Wednesday, 1 February 2017

မြေနိမ့်သူ

လမ်းဆုံးက ရွာကိုရောက်ဖို့

ခပ်သွက်သွက် ပြေး

အာရုံမှာ မဲနေလိုက်တာ

ကျောမှာ စူးနစ်ဝင်နေတဲ့

မြေနိမ့်ရာကို ရွေးစိုက်တဲ့လှံတွေကို

ဂရုမထားမိခဲ့ဘူး။



ခပ်အေးအေး ခံစားမှုကြောင့်မှ

အလို...သွေးစိမ်းရှင်ရှင်တွေပါလား



ကိုယ့်လမ်းကိုယ် သွားတယ်ဆိုပေမင့်

ခလုတ်နဲ့ဆူး ခင်းသူတွေ

ကောင်းမှုစေတနာကြောင့်

ခလုတ်ဖယ်၊ ဆူးထွင်ရင်း

ခရီးတစ်ထောက် ကျိုးလာလိုက်တာ



ကိုယ့်ကျောက လှံတွေကြောင့်မှ

မြေနိမ့်သူပါလား သံဝေဂရမိ



ကိုယ့်ချွေးတွေနဲ့

စိုက်ခဲ့တဲ့ မိုင်တိုင်တွေမှာ

သူများကို နင်းခဲ့တာတွေ မပါခဲ့တာ

တစ်ပါးသူမျက်ရည်တွေမပါတဲ့

ကိုယ့်ထမင်း အနပ်တိုင်းအတွက်

မြေနိမ့်နေရတာကိုကပဲ

ဆုလာဘ်ကြီးတစ်ပါး ။   ။





၂၀၁၀ ၊ စက်တင်ဘာလ ၂၉ ရက်

နံနက် ၃ နာရီ ၂၂ မိနစ် ၆ စက္ကန့်။

No comments:

Post a Comment