စက္ကူတွေကလည်း စျေးကြီးပါတယ်။ အခုလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအလုပ်တွေ အရေးတကြီးလိုအပ်လာတဲ့
အချိန်ကာလမျိုးမှာ စက္ကူတွေဟာ ပိုလို့ တန်ဖိုးရှိစွာ အသုံးပြုရမယ့် အချိန်ကာလဖြစ်လာပါပြီ။ စာအုပ်စျေး၊ ဂျာနယ်စျေး၊ မဂ္ဂဇင်းစျေးတွေကလည်း မသေးလှပါဘူး။
ခေတ်ကာလရဲ့တောင်းဆိုမှုကြောင့် စာဖတ်သူတွေဟာ စာကို အေးအေးလူလူဖတ်နိုင်တာတွေလည်း ရှားပါးလာပါပြီ။
ပုံနှိပ်ထုတ်ဝေတဲ့ စာများကိုတောင်းပန်ချင်တာများစွာရှိပါတယ်။အဝါရောင်စာပေများကို မဆိုလိုပါဘူး။ အဝါရောင်တွေကို ရေးတဲ့၊ ဖတ်တဲ့ လူတန်းစားက သီးသန့်ရှိနေပါလိမ့်မယ်။
တန်ဖိုးရှိသော စက္ကူ၊ တန်ဖိုးရှိသော စာဖတ်သူများရဲ့ အချိန်များကိုငဲ့ကွက် တန်ဖိုးထားတဲ့အနေနဲ့ စာဖြစ်ရင်ပြီးရော၊
စာမူခ ရရင်ပြီးရော၊ ပြီးပြီးရော စာမရေးပါနဲ့လို့ တောင်းပန်ချင်တာပါ။ ကိုယ်ရေးတဲ့စာဟာ ကျိုးကြောင်းခိုင်လုံမှုရှိရဲ့လား ၊ အကိုးအကားခိုင်လုံရဲ့လား၊ ရမ်းသမ်းရွှီးလားဆိုတာ ဆင်ခြင်ပြီးမှ ရေးစေချင်ပါတယ်။
စာဖတ်သူများဟာ စာရေးသူ ရေးသမျှကို ဖတ်ပြီး ယုံနေလိမ့်မယ်လို့ မထင်မှတ်ထားပါနဲ့။ စာဖတ်သူတွေထဲမှာ တွေးတောဆင်ခြင်နိုင်တဲ့သူတွေ၊ စာရေးသူထက် စာဖတ်အားပိုကောင်းတဲ့သူတွေ၊ စာရေးသူ ရေးသားတဲ့ အကြောင်းအရာ topic အပေါ်မှာ specialist ဖြစ်နေတဲ့သူတွေ ပါဝင်နေကောင်း ပါဝင်နေပါလိမ့်မယ်။
အလုပ်ရှုပ်လို့ စာတစ်တန် ၊ ပေတစ်တန်နဲ့ စာရေးသူတွေဆီ မပြောတာသာ ဖြစ်ပါလိမ့်မယ်။ စာရေးသူရေးတာတွေဟာ ဟုတ်မှန်သလား ၊ မဟုတ်မှန်ဘူးလားဆိုတာကို ပိုင်းခြားဆင်ခြင်နိုင်တဲ့ စာဖတ်သူပေါင်း များစွာ ရှိနေပါတယ်ဆိုတာ စာရေးသူတွေဖက်က မေ့မထားစေချင်ပါဘူး။
ယုတ်စွအဆုံး စာမူခရလို့ စာတစ်ပုဒ်ဖြစ်သွားဖို့ စာရေးတယ်လို့ ထားဦးတော့ ...အဲဒီလိုဆိုရင်လည်း စာဖတ်သူတွေရှိလို့ စာရေးနေရတာပါ။ စာဖတ်သူတွေသာ မရှိရင် မဂ္ဂဇင်း၊ ဂျာနယ်တွေလည်း ရောင်းရမှာ မဟုတ်လို့ စာရေးသူတို့ စာမူခရမယ့် စာတွေလည်း ရေးရမှာ မဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်း စာရေးတဲ့ စာရေးသူတွေအား စာမူခ ရစေတဲ့ စာဖတ်သူတွေကို လေးစားသောအားဖြင့်တော့ စာရေးသူဟာ တာဝန်တစ်ခုအနေနဲ့ သတ်မှတ်ထားပြီးတော့ ကိုယ်ရေးတဲ့စာဟာ ခိုင်လုံပါရဲ့လားဆိုတာလေးတော့ ဆန်းစစ်ပြီးမှ စာဖတ်ပရိသတ်ဆီကို တင်ပြပေးပါ။
နည်းပညာရပ်ဆိုင်ရာဆောင်းပါးများကို ဘာသာပြန်ဆိုရေးသားတယ်ဆိုရင်လည်း ထိုနည်းပညာဘာသာရပ်ကို ကျွမ်းကျင်သူစာရေးသူမဟုတ်ပါက ထိုနည်းပညာရပ်မှာ ကျွမ်းကျင်သူများကို တိုင်ပင်မေးမြန်းပြီးမှ (သို့မဟုတ်) ကိုယ်ရေးထားတာကို ထိုနည်းပညာရပ်မှာ ကျွမ်းကျင်သူက ထောက်ခံတယ်လို့ ဆိုမှသာ စာဖတ်ပရိတ်သတ်ကို တင်ပြသင့်ပါတယ်။ စာဖတ်ပရိသတ်ထဲမှာ ထိုနည်းပညာရပ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူများ ပါရှိနေလိမ့်မယ်ဆိုတာကို စာရေးသူတို့ သတိပြုသင့်ပါတယ်။
No comments:
Post a Comment