Every woman is wonderful ! If you are a woman, you are a wonderful lady.
Wednesday, 1 February 2017
သူမကို မုန်းတယ်
ချစ်တယ်ဆိုတာကို ပြောဖို့လိုသလားဟု တွေးနေမိသည်။
သူမ...
ဒီတစ်သက်လုံး ပြောဖြစ်တော့မှာ မဟုတ်တဲ့စကားတစ်ခွန်းက သူမကိုချစ်တယ်ဆိုတာပါပဲ။
ကျွန်တော့်ကိုယ် ကျွန်တော် သူမကိုချစ်မိသည်ဟု သေချာမိချိန်မှာ ကျွန်တော် သူမကို မုန်းမိခဲ့သည်။
ကျွန်တော် ဘယ်မိန်းမကိုမှ ချစ်တော့မှာမဟုတ်ဘူးလို့ ထင်မြင်မိချိန်မှာ သူမကို ကျွန်တော် ချစ်ခဲ့မိသည်ပဲ။ မဟုတ်ဘူး... မုန်းတာ။
မုန်းတယ်...ဟုတ်တယ် ။
မိန်းမတွေကို မုန်းတယ်။
မေ့ကို မုန်းတယ်။
မေ...ရက်စက်တယ်...
မြ..
မြကိုမုန်းတယ်။
မြ ရက်စက်တယ်။
ခင္...
ခင့်ကိုမုန်းတယ်။
ခင် သိပ်ရက်စက်တယ်။
ထိုရက်စက်သောမိန်းမများ၏ အဝေးမှာ ကျွန်တော် ....။
သူမ...
နေသာသောနေ့တစ်နေ့တွင်သူမကို တွေ့ခဲ့သည်။
သူမက ကျွန်တော့်ကို မတွေ့ခဲ့ပါ။ တွေ့လျှင်လည်း တွေ့မည်ပဲ။ ဒါပေမဲ့ သူမ ကျွန်တော့်ကို မြင်သော်လည်း မသိခဲ့ပါ။
ကျွန်တော်ကတော့ သူမ၏ အပြုံးကို သိနေခဲ့သည်။ ထို အပြံုးကြောင့်ပဲ သူမကို ကျွန်တော် စတင်သတိထားမိခဲ့သည်။
လွတ်လပ်ပေါ့ပါးသော သူမဟန်ပန်၊ ရယ်မောပျော်ရွှင်နေပုံတွေက ကျွန်တော့်ဘဝနှင့်ကွားခြားလွန်းလှသည်။
ကျွန်တော့်အပါးကို ရောက်လာသော သူမက အနှစ်နှစ်အလလက ရင်းနှီးသိကျွမ်းခဲ့သူတွေ
လို မျက်လုံးတွေကပါ ပြုံးရယ်နှုတ်ဆက်သည်။
ရင်းနှီးနှစ်လိုဖွယ် သူမ၏ အပြုံး...
ကျွန်တော် မင်သက်မိသွားတဲ့အပြုံးရှင်သူမ...
မေ့လိုလည်း မလှပါ။ မြလိုလည်း ညှို့အလှပိုင်ရှင်မဟုတ်ပါ။ ခင့်လိုလည်း တပ်မက်ဖွယ်မကောင်းပါ။
ဒါပေမဲ့ သူမကို အမြဲငေးမောကြည့်နေချင်စရာကောင်းသည်။ ဘာ့ကြောင့် ငေးမောကြည့်ချင်နေရတာလဲ ကျွန်တော် မသိပါ။ ဘာကြောင့် သူမ စကားပြောတာကို နားထောင်ချင်နေရတာလဲ ကျွန်တော် မသိခဲ့ပါ။
သေချာတာကတော့ သူမကို ကျွန်တော် မြင်တွေ့ နားထောင်လိုသည်ပဲ။
ဟင့်အင်း...
မပြောပါနဲ့။ သူမ...
ကျေးဇူးပြုပြီး တခြားယောကျ်ားတွေနဲ့ စကားမပြောပါနဲ့။ မပြုံးရယ်ပါနဲ့။
ကျွန်တော် စိတ်ထဲမှ တားမြစ်စကားများ အပြင်သို့ ထွက်မလာခဲ့ပါ။
သူမ သိလျှင် ဘာဆိုင်လို့လဲ ဟုကျွန်တော့်ကို မေးမှာ ကြောက်ပါသည်။
ဟုတ်ပါသည်။ ဘာဆိုင်လို့လဲ။ သူမနှင့်ကျွန်တော် ဘာမှ မဆိုင်ပါ။ မိတ်ဆွေဆိုသည့်အနေအထားမှာ ကျွန်တော် သူမကို သဝန်တိုတားမြစ်ချုပ်ချယ်ပိုင်ခွင့်ရှိပါသလား။
မရယ်လိုက်ပါနဲ့။ အဲဒီ အပေါစား ဟာသတွေကို မရယ်မောပါနဲ့ ။ ကျေးဇူးပြုပြီး သူမရဲ့ ရယ်သံတွေကို တခြားသူတွေ မကြားပါစေနဲ့။
မုန်းတယ်...သူမကို ကျွန်တော်မုန်းတယ်။
မလာပါနဲ့။ အဲဒီ မျက်ဝန်းညိုညိုတွေနဲ့ မကြည့်ပါနဲ့။ ခင်ဗျားကို ကျွန်တော် မမြင်ချင်ဘူး။
မပြောပါနဲ့။ ခင်ဗျား စကားသံတွေ မကြားချင်ဘူး။
တောရိုင်းပန်းပွင့်လေးတွေ...
သူမ ချစ်တဲ့တောရိုင်းပန်းပွင့်လေးတွေ ....
သူမ အတွက် ကျွန်တော် သွားပို့ခဲ့သည်။ ကျွန်တော် ပေးထားခဲ့မှန်း သူမ မသိပါ။
ပန်းပွင့်လေးတွေကိုရတော့ သူမ ပျော်ရွှင်တာကို မြင်ရသည်။ ကျွန်တော့်ကိုတော့ သူမ မမြင်ပါ။
သူမ ချစ်တတ်တဲ့အရာအားလုံးကို သူမအတွက် ကျွန်တော် သွားထားပေးခဲ့သည်။
သူမချစ်တတ်သော အရာများမှာ ငွေစက္ကူဖြင့် တန်ဘိုးကြီးသောအရာများမဟုတ်။
ႊအႏုပညာ...
သူမ ချစ်သော အနုပညာဖန်တီးမှု၊ တောရိုင်းပန်းပွင့်လေးများ။
သူမ ပျော်နေသည်ပဲ။
သူမ ရှိတဲ့နေရာတွေကို ကျွန်တော် သူမ မသိအောင် ရောက်နေတတ်ခဲ့သည်။
တစ်နေ့ ...မိုးရာသီဦး တစ်နေ့...သူမ ငိုသည်။ သူမ ကျွန်တော့်ကို မြင်တွေ့သွားသည်။
သည်းသည်းထန်ထန်ငိုလေသည်။
သူမ မငိုပါနဲ့လို့ ကျွန်တော် မတားမြစ်နိုင်သလို ကျွန်တော်လည်း တစ်ဘဝစာငိုခဲ့ပါသည်။
ကျွန်တော့်ကို မတွယ်တာပါနဲ့။ ခင်ဗျား ကျွန်တော့်ကို မတွယ်တာပါနဲ့။
ကျွန်တော် ခင်ဗျားကို မုန်းတယ်။
ခင်ဗျားရဲ့ ဖြူုလွလွပုံစံလေးကိုမုန်းတယ်။ ခင်ဗျား စကားပြောရင်း ရယ်မောလိုက်တာကို မုန်းတယ်။
ခင်ဗျား သိထားဖို့က ကျွန်တော် ခင်ဗျားကို မုန်းတယ်။
ကျွန်တော် ခင်ဗျားကို ဘယ်တုန်းကမှ မချစ်ဘူး။ ဘယ်တော့မှလည်း မချစ်ဘူး။ ခင်ဗျားကို မုန်းတယ်။
သူမ...
ကျွန်တော့် အဝေးမှာ
ကျွန်တော်...
သူမချစ်တဲ့ ပန်းလေးတွေ၊ သူမချစ်တဲ့ အနုပညာဆိုတဲ့အရာမှန်သမျှတွေ သူမအတွက် ဖြည့်ဆည်းပေးရင်း
ကျွန်တော် ...သူမ ရေးတဲ့ ကဗျာလေးတွေကို တိုးတိုးဖွဖွ ရွတ်ဆိုကြည့်ရင်း....
မုန်းတယ်။
သူမကို မုန်းတယ်။
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment