတစိုက်ရှိသည်။ သူနှင့်လိုက်ဖက်သော အဝတ်အစားကိုလည်း
ရွေးချယ်ဝတ်ဆင်တတ်သဖြင့် ချောမောပြီး ဝင်ငွေကောင်းသည့် လူပျိုကြီးဟု
မိန်းကလေးများအလယ်တွင် ရေပန်းစားနေလေတော့သည်။

 ဘာလို့ အိမ်ထောင်မပြုသေးတာလဲ ဟု အမေးစကားကို ဖူးစာရှင်နတ်သမီးလေးက
ရောက်မလာသေးလို့ ဟု ပြန်လည်ဖြေဆိုသည်ကို သူမ သဘောကျမိခဲ့သည်။
မောင့်နှုတ်ခမ်းတို့သည် ယောကျ်ားတစ်ဦး၏ နှုတ်ခမ်းနှင့်မတူလှစွာ
နီရဲရဲလေးဖြင့်တစ်မျိုးလေး ဆွဲဆောင်နေသလို။
ဆေးလိပ်မှ မသောက်တာပဲ ဟု သူမက မောင့်ကို စိတ်ထဲမှ အသာကျိတ် ချီးမွမ်းခဲ့မိသည်။
မောင့်ကို သူမက စပြီးစိတ်ဝင်စားခဲ့တာ။ မောင်နှင့်အတူတွဲသွားရတိုင်းမှာ
တခြားမိန်းကလေးတွေရဲ့ အားကျငေးမောတဲ့မျက်လုံးတွေ၊ မနာလို ဝန်တိုမှုနဲ့
မျက်နှာတွေကို သူမက အကျေနပ်ကြီး ကျေနပ်ခဲ့သည်ပဲ။
မောင်က လက်ထပ်ဖို့ တောင်းဆိုတဲ့နေ့က သူမ၏ ဘဝတွင် အပျော်ရွှင်ဆုံးနေ့ဖြစ်ခဲ့သည်။
မူဖို့တောင် မတွေးနိုင်အားဘဲ မောင့်ကိုချက်ချင်းပင် ခေါင်းညိတ်ခဲ့မိသည်။
သူငယ်ချင်းတွေအကြားတွင် မောင်သည် သူမအတွက် ကြွားစရာဖြစ်ခဲ့ပြန်သဖြင့်
သူမကိုယ် သူမ အကျေနပ်ကြီး ကျေနပ်မိပြန်သည်။
နှစ်ဘက်မိဘဆွေမျိုးများကလည်း ဝမ်းသာလှစွာ သဘောတူကြသဖြင့် သူတို့
မင်္ဂလာဆောင်သည်  ပြောစမှတ်ပြုရလောက်အောင် ပျော်စရာကောင်းခဲ့ပေသည်။
အမြို့မြို့ အနယ်နယ်အနှံ့၊ နေရာအနှံ့ မောင့်ဆောက်လုပ်ရေးလုပ်ငန်းများက
အလုပ်ရှိသဖြင့် မောင်သည် မကြာခဏ ခရီးထွက်လေ့ရှိသည်။ လက်ထပ်ပြီး
မကြာမီမှာပင် သူမကိုထားကာ စီးပွားဖက်များဖြင့် ခရီးထွက်သွားသော မောင့်ကို
သူမပါ လိုက်ချင်သည်ဟု မတောင်းဆိုဝံ့ခဲ့။ လက်ထပ်ပြီးမှပင် မောင်သည်
သူငယ်ချင်းအပေါင်းအသင်းကို အလွန်ခင်မင်တတ်ကာ သူငယ်ချင်းများကို
ဦးစားပေးလွန်းသူဖြစ်မှန်း သိခဲ့ရလေသည်။

အိုး...မောင်က သူ့ကို ချစ်လို့ မိန်းကလေးအချောအလှတွေအများကြီး
ရွေးစရာရှိတဲ့ထဲကနေ သူ့ကို လက်ထပ်ယူထားတာပဲလေ ဟု ကျေနပ်စိတ်တို့ဖြင့်
ဖြေသိမ့်မိသည်။
"အစ်မ ...ရှေ့ကလမ်းထဲ ချိုးရမှာလား"
အငှားကားမောင်းသမား၏ အမေးကြောင့်မှ သူမ စိတ်တို့ ပျံ့လွင့်နေရာမှ
ပတ်ဝန်းကျင်ကို သတိပြန်ဝင်ကာ
"အင်း..အင်း..ဟုတ်တယ်..ရှေ့ကျရင် ညာဘက်ချိုး"
ဟုဆိုလိုက်မိသည်။

.......................................................................

