Wednesday, 1 February 2017

လေယာဉ်ထဲမှာ

ရန်ကုန်မြို့ကို ချောချောမောမောရောက်ရှိလာပါပြီ။ အခြားခရီးများကိုသွားခဲ့တုန်းက လေယာဉ်မယ်လေးတွေချောတယ်၊ ဘိုးရင်းဂျက်လေယာဉ်ကြီးမောင်းတဲ့ လေယာဉ်မှုးလေးက ငယ်ငယ်လေး စတာတွေလောက်ပဲ ပြောစရာ ကျန်ရှိပေမဲ့ ရန်ကုန်ကို ပြန်လာတဲ့ခရီးစဉ်ကတော့ ပြောစရာတွေ၊ စိတ်ထဲမှာ မှတ်မိနေစရာတွေ ကျန်ရစ်ခဲ့တယ်။

ချောချောမောမောရောက်ရှိလာတယ်ဆိုတာက လမ်းခရီးမှာ ကွာလာလမ်ပူ Transist flight ဖြစ်ပြီး Check through ဖြစ်တာကြောင့် check in တစ်ခါတည်းဝင်ပြီး အိတ်၊ အထုပ်အပိုးတွေ ဘာကိုမှ စိတ်မပူရတော့ဘဲ စိတ်အေးလက်အေးရှိတာပါ။
 ကွာလမ်လမ်ပူကို အသွားလေယာဉ်ခရီးစဉ် ကနံနက် ၆ နာရီ ၂၀ မိနစ် ထွက်တာကြောင့် အိမ်ကနေ နံနက် ၄နာရီခွဲထွက်ဖို့ နံနက် ၃ နာရီတည်းက အိပ်ရာထ ပြင်ဆင် ၊ အလှပြင် ထွက်လာခဲ့တာ ကွာလာလမ်ပူကိုရောက်၊ ရန်ကုန်ကို သွားမယ့် လေယာဉ်ခရီးစဉ်အတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာကို တစ်ခါပြန်ဝင် ရပါတယ်။ boarding gate ကိုမဝင်ခင် Xray ဖြတ်တော့ လက်ဆွဲသယ်လာတဲ့ ကျောပိုးအိတ်၊ ကွန်ပျူတာ laptop နဲ့ လက်ကိုင်အိတ်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းမှန်သမျှ အကုန်ဖြတ်ပြီးတော့ လုံခြုံရေးရဲမေက ကျောပိုးအိတ်ထဲမှာ အသွားချွန်တဲ့သတ္တုပစ္စည်းပါတယ်။ ဖွင့်ပေးပါဆိုတော့ စဉ်းစားတာ ဘာပါလိမ့်ပေ့ါ။ ကျောပိုးအိတ်ကိုဇစ်လည်းဖွင့်ရော စီလွန်ချည်လုံးက ထွက်ကျလာမှ သတိရသွားတယ်။ သိုးမွေးထိုးအပ် တစ်ချောင်းထိုး crochet အပ်နဲ့ ချည်လုံးတွေကို လွယ်လွယ်ကျောပိုးအိတ်ထဲ ထည့်သိမ်းလိုက်မိတာ။ တစ်ချောင်းထိုးအပ်ထည့်ထားတဲ့အိတ်ထဲမှာ အပ်ချုပ်အပ်ဗူး၊ အပ်ချည်လုံး၊ ပေကြိုးစတာတွေ တွေ့တော့မှ ရဲမေ ရယ်တော့တယ်။  ရပါပြီဆိုတော့ ကျေးဇူးတင်ကြောင်း ပြောပြီး boarding gate မှာ ခေါ်မယ့်အချိန်ထိုင်စောင့်နေတော့တယ်။ သတိထားမိတာ ဥရောပစုံတွဲတစ်တွဲကလွဲလို့ ခရီးသည်အကုန်လုံးနီးပါး မြန်မာလူမျိုးတွေချည်းပါပဲ။

