ဒိုင်ယာရီ...
လူတွေအကြောင်း မတွေးချင် မပြောချင်ပေမယ့် တစ်ခါခါ ကိုယ်နဲ့ပတ်သက်ဆက်ဆံရတဲ့ လူတွေ ကိုယ့်အပေါ်ဘယ်လိုပြုမူဆက်ဆံတာက ကိုယ် ကိုယ်တိုင် ခံစားသိရှိရတာဆိုတော့ လူတွေအကြောင်း မတွေးချင်ဘူးဆို နေလို့ မရပြန်ဘူး။
၂၀၁၇ နှစ်စကတည်းက ကိုယ့် ကျန်းမာရေး ဆေးစစ်တာနဲ့ ကိုယ့်ဘာကိုယ် ပိုးမွေးသလိုပဲ ကျန်းမာရေး ဂရုစိုက်နေရတယ်။ ပညာရေးက စမိမှတော့ ရပ်လိုက်လို့ မဖြစ်တာမို့ မကျန်းမာတဲ့အခြေအနေမှာ ဆက်လုပ်တာ ခေါင်းမာတာတော့ မဟုတ်ဘူး။ စထားမိတာကိုးနော်။
ဇန်နဝါရီတစ်လလုံး ဆေးခန်း၊ ဆေးရုံပဲသွားလာနေရတယ်။ အိမ်မှာနေတဲ့အချိန် နားနားနေနေဆိုတာက လူပဲ သွားလာမှု မရှိဘဲနေတာ စာတွေကတော့ လုပ်နေ ရေးနေရတာပဲ။
တကယ်တော့ ကိုယ် မကျန်းမာလျက်နဲ့ လုပ်နေတယ်ဆိုတာက ကိုယ် လောဘကြီးတာ မဟုတ်ဘူး။ ကိုယ် စထားပြီးတဲ့အလုပ်တစ်ခုကို ဆုံးအောင် အပြီးသတ်ချင်တာမျိုးပဲ။
ဒီအလုပ်လုပ်ရင် စာတမ်းတွေရေးရမယ်။ စာတမ်းတွေဖတ်ဖို့ ခရီးတွေ သွားရမယ်။ ဒါ ဒီအလုပ်ရဲ့ လုပ်ငန်းသဘာဝပဲလေ။
ဒိုင်ယာရီရေ...
တချို့က ပြောကြတယ်။ ဘဝမှာ အခြေအနေ နိမ့်ကျသွားရင် လူတွေက မိတ်ဆွေတွေက နှိမ်ကြ မပြောကြ၊ မခေါ်ကြတဲ့။ ကိုယ်ကတော့ အဲလို မကြုံမိဘူး။ ကိုယ် မကျန်းမာတုန်းက ကိုယ့်ကို အားပေးစကားပြော ၊ သနားကြ၊ ခင်ကြ မင်ကြတဲ့မိတ်ဆွေတွေနဲ့။ အဲ့တုန်းက ကိုယ်က တကယ် သေခါနီးဆဲဆဲပဲ။ မိတ်ဆွေတွေရဲ့ အားပေးစကားတွေက တကယ် အားဖြစ်ခဲ့ပါတယ်။
ကံဆိုတာတွေ ဘာတွေ ကိုယ်က ဗုဒ္ဓဘာသာ မကိုးကွယ်လို့ မပြောတတ်ပါဘူး။ ကိုယ်နဲ့ တွေ့တဲ့ ဆရာဝန်တွေက အင်မတန်တော်ပြီး ကိုယ့်ကို ဂရုစိုက်တယ်။ လူနာတစ်ယောက်လိုမျိုးဆိုတာထက် မိတ်ဆွေလိုမျိုးဆိုတော့ ပိုပြီး ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပြီး ကိုယ့်အခြေအနေတစ်ချက်မှားတာနဲ့ ဆရာဝန်တွေက တန်းသိတာမျိုး။ ..ဆိုတော့ကာ နာမကျန်းပေမယ့် ကံကောင်းတဲ့လူနာလို့ ပြောရမယ်။
ကိုယ့်စိတ်အားထက်သန်မှုရယ်၊ ဆေးပညာတိုးတက်မှုရယ်၊ ဆရာဝန်တွေ တော်တာရယ်၊ ကိုယ်က ဆရာဝန်တွေရဲ့ ပညာကိုယုံကြည်မှုရယ်တွေနဲ့ ကိုယ်က ဘုံးဘုံးကြီးလဲနေတဲ့အခြေအနေကနေ ထူထူထောင်ထောင် ပြန်ဖြစ်ခဲ့တယ်။ ကိုယ်ကလည်း ထူထူထောင်ထောင်ဖြစ်တာနဲ့ ကိုယ့်စာတမ်းတွေပဲ လုပ်တာပဲ။ ကိုယ့်စာတမ်းတွေအတွက်နဲ့ ချီးမြှင့်ခံရ၊ ခရီးတွေသွားရချိန်မှာ
ကိုယ် ပြန်ကျန်းမာလာပြီး အလုပ်တွေ ပြန်လုပ်နိုင်လို့ မိတ်ဆွေတွေက ဝမ်းသာကြမယ် ထင်ခဲ့တာ။ အားလုံး မဟုတ်ဘူး...ဒိုင်ယာရီ။