"မောင် ခဏ ခဏ ခုလိုပဲ အိမ်မကပ်ဘူးဆို နှင်း မေမေတို့အိမ်မှာပဲ သွားနေချင်တယ်"
"နှင်း သွားနေချင်ရင်နေလေ နှင်းရဲ့....မောင်က အပြင်ပဲ ထွက်နေရတော့
နှင်းကို ဂရုမစိုက်နိုင်အားဘူး။ နှင်း မေမေတို့ နဲ့ နေတယ်ဆို မောင်လည်း
စိတ်ချလက်ချခရီးသွားလို့ရတာပေါ့"
သူမ၏ စကားကို မောင်က ဝမ်းသာအားရ သဘောတူလေသည်။

"ဟင်...သွားဦးမှာလား...နှင်း အနားမှာနေမယ် မရှိဘူး"
နှုတ်ခမ်းစူကာ မကျေမနပ်ပြောမိသော နှင်းကို မောင်က
"မောင် အလုပ်တွေ လုပ်နေတာလေ...အိမ်မှာပဲနေလို့ ဘယ်ကနေ ပိုက်ဆံရမှာလဲ နှင်းရဲ့"
ဟုဆိုလေသည်။
အင်းလေ...ဟုတ်တာပဲ ဟု သူမ စိတ်ထဲမှာ သက်ပြင်းချမိသည်။
"မောင်က နှင်းကို မချစ်ပါဘူး။ မောင့်အလုပ်တွေနဲ့ မောင့် သူငယ်ချင်းတွေကိုပဲ ချစ်နေတာ"
သူမ၏ အပြောကို မောင်က
"ဟာကွာ ချစ်တာမှ တုန်နေအောင်ကိုချစ်တာ။ နှင်း ဘာလိုချင်လဲ ။
စျေးဝယ်ဦးမလား၊ ပိုက်ဆံလိုသေးလား" ဟုဆိုပြန်လေသည်။
"နှင်းလိုချင်တာ ပိုက်ဆံ မဟုတ်ဘူး မောင်ရေ...မောင့်ကို ..မောင့်ကို။
ခုတော့ မောင့်ကို လက်ထပ်ယူထားရပြီး လူကို မရဘူး။ မောင်ကလေ အိမ်မှာကို
မနေဘူး။ အိမ်မှာနေရင်လည်း မောင့်သူငယ်ချင်းတွေက လာခေါ်လို့
အပြင်လိုက်သွားတာနဲ့၊ ကျောင်းသားလေးတွေက စာမေးလို့ဆို ကျုရှင်ပြပေးဖို့
သွားတာနဲ့ ..နှင်းအနားမှာကို မနေဘူး ။ မောင်ကလေ အလုပ်ကိုချစ်တာ
လွန်လွန်းအားကြီးတယ်"

"နှင်းလေးဟာလေ သဝန်တိုစရာမရှိ ကြံဖန်ပြီးကို သဝန်တိုတယ်"

အဲဒီနေ့က မောင်က နှင်းအတွက်ဆို စိန်နားကပ်တစ်ရံ ဝယ်လာပေးပြန်သေးသည်။
ဒီလိုဆိုတော့လည်း မောင် အပြင်ထွက်လို့ ငွေရှာတာ နှင်းအတွက်ကြောင့်ပဲ၊
နှင်းကို ချစ်လို့ပေပဲဟု မောင့်ကို ပိုချစ်မိပြန်သည်။
မောင့်ဆီ စာလာမေးသော ကျောင်းသားလေးများကို ကော်ဖီဖျော်၊
လက်ဖက်သုပ်ပေးနှင့် နှင်းမှာ မောင့်မိတ်ဆွေများကို ကြည်ဖြူမိပြန်ရသည်။
မောင့် ကျောင်းသားလေးများကလည်း သူမကို အစ်မကြီးတစ်ဦးလိုပင်
ချစ်ခင်သည့်အတွက် မောင်က သူမအတွက် မိတ်ဆွေများကို ရရှိစေပြန်တာပါပဲ။
ဒါပေမဲ့လည်း တစ်ခါခါမှာ နှင်းနဲ့မောင် အတူရှိနေပေမဲ့ အဝေးကြီး
ဝေးကွာနေသလို နှင်းခံစားနေရတတ်ပြန်သည်။
ညနေစောင်းနေဝင်ချိန်များတွင် အိမ်တံခါးကို သော့အထပ်ထပ်ခတ်ကာ
မောင်ပြန်လာမယ့် လမ်းကိုပဲ မှန်းမျှော်မိရသည်။