လေယာဉ်ထဲရောက်တော့ နေရာက ပြတင်းပေါက်ခုံဆိုတော့အတွင်းဆုံးမှာထိုင်ပြီး ခရီးသည်တွေအကုန်နေရာထိုင်ပြီးအတော်လေးကြာတော့မှ ဘေးက ၂ခုံကို သားအမိလို့ထင်ရတဲ့ အိန္ဒိယလူမျိုးနှစ်ဦးရောက်လာပါတယ်။ ဘေးကပ်လျက်မှာ ဆာရီဝတ်ထားတဲ့ အဒေါ်ကြီးဝင်ထိုင်တော့ မျက်လုံးချင်းဆုံမိလို့ ပြုံးပြလိုက်ပါတယ်။ အဒေါ်ကြီးဆီက ပြင်းပြင်းစူးစူးရေမွှေးနံ့နဲ့ ခေါင်းမှာပန်ထားတဲ့ ဇွန်ပန်းနံ့တွေကို ခရီးတလျှောက် အချိန် ၂နာရီ ၄၅ မိနစ်ကြာ ဒုက္ခခံရဦးမှာကို စိတ်မသက်မသာ ဖြစ်မိလိုက်ရတယ်။ ဇွန်ပန်းနံ့နဲ့ ယုဇနပန်းနံ့ကို ဘယ်လိုမှ မခံနိုင်လောက်အောင် ခေါင်းကိုက်တတ်တာ။ ဘေးခုံကအဒေါ်ကြီးက လက်ထဲမှာ ကွမ်းယာဗူးနဲ့ ကွမ်းယာလည်း ဝါးနေတာတွေ့တယ်။ ကြွပ်ကြွပ်အိတ်အထုပ်သေးသေးပေါင်း ဗြုတ်စဗျင်းတောင်းကို ခြေထောက်အောက် ကြမ်းပြင်မှာ ချထားတယ်။ သူ့အဖော် ဦးလေးကြီးနဲ့ အိန္ဒိယဘာသာစကားနဲ့ပြောနေကြတာ တကယ့်ကို နားမခံသာနိုင်စရာ။ ကွမ်းစားထားတဲ့ သွားနီနီတွေနဲ့ ပြံုးပြပြီး လူကို ခေါင်းကနေ ခြေထောက်ထိ ထိုင်ကြည့်နေတာနဲ့ စိတ်ကညစ်လာတယ်။ ဟုတ်တယ်လေ…အဲလို ထိုင်ကြည့်နေရလောက်အောင် လှတဲ့သူမဟုတ်မှန်း ကိုယ့်ဘာကိုယ် သိတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီခရီးဆုံးရင် ချစ်တဲ့အမိမြေကို ပြန်မြင်ရမယ်ဆိုတဲ့ ပျော်စရာစိတ်အတွေးနဲ့ မျက်စိမှိတ်လို့ တရားမှတ် ငိုက်လာလိုက်တယ်။

ကဏှာမငြိမ်ဘူးဆိုတဲ့ စကားကဘေးခုံက အဒေါ်ကြီးကို ရည်ညွှန်း ထားရှိခဲ့လေသလားပဲ။ ထိုင်ခုံခါးပတ်ဖြုတ်လိုက် ထလိုက်၊ ထိုင်လိုက်၊ သူ့ဘေးက ဦးလေးကြီးကိုကျော်ပြီး အလယ်လမ်းကြား တစ်ဘက်ခုံက သူတို့နဲ့ မျိုးတူ ဦးလေးကြီးတစ်ယောက်ကို သူတို့ဘာသာစကားနဲ့ပြောလိုက် နဲ့။ လေယာဉ်မယ်က နေ့လည်စာ ဘာစားမလဲလာမေးတော့မှ မျက်စိဖွင့်လိုက်မိတယ်။ ထမင်းနဲ့ ကြက်သားချိုချဉ်၊ ကြက်သားခေါက်ဆွဲနဲ့ အသီးအရွက်၊ အုန်းထမင်းနဲ့ ကြက်သား တစ်ခုခုရွေးဖို့ လာမေးတော့ ခေါက်ဆွဲစားမယ်လို့ ပြောလိုက်တယ်။ ဘေးက အဒေါ်ကြီးကတော့ စားနေပြီ။ ကိုယ် အိပ်ပျော်နေတယ်ထင်ပြီး လေယာဉ်မယ်ကလည်း ကိုယ့်ကို နောက်ဆုံးမှ လာမေးတာ။ အဒေါ်ကြီးဘေးခုံက လူကိုတော့မတွေ့ဘူး။ အိမ်သာတွေဘာတွေ သွားနေတာနေမယ်။ အဒေါ်ကြီးစားနေတုန်း တစ်ဝက်လောက်မှာ သူ့ဘေးက ဦးလေးကြီး ပြန်ရောက်လာပြီး နေ့လည်စာဗူးထဲက အချိုပွဲ သီးစုံကိတ်၊ ချော့ကလက်တို့ကို ယူပြီး ခြေထောက်အောက်မှာ ချထားတဲ့ ပီနန်အိတ်ထဲကို ထည့်တယ်။ လုပ်နေတာတွေကို ပျာယာပျာယာ ဟိုကြည့် ဒီကြည့်နဲ့။ အဒေါ်ကြီးစားနေတဲ့ နေ့လည်စာဗူးကို ဆွဲယူပြီး ကြမ်းပေါ်ကိုအတည့်လိုက်လေး ချလိုက်တယ်။ အဒေါ်ကြီးက သူတို့ ဘာသာစကားနဲ့ ဝူးဝူးဝါးဝါးပြောတယ်။ ဟိုလူကလည်း ဘာတွေလဲမသိ ပြန်ပြောတယ်။ ခဏနေတော့ လေယာဉ်မောင်ရောက်လာပြီး နေ့လည်စာဗူးက အောက်ပြုတ်ကျသွားတာလားဆိုပြီး အသစ်ယူလာပေးမယ်ဆိုပြီး ဘာနဲ့စားမလဲ မေးပြန်တယ်။ ကိုယ်စားနေတဲ့ ခေါက်ဆွဲဗူးကို ကြည့်ပြီး အဒေါ်ကြီးက “နူဒယ် နူဒယ်” လို့ ပြောတယ်။ အအေးဘာသောက်မလဲဆိုတော့ ကုတ်၊  ဆဲဗင်းအပ် နဲ့ တစ်ယောက်တည်းကို ရှုပ်နေတော့တာပဲ။ သူ့ကို ပေးတဲ့ နေ့လည်စာဗူးထဲက မုန့်တွေကို ခြေထောက်အောက်က အိတ်ထဲကို ထိုးထည့်နေပြန်တယ်။ ကိုယ့်ကိုလေယာဉ်မောင်ကလှမ်းမေးတော့ရေငတ်တာနဲ့ ရေပဲတောင်းလိုက်တယ်။ လေယာဉ်မောင်၊ လေယာဉ်မယ်တွေ အနားကထွက်သွားတော့ အဒေါ်ကြီးက ခုနက အောက်ကို ချထားတဲ့ စားလက်စ ထမင်းဗူးကို ပြန်ကောက်ယူပြီး အိတ်ထဲ ထည့်သိမ်းပြန်တယ်။ ကိုယ်ကတော့ နေ့လည်စာဗူးမှာပါတဲ့ လိမ္မော်ရည်ရယ် ၊ တောင်းသောက်ထားတဲ့ရေရယ်နဲ့ အိမ်သာကို ထသွားချင်ရင်တောင်မှ အောင့်ထားလိုက်တော့မယ်လို့ စိတ်ကူးလိုက်တယ်။ လွယ်ထားတဲ့အိတ်ကလည်း ကြီးကြီးမားမားနဲ့ လေးလည်းလေးတာကြောင့် အရင် flight မှာ အိတ်ကို ထားပြီး အိမ်သာ ထသွားပေမဲ့ ဒီflight မှာတော့ ဘေးကအဒေါ်ကြီး လုပ်ရပ်တွေကြောင့် စိတ်မချဖြစ်နေမိတယ်။

