Every woman is wonderful ! If you are a woman, you are a wonderful lady.
Wednesday, 1 February 2017
ပန်းကလေးနှင့်ကိုကို
"ဟာ...ပန်းကလေးပါလား...ဘယ်ကနေ ဘယ်လို လှည့်လာတာလဲ။ ကြိုလည်းမပြောဘူး"
လူခေါ်ခေါင်းလောင်းခလုတ်ကို နှိပ်လိုက်ပြီး ၅ မိနစ်ခန့်အကြာမှာ တံခါးပွင့်လာပြီးနောက် သူမ ဘယ်တော့မှ မေ့လျော့မသွားသော မျက်နှာပိုင်ရှင်ကို မျက်နှာသုတ်ပုဝါခြုံထားကာ ရေစိုနေသော ဆံပင်များကိုလည်း သုတ်နေရင်းတွေ့ရလေသည်။
သူမ ဝင်အောင် လမ်းဖယ်ပေးရင်း "ဘယ်တွေ ပျောက်နေတာလဲ" ဟုမေးလေသည်။
"ကျောင်းစာတွေ ပိနေတာ...ကို"
"ကို အပြင်သွားစရာရှိလို့လား"
သူမ တစ်ဆက်တည်းမေးလိုက်မိသည်။
"အင်း...ဂေါက်ကွင်းပါကွာ...ကို ဂေါက်သီးရိုက်သင်ပေးနေတဲ့ တပည့်တွေ ရှိတယ်ကွ"
"ဒါဆိုလည်း ပန်း ခဏနေရင် ပြန်မယ်လေ...ကို အအေးမိနေဦးမယ် အကျင်္ ီ သွားဝတ်ဦး"
"အင်း ...ခဏနော်...ပန်းကလေး..ကော်ဖီဖျော်သောက်ပါလား။ ဓာတ်ဗူးထဲမှာ ရေနွေး ခုနလေးကတင် ဖြည့်ထားတယ်"
ဟုဆိုကာ အိပ်ခန်းထဲ ဝင်သွားသော ကို့ကို သူမက
"မသောက်တော့ဘူး ကို...ပန်း ဗိုက်မဆာဘူး" ဟု လှမ်းပြောလိုက်သည်။
ရှုပ်ပွနေသော ကို့ ဧည့်ခန်းကို ကြည့်ကာ ပြုံးမိပြီး ကော်ဇော်ပေါ် ပွကျဲနေသော မဂ္ဂဇင်းစာအုပ်များကို ကောက်ယူစီထပ်လိုက်ကာ စာအုပ်စင်မှာ တင်လိုက်သည်။ တီဗွီရှေ့ ကြမ်းပြင်ပေါ်မှာ အပုံလိုက်ပွနေသော ဒီဗွီဒီအချပ်များကို အယ်ဘမ်တွေထဲ၊ ဗူးတွေထဲ ထည့်သိမ်းကာ ကို့ ဧည့်ခန်းကို မြန်မြန်သွက်သွက် ရှင်းလင်းပေးနေမိသည်။
ကို့ အိမ်လေးဆီကို သူမ မရောက်ဖြစ်ခဲ့တာ ကြာပြီပဲ။ သူမ ရောက်လာတိုင်း သော့ခလောက်ကသာ ဆီးကြိုနေတဲ့အကြိမ်အရေအတွက်တွေ များလာသည်နှင့် ကို့ဆီကို ဖုန်းအရင်မဆက်ဘဲ သူမ မရောက်ဖြစ်ခဲ့တော့။ ဖုန်းဆက်ပြန်လျှင်လည်း အပြင်ရောက်နေတာ။ ခုလေးတင် အပြင်ထွက်တော့မလို့ ဆိုသည့် စကားများကြောင့်သူမ ဖုန်းလည်း မဆက်ဖြစ်ခဲ့တော့။
ဟိုအရင် ညဘက်တွေလို သူမနှင့်ဖုန်းပြောပြီးမှ "ဂွဒ်နိုက်တ် ပန်းကလေး...အိပ်မက်လှလှမက်ပါစေ..ပန်းကလေးအိပ်မက်ထဲမှာ ကို့ကို ထည့်မက်နော်"
ဟု အိပ်ရာမဝင်မီ နှုတ်ဆက်တတ်တာတွေလည်း ကျဲပါးသွားတဲ့နောက်မှာ သူမလည်း အားလပ်ချိန်တွေမှာ စာအုပ်တွေနဲ့ အဖော်ပို၍ဖြစ်လာခဲ့လေသည်။
ထမင်းစားခန်းနှင့် မီးဖိုခန်းဘက်ကို ကူးလာရင်း ပွရှုပ်နေသည်များကို နေရာတကျ ပြန်လည်ထားကာ ရှင်းလင်း၊ ပုံထားသော ပန်းကန်အပေများကို ဆေးရင်းနဲ့ ကို တစ်ယောက်ကလေ ဘယ်လိုဖြစ်လို့ ဒီလောက် ညစ်ပတ်နေတာလဲ မသိဘူးဟု ရေရွတ်မိလေသည်။
သူမ ပန်းကန်များဆေးနေဆဲ Brylcreem ခေါင်းလိမ်းဆီနံ၊ Denim after shave နံ့တို့နှင့် Calvin Klein ရေမွှေးနံ့တို့ ရောစပ်စုပေါင်းထားသော အနံ့နှင့်အတူ ကိုတစ်ယောက် သူမ ရှိရာ မီးဖိုခန်းကို ဝင်လာလေသည်။ addidas စပို့ရှပ် မီးခိုးရောင်နုနှင့် Stormberg Montserrat ဘောင်းဘီ ဝတ်ထားသော ကို့ကို သူမက
"အားးး အရမ်းလှနေပါလား။ ဂေါက်ကွင်းမှာ ကယ်ရီမလေးတွေတော့ ကြွေကုန်တော့မှာပဲ"
ဟု လှည့်ကြည့်ကာ နောက်ပြောင်လိုက်လေသည်။
သူမ ခေါင်းကို သူ့ လက်ဖဝါးဖြင့် အုပ်ကိုင်ကာ
"ဘယ်ကောင်မလေးမှ ကြွေဖို့ မလိုဘူး။ ဒီကောင်မလေး ကြွေမှဖြစ်မှာ"
ဟု ပြုံးရယ်ဆိုကာ သူမ ခါးကို နောက်မှ ဖက်သိုင်းလိုက်သော ကို့ကို
"အား...မဖက်နဲ့ ...ယားပါတယ်ဆို"
ဟု ဆိုကာ သူမ ကိုယ်လေးကို တွန့်လိမ်ရင်း ဖယ်ရှားကာမှ ပိုလို့ တိုးဖက်ကာ သူမ ပါးပြင်ကို မွှေးလေတော့သည်။
"အားးး ကုန်ပါပြီ သူများ သနပ်ခါးတွေ" ဟု သူမက စူပုပ်ပုပ်ပြောတော့
"ပြန်လိမ်းပေ့ါကွ...ကပ်စေးနှဲ ...သူ့သနပ်ခါးလေးများ ကပ်စေးနှဲနေလိုက်တာ"
ဟု ရယ်မောကာ ဆိုလေသည်။
ရယ်လိုက်လျှင် မျက်နှာလေး ရှုံ့သွားကာ မျက်စိပိတ်သွားသော ကို့ရယ်မောဟန်ကို သူမ ချစ်မြတ်နိုးစွာဖြင့် ခြေဖျားထောက်ကာ မမှီမကမ်းကို့ မေးဖျားကို မွှေးမိလေသည်။
"ကဲ...မှတ်ပြီလား after shave တွေကို သနပ်ခါးအစား အလျော်ပြန်ယူတာ"
ဟု သူမက ညစ်ကျယ်ကျယ်ပုံစံမျိုးပြောလေတော့
"ဒီကောင်မလေးဟာလေ ဘယ်တော့မှ အရှုံးကိုမပေးဘူး" ဟု ကိုကပြောတော့ သူမကိုနှင့်အတူ ရယ်မောမိလေသည်။
ကို့ Handphone မြည်လာသဖြင့် ကိုက သူ့ ဘောင်းဘီမှာ ချိတ်ထားသော ဟန်းဖုန်းကို ဖြုတ်ကာ
"
ဟေး...အင်း..အင်း ကိုယ် လာပါပြီ။ ခုပဲ ထွက်လာပြီ"
..........
