Every woman is wonderful ! If you are a woman, you are a wonderful lady.
Wednesday, 1 February 2017
ချစ်သူများအတွက် လက်ဆောင်
St. Valentine’s Day ဆိုတဲ့ ချစ်သူများနေ့အတွက် ကြိုတင်ပြီးတော့ ချစ်သူတွေ အလုပ်ရှုပ်နေကြပြီပေ့ါ။
နှင်းဆီပန်းလေးတွေ ကြိုတင်မှာထားရဦးမယ်လေ။ ချစ်သူ အံ့သြဝမ်းသာ သွားစေမယ့် လက်ဆောင်လေးတွေ စဉ်းစား စိတ်ကူးပြီး ဝယ်ရဦးမှာပေ့ါ။
ချစ်သူများနေ့မှာ အထိမ်းအမှတ် အဖြစ် နှင်းဆီပန်း ပန်းစည်းလေးများ၊ ချော့ကလက်များ၊ အမှတ်တရလက်ဆောင် မွေးပွ ဝက်ဝံရုပ်လေးများကို ချစ်သူကို လက်ဆောင်ပေးလေ့ရှိကြသလို သာယာချမ်းမြေ့ တဲ့ ညစာ စားပွဲလေးတစ်ခု ဖန်တီးပြီး ချစ်သူနှင့်အတူ စားသောက် ပျော်ရွှင် လေ့ရှိကြပါတယ်။
ချစ်သူကို တန်ဖိုးကြီးလက်ဆောင်တွေ ဝယ်ပေးမှသာလျှင် မိမိက ချစ်သူက ချစ်တယ်ဆိုတာ ဖြစ်တော့မှာလား။ ပျော်ရွှင်မှုကိုပေးတဲ့ အချစ်ဆိုတာကို လူသားတိုင်း ခံစားတတ်ကြပါတယ်။ ကိုယ့်ချစ်သူကို တန်ဖိုးကြီး လက်ဆောင် တွေ ဝယ်ပေးမှသာလျှင် ချစ်ခြင်း မည်တာ မဟုတ်ပါဘူး။ မိမိချစ်သူကို သစ္စာစောင့်သိကာ ချစ်တယ်ဆိုရင် ဒါဟာ တန်ဖိုး အကြီးဆုံး လက်ဆောင် ပါပဲ။
မိမိဟာ ချစ်သူ့ အနီးမှာရော၊ ချစ်သူ့ ကွယ်ရာမှာပါ၊ ဘယ်နေရာကိုပဲ ရောက်ရောက် မိမိ ချစ်သူအပေါ် သစ္စာ စောင့်သိတယ်ဆိုရင် ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံး လက်ဆောင်ကို ချစ်သူကို ပေးလိုက်တာပဲပေ့ါ။
ချစ်သူ မရှိသေးတဲ့ တစ်ကိုယ်တည်း သမားတွေကရော … ချစ်သူများနေ့ဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးလို့များ တွေးနေပါသေးသလား။ တကယ်တော့ ချစ်သူများနေ့ ဆိုတာ ချစ်သူစုံတွဲတွေ အတွက်သာ မဟုတ်ပါဘူး။ အချစ်ဆိုတာကို ခံစားတတ်တဲ့ လူသားတိုင်းနဲ့ ဆိုင်တဲ့နေ့လေး တစ်နေ့ပါ။
ကိုယ်ချစ်တဲ့သူတွေ အားလုံးနဲ့လည်း ဆိုင်တယ်။ ကိုယ့်ကို ချစ်တဲ့သူတွေ အားလုံးနဲ့လည်း ဆိုင်ပါတယ်။
ကိုယ့် မိဘ၊ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆရာ၊ဆရာမတွေ အားလုံးကို ကိုယ်က ချစ်တယ်ဆိုမှတော့ ဒီနေ့လေးဟာ ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ရာဂကင်းတဲ့ချစ်ခြင်း ဖြစ်တဲ့ ၅၂၈ သွယ်သော မေတ္တာနဲ့ ချစ်သူတွေ အားလုံးနဲ့လည်း ဆိုင်တဲ့နေ့လေးပေ့ါ။
အဲဒီတော့ ကိုယ် ချစ်တဲ့သူတွေ အားလုံးအတွက် ကိုယ်က လက်ဆောင်တစ်ခု ပေးလိုက်မယ်လေ။ အဲဒီ လက်ဆောင်ကတော့ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးကို လူကောင်းတစ်ယောက် အဖြစ် ကိုယ်က လက်ဆောင်ပေးလိုက်မှာပေါ့။
သူတို့တွေ ကိုယ့်ကြောင့် စိတ်ဆင်းရဲခြင်း၊ စိတ်စနိုးစနောင့် ဖြစ်ရခြင်း၊ ပူပန်ကြောင့်ကြရခြင်း အလျှင်းမရှိစေရဘဲ ကိုယ် ရှိနေတဲ့ ပတ်ဝန်းကျင်လေး ဟာ ပျော်ရွှင် သာယာနေအောင် ကိုယ့်ကိုကိုယ် လူကောင်းအဖြစ်နဲ့ ပတ်ဝန်းကျင်ကို လက်ဆောင်ပေးလိုက်ကြရအောင်လား ရှင်။
တကယ်တော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာလျှင် ချစ်သူများနေ့ မဟုတ်ပါဘူး။
တစ်နှစ်မှာရှိတဲ့ ၃၆၅ ရက်လုံးလုံးဟာ ချစ်သူများနေ့ပါပဲ။
နေ့တိုင်း နေ့တိုင်း ကိုယ် ချစ်တဲ့သူတွေ၊ ကိုယ်က ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင် သာယာနေမယ့် ချစ်သူများနေ့ဟာ တစ်နှစ်တာပတ်လုံး ဖြစ်ပါတော့တယ် ရှင်။
ဟနစံ
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment