ကျွန်မတို့ မူကြိုကျောင်းမှသည် အခြေခံပညာအထက်တန်းအထိ စာသင်ကျောင်းမှာ ဆရာ၊ ဆရာမများအရှေ့ လက်ပိုက်ကာ ရိုကျိုးခဲ့ကြရပါတယ်။
စာသင်ခန်းမှာ ကျောင်းသား၊ ကျောင်းသူများဟာ မတ်တပ်ရပ်ကာ လက်ပိုက်လို့ မင်္ဂလာပါဆရာမ လို့ နှုတ်ဆက်ခဲ့ရပါတယ်။
ဆရာ၊ ဆရာမက မေးခွန်းများကိုမေးရင်လည်း လက်ပိုက်ကာ ဖြေခဲ့ရပါတယ်။
ဆရာ၊ ဆရာမများကို လမ်းမှာ တွေ့ရင်လည်း လက်ပိုက်ကာ မင်္ဂလာပါဆရာ၊ မင်္ဂလာပါ ဆရာမ စသည်ဖြင့်နှုတ်ဆက်ခဲ့ကြပါတယ်။
လက်ပိုက်ခြင်းဆိုတဲ့ ကိုယ်ဟန်အမူအယာဟာ ကျွန်မတို့ မြန်မာလူမျိုးမှာသာ ရိုကျိုးခြင်းဆိုတာကို သတ်မှတ်လေသလားလို့ တွေးမိပါတယ်။ ဒါမှမဟုတ် လက်ကို ဘယ်နား ထားရမှန်းမသိလို့ လက်ပိုက်လိုက်တာများလားလို့လည်း တွေးမိပါတယ်။
ဆရာ၊ ဆရာမ၊ လူကြီးသူမများအရှေ့မှာ ကျွန်မတို့ မြန်မာလူမျိုးများဟာ လက်ပိုက်ခြင်းဓလေ့ ဘယ်ကနေ စတင်ဖြစ်ပေါ်လာတယ်ဆိုတာကို ကျွန်မ မသိပေမဲ့ အခြားနိုင်ငံများမှ လူမျိုးများအရှေ့မှာ လက်ပိုက်တဲ့ ကိုယ်နေဟန်ဟာ ရိုကျိုးခြင်းကို မဖော်ဆောင်ပါဘူး။
လက်ပိုက်ထားတဲ့ ကိုယ်ဟန်ဟန်ထားဟာ defensive or negative attitude ကိုဖော်ဆောင်ပါတယ်။ negative body gesture လို့ ဆိုကြပါတယ်။ အခြားလူတစ်ယောက်နဲ့ စကားပြောနေစဉ်မှာ မိမိက လက်ပိုက်ထားတယ်ဆိုရင် တစ်ဘက်သားပြောစကားများကို ဘာပြောပြာ မယုံဘူး။ ဘာမှ ဂရုမထားဘူးလို့ သဘောသက်ရောက်ပါတယ်။ ( ကိုးကား။ ။ A Little Book of Body Language စာအုပ် (၂၀၀၃ ) ၊ စာမျက်နှာ ၄၉ )
လက်ပိုက်ထားတဲ့ ကိုယ်ဟန်အမူအယာဟာ မိမိကိုယ်မိမိ ယုံကြည်မှု မရှိခြင်း၊ မသေချာ မရေရာခြင်းနဲ့ မိမိကိုယ်မိမိ ကာကွယ်လိုခြင်း စတဲ့ သဘောသက်ရောက်တယ်ဆိုတာကို Adrian Furnham, Evgeniya Petrova ရေးသားတဲ့
Body Language in Business: Decoding the Signals (၂၀၁၀) စာအုပ်ရဲ့ စာမျက်နှာ ၉ မှာဖတ်ရှုနိုင်ပါတယ်။
စိတ်ပညာနဲ့ဆက်နွယ်တဲ့ ကိုယ်ဟန်အမူအယာများရဲ့ အနက်ကို ဖော်ဆောင်တဲ့ စာအုပ်များမှာ ဖတ်ရှုလေ့လာမိသလောက်
လက်ပိုက်ထားခြင်း ကိုယ်ဟန်အမူအယာဟာ ချမ်းအေးတဲ့အတွက် လက်ပိုက်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဖတ်ရှုမိပါတယ်။
အများအားဖြင့်ကတော့ လက်ပိုက်ခြင်း ကိုယ်ဟန်အမူအယာဟာ ယဉ်ကျေးတဲ့အမူအယာတစ်ခု မဟုတ်ပါဘူး။
ကျွန်မက မြန်မာထုံးတမ်းစဉ်လာများကို အပြစ်တင်လိုခြင်း မရှိပါသော်လည်း အခြားနိုင်ငံသားများ (အထူးသဖြင့် ဆရာများ)ရဲ့ အရှေ့မှာ ခေါက်ရိုးကျိုးလာခဲ့တဲ့ လက်ပိုက်ခြင်း ကိုယ်ဟန်အမူအယာကို မပြုလုပ်မိအောင် သတိထားနေရပါတယ်။
No comments:
Post a Comment