"ခဏလေးပါ ဟန်နီရယ်...မကြာဘူး ရောက်လာမှာပါ"
ကို ဖုန်းဖြေနေတဲ့စကားကြောင့် သူမ မျက်စိပြူးသွားရသည်။
"ဟန်နီတဲ့ ...တစ်မျိုးပါလား" ဟု သူမက နောက်ပြောင်သလိုပြောမိတော့
"သူ့နာမည်က ဟန်နီကိုးကွ။ ဟန်နီလို့ခေါ်ရမှာပေ့ါ"
"အွန်...မိန်းကလေးနာမည်ကို ဟန်နီလို့ အတည်ပေါက်ကြီးပေးတဲ့ မိဘတွေ နိုင်ဂျံဂျားမသွားဖူးလို့လား မသိဘူးနော်"
"အာ...ဒီကောင်မလေးဟာလေ သူများ မိဘကိုပါ ဆွဲထည့်ပြောနေပြန်ပါပြီ။ သူ့ နာမည်အရင်း ဟုတ်ချင်မှ ဟုတ်မှာပေ့ါကွ။ မိုဒယ်လုပ်တဲ့ ကောင်မလေးကွာ...ရုပ်ရှင်လည်း ရိုက်တယ်"
"သြော်...သြော်...ဒါဆို ဦးကိုကိုက ရုပ်ရှင်မင်းသားလုပ်မလို့ မင်းသမီးနဲ့ ချိန်းထားတာလား"
သူမ ပြောတဲ့စကားသံမှာ ဝန်တိုခြင်းအလျှဉ်းမရှိကြောင်း ကိုကိုလည်း သိပါလိမ့်မည်။
"အာ...သူက ကို့ဆီမှာ ဂေါက်သီးရိုက်သင်နေတာကွ"
"သြော...ခေတ်မီလိုက်တာနော"
သူမက ဘာမှ ဆက်မပြောတော့ဘဲ ပန်းကန်ဆေးတာတွေ လက်စသတ်ပြီးအောင် လုပ်ပြီး လက်သုတ်ပုဝါဖြင့် လက်ကိုသုတ်ကာ
"ပြန်တော့မယ် ကိုကို...ကိုကိုလည်း ချိန်းထားတာ နောက်ကျနေပြီ"
ဟုဆိုကာ ကိုကို့မေးဖျားကို ခြေဖျားထောက် လှမ်းမွှေးလိုက်ကာ ထွက်လာခဲ့တော့သည်။
.............................................
တစ်လမ်းလုံးထိန်းထားသမျှ အိမ်ရောက်မှပင် အခန်းတံခါးပိတ်ကာ အားရပါးရ ငိုမိတော့သည်။
ဒီရက်တွေမှာ အလုပ်မှာ သူမကို ကတုံးကတိုက်လုပ်သူတွေနှင့် သူမ စိတ်ညစ်နေရပြီး ကို့ကို ပြောပြ ငိုချင်ခဲ့တာတွေ ဘာတစ်ခုမှ ကို့ကို မပြောပြဖြစ်ခဲ့ပါ။ ကို ပျော်ရွှင်နေတာတွေ သူမ ကြောင့် မပျက်စီးသွားစေချင်တော့ပါ။
ကို ပျော်နေမှာပါလေ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကိုလည်း ရာထူးတက်ခါနီးလေးမှာပဲ စိတ်ညစ်စရာတွေ၊ အဆက်မပြေမှုတွေနှင့် ကြုံခဲ့တုန်းက အလုပ်ထွက်မည်တောင် ဖြစ်ခဲ့လောက်အောင် ကို စိတ်ညစ်ခဲ့သည်ပဲ။
တတ်နိုင်သလောက် သူမ အားပေးခဲ့ပြီး အရာရာကို အကောင်းဘက်မှနေ စိတ်ဖြေနိုင်အောင် ပြောပြခဲ့သလို ကို ဖတ်ဖို့ စာအုပ်တွေ သူမ ပေးခဲ့သည်။ သူမ နှစ်သက်လွန်းလို့ အမြဲသိမ်းထားတတ်သော Wilfred Peterson ၏ The Art of Living စာအုပ်သည်လည်း ကို့အတွက် ခွန်အားတစ်ခု ဖြစ်ခဲ့သည်ပဲ။
ခုတော့ သူလိုချင်သော ရာထူးဂုဏ်ရှိန်နဲ့ ကိုသည် ဘဝမှာ ပျော်ရွှင်နေပြီပဲ။
မိုးတွေ သည်းသည်းမည်းမည်းရွာတဲ့ မိုးမှောင်သော ညနေခင်းများမှာ သူမကို ကိုလာကြိုစေချင်၍ ကို့ဖုန်းကို ဆက်ခဲ့တိုင်း ဟိုတယ်တစ်ခုခုမှာ သူငယ်ချင်းမွေးနေ့၊ သူငယ်ချင်းရဲ့ ကလေး ကင်ပွန်းတပ်စသည်ဖြင့် အကြောင်းအရာတစ်ခုပြီးတစ်ခု မရိုးရစေဘဲ ကိုသည် မအားလပ်ခဲ့သည်ပဲ။ မိုးမှောင်မှောင် သည်းသည်းမှာ ကြောက်စိတ်နှင့်အတူ ချမ်းအေးတဲ့ ခံစားမှုတို့နဲ့ သူမ မိုးနှင့်အတူ ရောငိုတတ်ခဲ့တာတွေကို ကိုတစ်ယောက် ဘယ်တော့မှ သိနိုင်မည် မထင်ပါ။
ရုံးချိန်ပြင်ပချိန်များမှာ သူမ ဖုန်းခေါ်လျှင် ပြန်မထူးတဲ့ အကြိမ်အခါပေါင်းများစွာသည် အင်းလျားလမ်းက ရေကူးကန်မှာ ရေကူးနေလို့၊ အထက်လူကြီးက ခေါ်သွားလို့ အတူလိုက်ပေးနေရလို့ စတဲ့ အကြောင်းပြချက်များဖြင့် မအားလပ်သော ကို့ကို သူမ နားလည်စွာပင် ဖုန်းမဆက်တတ်တော့သည်မှာ ကြာခဲ့ပြီပဲ။ ကို့ကို ကောင်မလေး တစ်ယောက်ယောက်နှင့်တွေ့ခဲ့သည်ဆိုသော ရုံးမှ သူမ၏ လုပ်ဖော်ကိုင်ဖက်များက သတင်းပေးသလိုမျိုး၊ ကဲ့ရဲ့ပြစ်တင်ချင်သလိုမျိုး ပြောတဲ့အခါတိုင်းမှာ သူမက ရယ်မောပြီး "သြော်...ဟုတ်တယ်..သူ့ သူငယ်ချင်းရဲ့ ညီမလေးပါ ..သူ့ အစ်ကို မအားလို့ လိုက်စောင့်ရှောက်ပေးရတာ..အဲဒါ ပန်းသိပါတယ်" ဟု မုသားစကားတွေ သူမ ဆိုတတ်ခဲ့သည်ပဲ။
သူမနှင့်တွေ့တိုင်းမှာတော့ ကိုက အမြဲ ရွှန်းရွှန်းဝေ စကားတွေ ဆိုတတ်တာကို သူမ ကို့မျက်နှာကို ငေးမောကြည့်နေခဲ့ရုံမှတပါး ကို့ကို ဘာမှ မမေးဖြစ်ခဲ့သလို၊ ဘာမှ မပြောဖြစ်ခဲ့ပါ။
ဒီလိုနဲ့ပဲ.....
..................................................
သူမကို မြင်တော့ အန်တီမြက အံ့သြဝမ်းသာဟန်ဖြင့်
"သမီးပါလား..လာမယ်ဆို ကြို ဖုန်းဆက်လိုက်ရောပေ့ါ။ လာကြိုမှာပေါ့ သမီးရယ်"
ဟု ဆိုကာ လာ ..လာ ဟု ခရီးဦးကြိုပြုလေသည်။
"ကိုကိုက ပါမလာဘူးလား " ဟု သူ့သားကိုပါ မေးသည့် အန်တီမြသည် သားဖြစ်သူနှင့် အဆက်အသွယ် ကျဲနေပုံရသည်။
မနီးမဝေးမြို့လေးတစ်မြို့မှာ အန်တီမြသည် သားကို လွမ်းသည်မှအပ အေးချမ်းပျော်ရွှင်ရှိနေသည်ပဲ။
သူမကို သမီးရင်းတစ်ယောက်လိုပင်ချစ်သော အန်တီမြကို သူမ ပြောချင်သည့် စကားတွေ ပြောမထွက်တော့ပြန်။
"သမီးနဲ့ကိုကို စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းချင်လို့ပါ အန်တီမြ"
ဟု သူမ ပြောလိုသည့် စကားတွေကိုမြိုသိပ်ကာပင် အန်တီမြနှင့်အတူတူ မီးဖိုချောင်မှာ ချက်ပြုတ်ကာ အတူတူစားရင်း၊ အန်တီမြပြောသည့် ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်ရင်း တစ်နေကုန်ခဲ့သည်။
.................................................