တချို့ လုံးဝ မထင်မှတ်ထားတဲ့သူတချို့ပေါ့လေ။ ကိုယ် နာမကျန်းတုန်းက ကိုယ့်ကို သနားကြင်နာကြပြီး ကိုယ်လဲကျနေခဲ့တုန်းက ကိုယ့်အပေါ် ကောင်းခဲ့ကြပြီး ကိုယ် လဲကျနေရာကနေ ပြန်ထူထောင်လာတော့ ကိုယ့်ကို မစွတ်စွဲမပြောဆိုသင့်တာမျိုးတွေတောင် ပြောဆို ပုတ်ခတ်ကြတယ်။ တစိမ်းတွေက ကိုယ့်ကျန်းမာရေးကို မသိလို့ ပြောကြဆိုကြတယ်ဆို ကိုယ် အံ့ဩမှာ မဟုတ်ဘူး။ ခုတော့ ကိုယ် အံ့ဩသွားတယ်..ဒိုင်ယာရီ။
ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ကိုယ်ဟာ အလုပ်တွေအများကြီး လုပ်လို့ မရပါဘူး။ ဘဝမှာ အကန့်အသတ်တွေထဲ နေထိုင်သွားရတာ။ ကိုယ်လုပ်လက်စ သုတေသနအလုပ်နဲ့ စာတမ်းရေး၊ စာတမ်းဖတ်တဲ့အလုပ်တွေက ကိုယ် ဦးစားပေးလုပ်တယ်။ အပြင်ထွက်စရာမလို၊ လှုပ်ရှားသွားလာစရာ
မလိုတဲ့အလုပ်တွေပဲ ကိုယ် လုပ်လို့ရတယ်လေ။ စာတမ်းဖတ်ဖို့ ခရီးတွေ သွားတာကတော့ လေယာဉ််ခရီးတွေဖြစ်တာရော၊ သွားတဲ့နေရာတွေက ဖွံ့ဖြိုးတိုးတက်ပြီးနေရာတွေပဲနဲ့ စာတမ်းဖတ်ပွဲတွေကို လာတဲ့ လူတန်းစားက တစ်မျိုးတည်းသာ ရှိတာတွေကြောင့် စာတမ်းဖတ်တဲ့ခရီးတွေကိုတော့ ကိုယ် သွားခဲ့နိုင်တယ်။ နေပူထဲတွေတော့ မထွက် မလည်ပတ်ဘူးပေါ့။ ကိုယ့် ကျန်းမာရေးက နေရောင်ထိလို့ မရတော့ နေမထိအောင်ဘဲ သွားလာတာပဲ။
တကယ်တော့ ဒီဘဝမျိုး ကိုယ်လုပ်ချင် ရချင်လို့ ဖြစ်လာတာ မဟုတ်ပါဘူး..ဒိုင်ယာရီ။ ဘယ်သူက ဒီလိုမျိုး နေရောင်မထိ၊ အပြင်မထွက်ဘဲနဲ့နေချင်မှာလဲ။ ဖြစ်လာတဲ့အတိုင်း အလိုက်သင့် နေထိုင်ရင်း ကိုယ်နဲ့ကိုက်ညီတာကို လုပ်ရတာပဲ။ ဒီဟာတွေကို အောင်မြင်မှုလို့ ကိုယ် မမြင်ဘူး။ ဟုတ်လည်း မဟုတ်ဘူး။ သူများတွေ သူတို့အလုပ် သူတို့ လုပ်သလိုပဲ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတာမျိုးပဲလေ။ ကိုယ်နေရတဲ့ အကန်ု့အသတ်ဘဝထဲမှာ ပျော်အောင်နေလိုက်တာမျိုးပဲ။
ဘာမှ အားကျစရာမကောင်းသလို ဘယ်သူမှ ဒီလို ဖြစ်ချင်မယ်လို့ မထင်မိဘူး။
သူတို့နေတဲ့ဘဝမျိုးကမှ လွတ်လပ်ပျော်ရွှင်မှုအတိနဲ့လေ။ ကိုယ်နေရတဲ့ဘဝက အကန့်အသတ်တွေနဲ့။
အဲဒီအကန့်အသတ်တွေကို ကျော်ဖောက်ရင် ကိုယ် အသက်ဆက်ရှင်ဖို့က အခွင့်နည်းသွားမှာပဲ။
ကိုယ် လဲကျနေတုန်းက ကိုယ့်အပေါ် ကောင်းခဲ့တဲ့မိတ်ဆွေ တချို့က ကိုယ် လဲနေရာကနေ ပြန်ထ ပြန်လည် လမ်းပြန်လျှောက်ကာစမှာပဲ ရန်သူတွေတောင် မလုပ်တဲ့ ပုတ်ခတ်မှုမျိုးတွေ လုပ်တယ်လေ။
ကိုယ် ..အံ့အားသင့်လွန်းလို့ ဆွံ့အနေပါတယ်...ဒိုင်ယာရီ။
No comments:
Post a Comment