အဒေါ်ကြီး ထမင်းစားပြီးတော့ ဗူးအခွံတွေကို ကိုင်ပြီး ကိုယ့်ဘက်ကို တွန်းပေးတော့ အစားနှေးတဲ့ ကိုယ်က ခေါက်ဆွဲတွေ ဝါးနေတုန်းမို့ ကိုယ်က မျက်ခုံးပင့်ပြီး ဘာလဲဆိုတဲ့သဘောမျိုးလုပ်ပြလိုက်တော့ ဗူးခွံတွေကို လွှင့်ပစ်မယ့် ပုံမျိုးလုပ်ပြတယ်…ကိုယ့်ဘေးက ပြတင်းပေါက်ကို ဖွင့် ဆိုတဲ့ပုံမျိုးလုပ်ပြပြီး သူတို့ ဘာသာစကားနဲ့ပြောတယ်။ ကိုယ်လည်း air hostess will come and collect it , do not worry. လို့ပြောလိုက်တယ်။ အဒေါ်ကြီးက ဇွတ်ပုံစံကြီးရယ်။ လေယာဉ်မယ်က အဒေါ်ကြီးအမှိုက်တွေ လာသိမ်းသွားပြီးတော့ ကိုယ်ကလည်း ခေါက်ဆွဲစားပြီးသွားတယ်။ တစ်ထိုင်တည်း အများကြီး မစားနိုင်တဲ့ ကိုယ်က အချိုပွဲကမုန့်တွေစားဖို့ ဗိုက်မဆံ့တော့တာနဲ့ နောက်မှ စားမယ်ဆို စိတ်ကူးလိုက်တယ်။ အဲဒါကို အဒေါ်ကြီးက ကိုယ့်လက်မောင်းကိုတို့ပြီး မုန့်တွေကို လက်ညှိုးထိုးပြတယ်။ သူ့ကိုပေးပါဆိုတဲ့ ပုံမျိုးလုပ်ပြတော့ ကိုယ်က တကယ်တမ်း စေတနာနည်းသူ မဟုတ်ပေမဲ့ ဒီအဒေါ်ကြီးလုပ်ရပ်တွေကို မြင်ထားတာကြောင့် သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး
No! This is mine ! လို့ပြောလိုက်တယ်။ ကိုယ်လည်း ဗိုက်မဆံ့တော့ မဆာတော့တာကို အတင်းဇွတ်ဖျစ်ညှစ်ပြီး ကိတ်မုန့်နဲ့ချော့ကလက်ကို စားပစ်လိုက်တယ်။
စားပြီးတော့ ကိုယ်က မျက်စိ ပြန်မှိတ်လိုက်တယ်။ အဒေါ်ကြီးနဲ့ မျက်လုံးချင်းဆုံရင် သူက စကားပြောချင်ပုံပေါ်နေတာနဲ့။ အဒေါ်ကြီးက အလယ်လမ်းကြားတစ်ဘက်က သူတို့မိတ်ဆွေဘေးက ထိုင်ခုံကလူကို မြန်မာဘာသာနဲ့
သားက ရန်ကုန် ဘယ်မှာနေတာလဲလို့ လှမ်းမေးတာ ကြားတယ်။ ဒီအဒေါ်ကြီး မြန်မာပြည်ပေါက် ရေဝတီမျိုးနွယ်ပေပဲ။ ဟိုဘက်ကလူကလည်း အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီး ဘယ်မှာနေတယ် ဘာတွေလုပ်တယ် ဘယ်သွားတယ် ဇာတိမြို့က ဘာနဲ့ အဲဒီအဒေါ်ကြီးနဲ့ လှမ်းအော်စကားပြောကြတယ်။ ကိုယ်က ဘာမဆိုင် ညာမဆိုင် တခြားခရီးသည်တွေကို အားနာမိလိုက်တယ်။ ဘယ်ခရီးပဲသွားသွား ခရီးအတူသွားသူတွေ မျက်စိမှိတ်ထားရင် အိပ်နေတယ်လို့ယူဆပြီး စကားမပြောတာ၊ ပြောစရာရှိရင်လည်း လေသံလေးလောက်နဲ့ တိုးတိုးလေးပဲပြောတတ်တဲ့ တခြား နိုင်ငံသားတွေကို ကျေးဇူးတင်မိလိုက်တယ်။ ကိုယ်က မျက်စိမှိတ်ထားပေမဲ့ သူတို့ ပြောနေတာတွေအကုန်ကြားနေရတယ်။
အိပ်ပဲ အိပ်နေတာပဲလို့ ဟိုလူက ပြောတာကြားလိုက်တယ်။ အဲဒါကို ဘေးကို အဒေါ်ကြီးက ခွက်ထိုးခွက်လန်ရယ်တယ်။
ကိုယ့်အတင်းတုပ်နေကြတာကိုး။ ဗမာပဲနေမှာပါ လို့ ဟိုလူ ပြောတာကြားလိုက်တယ်။ အဒေါ်ကြီးက မသိဘူးလို့ပြောတယ်။
ဟိုလူက အသံကျယ်ကျယ်နဲ့
ကျွန်တော့် ညီမတစ်ယောက်ရှိတယ် ..နိုင်ငံခြားသွားတာဖြင့် ၆လပဲရှိသေးတယ်..မြန်မာစကားမတတ်တော့ဘူး။ မြန်မာလို မပြောတတ်တော့ဘူးနဲ့..အလကား စောက်ပိုတွေလုပ်တာ…သွားတာဖြင့် ၆လလေး။ သိလား အန်တီ… တဲ့။
ညွှတ်ချာဖျား…ကိုယ်က အဒေါ်ကြီးကို မြန်မာပြည်ပေါက်မှန်းမသိလို့ ဘိုလိုပဲပြောမိတာကို တစ်ဘက်ကလူက စောင်းပြောနေတာကိုး။ သြော်..သနားပါတယ်..သူ့မှာ ကိုယ့်ကို ခရီးစဉ်တလျှောက်လုံး ထိုင်ကြည့် အကဲခတ်လာပုံပဲ။
ကိုယ်ကတော့ မျက်စိမှိတ်ထားဆဲပဲ။ စိတ်ထဲမှာလည်း ပျံ့လွင့်နေတဲ့စိတ်နောက်ကို လိုက်မှတ်နေလိုက်တယ်။ အဒေါ်ကြီးက ဟိုလူကို ဗမာမဟုတ်ဘူးထင်တယ်လို့ လှမ်းပြောတာကြားတယ်။ သြော်…သူတို့မှာ ကိုယ် ဗမာလူမျိုး ဟုတ်၊ မဟုတ်က အလုပ်ကြီးတစ်လုပ်ပါလားလို့စိတ်ထဲရယ်လည်း ရယ်ချင်သွားတယ်။ မြန်မာ့လေပိုင်နက်ထဲရောက်တော့ လေယာဉ်မှုးက တိမ်ထူထူကို တိုးရမှာမို့ နေရာမှာ ထိုင်ပြီး ထိုင်ခုံ ခါးပတ် ပတ်ထားဖို့ကြေညာတယ်။ထိုင်ခုံခါးပတ်ဖြုတ်ထားတဲ့ အဒေါ်ကြီးကို သတိပေးမယ်လို့ပါးစပ်ပြင်ပြီးမှ လေယာဉ် အောက်ကို ကျတဲ့ချိန် ထိုင်ခုံခါးပတ် ပတ်မထားရင် inertia ကြောင့်အဒေါ်ကြီး ခေါင်းနဲ့ လေယာဉ်ခေါင်မိုးနဲ့ ဆောင့်ရင် အေးရောဆို စိတ်ထဲတွေးပြီး သတိမပေးလိုက်တော့ဘူး။ (စိတ်ပုပ်တာလေ)။ သူ့ဘေးခုံက ဦးလေးကြီး ပျာယာပျာယာနဲ့ပြန်ရောက်လာပြီး အဒေါ်ကြီးကို ထိုင်ခုံခါးပတ်ပတ်ခိုင်းတယ်။

မင်္ဂလာဒုံကွင်းကိုအဆင်းမှာ ရွှေရောင်ဝင်းနေတဲ့ စေတီတစ်ဆူကို ပြတင်းကနေ လှမ်းမြင်ပြီး အဒေါ်ကြီးက ရွှေတိဂုံဘုရား…ရွှေတိဂုံဘုရား ဆို ထအော်ပါလေရော။ ကိုယ့်လက်မောင်းကို ကိုင်လှုပ်ပြီး ရွှေတိဂုံဘုရား …ရွှေတိဂုံဘုရားဆိုပြီးဖင်တကြွကြွနဲ့ ခုန်နေတော့ ကိုယ်က သူ့ကို ရွှေတိဂုံဘုရား မဟုတ်ပါဘူး လို့ လှည့်ပြောလိုက်တော့
