မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်တဲလေးခြေတံရှည်
မိုးကုပ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့်ပနံတင့်။ ။
ဆရာကြီးမင်းသုဝဏ် ရဲ့ လယ်စောင့်တဲ့လေးကဗျာ....
ငယ်စဉ်ကလေးဘဝက မြန်မာဖတ်စာမှာ သင်အံရွတ်ဆိုခဲ့ရတဲ့ ကဗျာလေး။ အဲဒီကဗျာလေးကိုဆရာမကရှေ့ကတိုင်ပေးလို့ နောက်ကလိုက်ဆိုတုန်းက ဘာမှန်းသေချာ နားမလည်ခဲ့ပေမယ့် အရွယ်ရောက်လာလို့ ကဗျာတွေကို တရှိုက်မက်မက် ခံစား တတ်လာချိန် မှာ အင်မတန်ချစ်စရာကောင်းတဲ့ကဗျာလေးမှန်းသိလာရပါတယ်။
ကဗျာတစ်ပုဒ်ဟာစာဖတ်သူတို့ကိုစိတ်ကိုနှစ်လိုဖွယ်ဖြစ်စေတတ်သလို အံ့သြဝမ်းသာမှု ၊ စိတ်ပျက်ဝမ်းနည်းစေမှု ၊ တက်ကြွလန်းဆန်းစေမှုတွေ အဖြစ်ကို ရောက်အောင် အသွင်ပြောင်းပေးပါတယ်။ ကဗျာလောကကြီးထဲ ကိုအလည်အပတ် သွားရောက်လိုက်လျှင် ကဗျာဆိုတာ လူတိုင်းရဲ့အတွေးအခေါ်နဲ့ တစ်ထပ်တည်း ကျမနေတာ ကိုတွေ့ရပြန်ပါတယ်။ လူတိုင်းဟာ ကဗျာတစ်ပုဒ်ကိုနားလည်သိမြင်နိုင်ပေမယ့် ကျေနပ်စွာခံစားပြီး အလေးအမြတ် တန်ဖိုးထားတာကျတော့ မတူညီကြပြန်ပါဘူး။
ကဗျာတွေကိုသိနားလည်ဖို့ ၊ ကဗျာတွေနဲ့အကျွမ်းတဝင်ဖြစ်ဖို့ရန်အတွက် ကဗျာများကိုဖတ်ခြင်း၊ ရွတ်ဆိုခြင်းအလေ့အကျင့်များရှိရမှာဖြစ်ပါတယ်။ ကဗျာများဆီ
ကိုနည်းမှန် လမ်းမှန် ချဉ်းကပ်မယ်ဆိုရင်တော့ ကဗျာရတနာသိုက်ကြီးထဲမှာ ခရီးသွားနေရသလိုပါပဲ။ ကံအကောင်းဆုံးလူသားတစ်ဦး ဖြစ်မယ်လို့ထင်မိပါတယ်။
ကဗျာတွေထဲမှာပျော်ဝင်ခံစားဖို့ဆိုရင် မိမိစိတ်ကို မိမိ ပိတ်လှောင် မထားဘဲ လွတ်လပ်စွာခံစားဖို့လိုပါတယ်။ လေးချိုးမှဖတ်မယ် ဒွေးချိုးမှဖတ်မယ်
လေးလုံးစပ ်ပဲကြိုက်တယ် မော်ဒန်မှဖတ်ချင်တယ် သရုပ်မှန်ကိုမှကြိုက်တယ်ဆိုပြီး တစ်မျိုးတည်းကိုပဲပုံသေရွေးချယ်ပြီးဖတ်မယ်ဆိုရင် ကဗျာဆိုတဲ့ရတနာသိုက်ကြီးထဲမှာ ကျောက်မျက်ရတနာအမျိုးမျိုးရှိနေတာကို တစ်မျိုးတည်းကိုသာရရှိသူသာဖြစ်နေပါလိမ့်မယ်။
ကဗျာများကိုစဖတ်လျှင်ဖတ်ခြင်း ကဗျာထဲမှအများကြီးရရှိဖို့ကိုမမျှော်လင့်ထားဘဲ ဖြေးဖြေးမှန်မှန်သာဖတ်မှသာလျှင် ကဗျာတစ်ပုဒ်ကိုနားလည်ဖို့လွယ်ကူပါလိမ့်မယ်။ စဖတ်လျှင်ဖတ်ခြင်းမှာ ကဗျာရဲ့လွှမ်းမိုးမှုကို အများကြီးမျှော်လင့်ထားစရာမလိုဘဲ ကဗျာဖတ်ခြင်း အလေ့အထမှာပျော်ဝင်သွားနိုင်အောင်သာ ကြိုးစားမှသာလျှင် ကဗျာများကိုဖတ်ရှုရန် ငြီးငွေ့ခြင်း၊ ကြောက်ရွွံ့ခြင်း မရှိတော့မှာသာဖြစ်ပါတယ်။
ကဗျာများများကို ဖတ်ရှုခြင်းအလေ့အကျင့် ရလာပြီဆိုလျှင် ကဗျာများကို နှစ်သက် လာပြီး ကဗျာဖတ်သူရဲ့ စိတ်အာရုံခံစားမှုကို ကဗျာများကဆွဲဆောင်ကာ အာရုံခံစားမှုပိုလို့ ကောင်းမွန်မြင့်မားလာအောင် ကဗျာများကလှုံ့ဆော်ပေးပါလိမ့်မယ်။ ထိုအခိုက်မှာ ကဗျာထဲကဘယ်စကားလုံး ၊ စကားစုက စာဖတ်သူကို စကားဝှက် ၊ စကားလိမ်အဖြစ်နဲ့ နားမလည်နိုင်စေအောင် ပြဿနာတစ်ရပ်အဖြစ်တည်ရှိနေတယ် ဆိုတာကို သိမြင်လာ ပါလိမ့်မယ်။ အဲဒီအခါမှာ ထိုစကားလုံး ၊ စကားစုရဲ့ အဓိပ္ပါယ်ကို နားလည်အောင် အရင်ကြိုးစားပြီးမှ စာဖတ်သူရဲ့နှလုံးသားထဲသို့ တဖြေးဖြေးချင်း ကဗျာကစိမ့်ဝင်ရောက်လာ အောင် အတွေးနက်နက်များတွေးရမှာဖြစ်ပါတယ်။ အတွေးတွေသာမရှိဘူးဆိုရင် ကဗျာဆိုတာရှိလာမှာမဟုတ်သလို ကဗျာများကိုနားလည်နိုင်မှာလည်းမဟုတ်ပါဘူး။
ကဗျာများကိုဖတ်ရာမှာ ကဗျာဖတ်သူရဲ့ ဘဝနောက်ခံအခြေအနေ၊ ရှင်သန် ကျင်လည်ရာပတ်ဝန်းကျင်အသိုင်းအဝိုင်းများကလည်း ကဗျာကိုလွတ်လပ်စွာ ခံစားခြင်း ကိုအနှောင့်အယှက်ဖြစ်စေပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဗျာဖတ်သူရဲ့ ပုဂ္ဂလိကခံစားချက် ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအတွေးအမြင်များကို ကဗျာဖတ်နေစဉ်မှာ ခဏတာဘေးဖယ်ထားမှသာလျှင် ကဗျာဆရာရဲ့ဆိုလိုရင်း ၊ ကဗျာဆရာရဲ့ခံစားချက်၊ ကဗျာဆရာက စာဖတ်သူကို ပေးလိုတဲ့ အရာများကို လွတ်လပ်စွာအပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ ကဗျာများမှာ ပျော်ဝင်ခြင်း အကြောင်းရင်းတစ်ခုကတော့ ကဗျာကို အသံထွက်ကာ ရွတ်ဆိုကြည့်ရာမှာ ကာရန်ညီခြင်း ၊ အသံသာခြင်းတို့ဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ထင်မြင်ယူဆချက်များမတူညီဘဲကွဲပြားခြားနားကြသော်လည်း အချို့ဝေဖန်ရေးဆရာများကမူ ကဗျာတစ်ပုဒ် ကိုနားလည်ရန်တစ်ခုတည်းသော နည်းလမ်းမှာ ထိုကဗျာကိုစကားပြေပြန်ဆိုခြင်းဟု ထင်မြင်ယူဆကြပါတယ်။ ကဗျာတစ်ပုဒ် ကို စကားပြေပြန်ဆိုသောအခါတွင် စာဖတ်သူဟာ ကဗျာကိုမိမိကိုယ်ပိုင်စကားလုံးများနဲ့ ပြန်လည်ပုံဖော်ခြင်းဖြစ်ပါတယ်။ဒီလိုစကားပြေ ပြန်ဆိုတဲ့အခါမှာကဗျာဆရာ မူလပေးလိုသည့်အရာများကို သွေဖီသွားစေနိုင်တဲ့ စာဖတ်သူရဲ့ ပုဂ္ဂလိကခံစားချက် ၊ ပုဂ္ဂိုလ်ရေးအတွေးအမြင်တွေများကိုဖယ်ထုတ်ထားနိုင်မှသာလျှင် ကဗျာမှာအစစ်အမှန်ပျော်ဝင်ခံစားနိုင်ပါလိမ့်မယ်။
စာရေးဆရာမ Baumagaertnar ကသူမရဲ့ Appreciating Poetry စာအုပ်မှာ ပြောခဲ့တာက သင်ဟာဘယ်သူပဲဖြစ်နေနေ၊ သင့်ရဲ့ စာပေအဆင့်အတန်းက ဘယ်လောက်ပဲရှိနေပါစေ သင်ဟာကဗျာဖတ်သူတစ်ဦး အဖြစ်သာဖြစ်နေပါစေ တဲ့လေ။
ဟနစံ
No comments:
Post a Comment