နှင်းက အရွယ်ရှိသေးတဲ့ မိန်းမလေ..မောင်ရဲ့။ မောင့်မိန်းမကို တစ်ယောက်တည်း
ထား ထားသွားတာ စိတ်ချလက်ချ ရှိနေနိုင်သလား

ရင်တွင်းစကားကို ဆိုရင်းရင်ထဲမှာ နင့်ကနဲဖြစ်လာကာ မျက်ရည်တို့က ကျမိပြန်သည်။
အိပ်ရာတစ်ခုတည်းမှာ တစ်ဘက်စီလှည့်အိပ်ရင်း မောင်မသိအောင် တိတ်တိတ်
မျက်ရည်ကျနေသော နှင်းအဖြစ်ကို နှင်း ဘယ်သူ့ကိုမှ ပြန်မပြောချင်ပါ။
ဘာကြောင့် ငိုရတာလဲ လို့ မောင်ကသော်လည်းကောင်း၊ တစ်ဦးဦးကသော်လည်းကောင်း
မေးလာခဲ့ရင် နှင်းမှာ ဖြေစရာ အဖြေမရှိပါ။ ဖြေဖို့လည်း မသင့်သည်ပေပဲ။
.....................................................................

မေမေ နေမကောင်းဘူးဆိုတော့ နှင်းမှာ မေမေတို့အိမ်ကိုသွားနေဖို့ပိုသေချာသွားခဲ့ရသည်။
မောင်ကပင် နှင်းကို လိုက်ပို့ပေးခဲ့သည်။
ခုတစ်ခါတော့ နှင်းက မောင့်ကို ထားသွားရတဲ့အလှည့်မှာ အရက်မသောက်၊
ဆေးလိပ်မသောက်၊ မိန်းမ မရှုပ်ပွေသော မောင့်ကို နှင်းက
စိတ်မချဖြစ်နေပြန်သည်။
"ဘာ စိတ်မချစရာရှိလဲ...မောင်က ကလေးမှ မဟုတ်ဘဲ။ နှင်းမပါဘဲ အနယ်နယ်အရပ်ရပ်
ခရီးတွေ သွားသေးတာ"
"အင်းလေ...အဲဒါက မောင်က နှင်းကို ထားသွားတာ။ ခု နှင်းက မောင့်ကို
ထားသွားရမှာဆိုတော့ နှင်းစိတ်ထဲ တစ်မျိးပဲ"
နှင်းရဲ့ခေါင်းကို ဖွဖွထုကာ "အရူးမလေး နှင်း " ဟု မောင်က ပြုံးရယ်ဆိုပြန်သည်။
မောင်ရယ်လိုက်တိုင်း သွားတက်လေးနဲ့ သိပ်ချစ်စရာကောင်းတာ ဟု နှင်းက
မောင့်မျက်နှာကို ငေးမောရင်း မြတ်နိုးမှုတွေ ပိုခဲ့ရပြန်သည်။

.............................................................