ဗမာ ဗမာ ဆို အဒေါ်ကြီးက ဟိုလူကို လှမ်းအော်ပြောပါလေရော။ ဆာယိုနာယာ ဘာဆိုလားပဲ ဟိုလူနဲ့ အဒေါ်ကြီးက ကိုယ်ပြောတဲ့ လေသံအတိုင်းလိုက်ပြောပြီး သူတို့အချင်းချင်း ရယ်နေကြတယ်။ သေချာတာကတော့ ကိုယ့် လေယူလေသိမ်းကို လှောင်နေကြတာ။ တိုင်းရင်းသားလူမျိုးနှစ်မျိုး ကပြားဖြစ်တဲ့အတွက် ကိုယ်ပြောတဲ့ ဗမာစကားက ဗမာလိုလေယူလေသိမ်း ပီပီသသထွက်မှာ မဟုတ်ဘူး။ လေယာဉ်ဆိုက်တော့ ကိုယ်လည်း အေးအေးဆေးဆေးပဲ ထိုင်စောင့်နေလိုက်တယ်။ ခရီးသည်အားလုံးကုန်မှ လေယာဉ်ထဲက အေးအေးဆေးဆေးထွက်ဖြစ်တယ်။ tube ထဲက အထွက်မှာ ဖိုးသူတော် စောင့်နေတယ်။ ဖိုးသူတော်နဲ့ စကားနည်းနည်းပြောပြီး အောက်ထပ်ကိုဆင်းတော့ လူဝင်မှုကြီးကြပ်ရေးကောင်တာနားမှာ စောင့်နေတဲ့ သူငယ်ချင်းက လျှောက်လာ လာကြိုပြီး အမ်မလေး..ရွှေမင်းသမီး ပါများမပါလာတော့ဘူးလားလို့ ..ခရီးသည်တွေ အကုန်ကုန်ပြီး ထွက်မလာလို့ အပေါ်ကို လှမ်းဆက်ခိုင်းတော့ လေယာဉ်ထဲမှာလည်း တစ်ယောက်မှ မကျန်တော့ဘူးတဲ့။ ခရီးသည်စာရင်းတောင်းကြည့်တော့လည်း နာမည်က ပါလာတယ်။ ဘယ်နားပျောက်နေတာလဲတဲ့။

မကြီး ဆိုလှမ်းခေါ်ပြီး ပြေးလာတဲ့  MAI မှာလုပ်တဲ့ အိမ်က ညီမလေး ယုနက တော်သေးတာပေါ့ မကြီးရာ..သမီးက departure မှာ ဂျူတီ၊ အမေက ဖုန်းလှမ်းဆက်ပြီး နင့်မကြီး လေယာဉ် ၁၁နာရီ ၂၅ မိနစ်တဲ့ ဆိုတော့မှ လေယာဉ်တောင်ဆင်းသွားပြီဆို အမြန်ပြေးလာတာတဲ့။ ကိုယ် ပြန်လာမယ်ဆိုတာကို ဘယ်သူ့ကိုမှ ကြိုမပြောထားတာလေ။ ကွာလာလမ်ပူလေဆိပ်ရောက်တော့မှ ရန်ကုန်ကို ဖုန်းလှမ်းဆက်ပြီး ပြန်လာပြီဆို ပြောတာ..လာကြိုနေရင်အလုပ်ရှုပ်နေကြမှာစိုးတာနဲ့။ လေဆိပ်မှာ တာဝန်ကျနေတဲ့ သူငယ်ချင်းတွေရယ်၊ ညီမလေး ယုနရယ်နဲ့ စကားတွေ ရေပက်မဝင်ပြောနေရတာနဲ့ ဟိုအဒေါ်ကြီးနဲ့အဖွဲ့ကိုတောင် မနှုတ်ဆက်ခဲ့မိဘူး။

No comments:

Post a Comment