"မိန်းမဆိုတာ လင်ယောကျ်ားကို ထားပြီး မသွားရဘူး။ ယောကျ်ားနဲ့ ငါး ဆိုတာ
ပြစ်ထားလို့ ရတဲ့အရာတွေ မဟုတ်ဘူး။ မေမေ နေမကောင်းတာ အသည်းအသန်ဖြစ်တာမှ
မဟုတ်တာပဲ။ ခု မေမေလည်း သက်သာလာပြီ...နှင်း အိမ်ပြန်ဖို့ သင့်တယ်"
ဟု မေမေရော၊ မမကြီးကပါ ဆိုသဖြင့် သူမ အိမ်ပြန်လာခဲ့ရသည်။
မောင်ကတော့ ထုံးစံအတိုင်း အိမ်မှာ ရှိမှာမှ မဟုတ်ဘဲဟု ထင်ခဲ့မိသော်လည်း
အငှားကားပေါ်မှ ဆင်းပြီးပြီးချင်းပင် အိမ်ရှေ့မှာ မောင့်ကားရော၊
မောင့်သူငယ်ချင်းကားကိုပါ တွေ့ရသည်။
အဝတ်အိတ်တစ်ဖက်နှင့် သူမမှာ လူခေါ်ခေါင်းလောင်းတီးသော်လည်း
မောင် ထွက်မလာခဲ့။
ပိုက်ဆံအိတ်ထဲမှာ အိမ်သော့အပိုအမြဲထည့်ထားတာကို သတိရမိပြီး
အိမ်တံခါးဖွင့်ဝင်လိုက်သည်။
ဟင်...ဘယ်သူမှလည်း မရှိပါလား
 အိမ်အောက်ထပ် တစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်လို့။
"မောင်ရေ...မောင်"
မောင့်ကို ခေါ်ရင်း အိမ်အပေါ်ထပ်ကို တက်သွားလိုက်သည်။
သူတို့ အိပ်ခန်းတံခါးကို ဘုလှည့်ကာ ဖွင့်အလိုက်မှာတော့
အိုး....
သူမ မမျှော်လင့်ထားသော၊ သူမ မယုံကြည်နိုင်လောက်သော မြင်ကွင်း။
ဟင်
သူမ ခေါင်းထဲ ချာချာလည်သွားသည်။ ချက်ချင်းပင် လှည့်ထွက်ကာ လှေကားမှ
ပြေးဆင်းလာမိသည်။
နှင်း...နှင်း
နောက်မှ မောင့်ခေါ်သံကို ကြားရသည်။
မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ ပြေးထွက်လာသော သူမ ဘယ်လို ဘယ်ပုံ
ကားလမ်းဘက်ဆီကို ရောက်လာသည် မသိတော့။
"မောင်..မောင်...ဒါကြောင့်...ဒါကြောင့် နှင်းထက်ပိုပြီး သူ့
သူငယ်ချင်းတွေ၊ ကျောင်းသားလေးတွေကို
ချစ်တာကိုး...ရက်စက်လိုက်တာ...မောင်..ရက်စက်လိုက်တာ...နှင်း ရှက်လိုက်တာ
မောင်ရယ်..နှင်း ရှက်တယ်"
သူမ ရင်ထဲ ဗြောင်းဆန်နေပြီး ဘာကိုမှလည်း မမြင်တော့သလို။
ဒုန်း
အိုး
ဟယ်....ကားတိုက်ပြီ။
..........................................................................

"နှင်း...နှင်း...နှင်းရေ...နှင်း"
သူမကို ပွေ့ချီထားတဲ့ အသိခံစားမှုမျိုးကို သိလိုက်သည်။
မောင် သူမကို ခေါ်နေတာပါလား။
သူမ အားယူကာ မျက်လုံးဖွင့်ကြည့်တော့ မောင်ရယ်လေ...
မောင် နှင်းကို ပွေ့ထားရင်း မျက်ရည်တွေလည်း စီးကျလို့။

"နှင်းရေ...နှင်း...နှင်း ..ဆောရီးပါ နှင်းရယ်... ဆောရီး... ဆောရီးပါ နှင်းရယ်... မောင့်ကို ခွင့်လွှတ်ပါ... အို... မောင့်ကို ခွင့်မလွှတ်ပါနဲ့ နှင်းရယ်... မောင့်ကို ခွင့်မလွှတ်ပါနဲ့... မောင့်ကို ခွင့်မလွှတ်ပါနဲ့.."

မောင့်အသံက ကျယ်လောင် အက်ကွဲလာလို့ အလန့်တကြား မော်ကြည့်လိုက်မိသည်။ မောင့်နှုတ်ခမ်းနီရဲရဲလေးများကိုသာ မြင်နေရသည်။
အဲဒီ နှုတ်ခမ်းလေးတွေပေါ့... နှင်း သိပ်ချစ်ခဲ့ဖူးတာလေ...
မောင့်မျက်နှာက တဖြည်းဖြည်းဝေဝါးလာပြီး မောင့်နှုတ်ခမ်းနီနီရဲရဲလေးတွေက နီစွေးသွားခဲ့လေသည်။

(ဟနစံ)

No comments:

Post a Comment