"ကို့ကို ထားသွားတော့မှာလား..ပန်းကလေး"
သူမ ဘာမှ ပြန်မပြောဖြစ်ပါ။
"ကို သိသားပဲ။ မင်းက ကို့ကို အထင်ကြီးတာမှ မဟုတ်ဘဲ"
"မဟုတ်တာဘဲ" ဟုသာ သူမ ဆိုမိလေသည်။
"ဟုတ်ပါတယ်ကွာ...မင်းက ကိုယ့်ကိုလည်း ဂရုစိုက်တာမှ မဟုတ်ဘဲ။ မင်း စာအုပ်တွေနဲ့ မင်း နေနေတာပဲ
မင်းလုပ်ချင်တာတွေကိုပဲ မင်း လုပ်နေတာပဲ"
(ကို ပန်းလေးကို ပစ်ထားလို့ ပန်း စိတ်မလေအောင် စာအုပ်တွေကို အဖော်လုပ်ခဲ့တာပါ)
ဟု သူမ စိတ်ထဲမှသာ ပြောဖြစ်လေသည်။
"မင်း ဒီလိုဆုံးဖြတ်လိုက်ကတည်းက ကိုတို့ ဝေးကြမယ်ဆိုတာ မင်းလည်း သိမှာပဲ။ မင်း တမင် ကို့ကို ထားခဲ့ချင်တာ မဟုတ်လား"
(ကိုက ပန်းကိုထားခဲ့တာ ကြာပါပြီ) ဟု သူမ စိတ်ထဲမှာသာ ပြောဖြစ်လေသည်။
တကယ်တော့ မိန်းမတစ်ယောက်ဟာ ဝမ်းနည်းအားငယ်တဲ့အချိန်တိုင်း ချစ်သူ့ ပခုံးမှာ မှီတွယ် ငိုချင်တာပါ။ အဲဒီလို အခွင့်မရှိတဲ့ မိန်းမတစ်ယောက်ဟာ အားကိုးမှီတွယ်လိုစိတ်နဲ့ သူမကို ဂရုစိုက်တတ်တဲ့ ယောကျ်ားတစ်ယောက်အပေါ် တိမ်းညွှတ်တွယ်တာမှုမျိုး မဖြစ်လေအောင် သူမဟာ အထီးကျန်တဲ့ အချိန်တိုင်းမှာ စာအုပ်တွေကိုပဲ အဖော်လုပ်ပြီး၊ ကျောင်းပညာရေးကို ဆက်လုပ်ခဲ့တယ်ဆိုတာ၊ စိတ်အားလပ်ချိန်မရှိအောင် စိတ်ရော၊ လူရော မအားလပ်အောင် သူမကိုယ်သူမ စီစဉ်ပြီး ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခဲ့သည်ပဲ။ ဒီလိုနဲ့ပဲ သူမရဲ့ နေ့စဉ်ဘဝမှာ အိပ်ချိန်ကလွဲလို့ အားလပ်ချိန်ဆိုတာ မရှိအောင် စီစဉ်မိလျက်သားဖြစ်ခဲ့ကာ ကိုဆိုသော သူမ၏ တစ်ဦးတည်းသောချစ်ရသူရဲ့ ဥပေက္ခာကို မေ့ထားနိုင်ခဲ့တယ်ဆိုတာကို ကို့ကို သူမ မပြောပြဖြစ်ခဲ့ပါ။
"ဘယ်တော့ ပြန်လာမှာလဲ လို့ ကို မမေးတော့ပါဘူး။ မင်း ဒီလို နိုင်ငံခြားကို ထွက်သွားမယ်ဆိုကတည်းက ပြန်လာလိမ့်မယ်လို့ကို မမျှော်လင့်ပါဘူး။ မင်း အရည်အချင်းနဲ့က မင်း ဒီမှာ နေဖို့ မင်းကိုယ်မင်း တန်တယ်လို့ ထင်တာမှ မဟုတ်ဘဲ"
(ဒီမှာနေလို့ ကိုနဲ့ ကို့ ကောင်မလေးပေါင်းများစွာရဲ့ သတင်းကို ကြားသိနေရမှာပေါ့ ကိုရယ်။ ကို ပျော်နေတာကို မတားမြစ်ချင်သလို ကို့ သတင်းတွေကိုလည်း မကြားသိချင်တဲ့အတွက် ကိုနဲ့ ဝေးတဲ့ဆီမှာ ကို့ကို မမြင်မတွေ့ရတဲ့ဆီမှာ နေဖို့ ဆုံးဖြတ်ခဲ့တာပါ)
ဟု သူမ စိတ်ထဲမှသာ ပြောမိလေသည်။
"အင်းလေ..မင်း ပညာအရည်အချင်းနဲ့ မင်းရဲ့ ပတ်ဝန်းကျင်မှာ ဒိတ်ဒိတ်ကျဲ ပညာတတ်တွေ ရှိနေမှတော့ ကို့လို လူကို မင်းအထင်မကြီးတာ မဆန်းပါဘူး။ မင်း လုပ်ချင်တာသာ လုပ်ပါတော့"
(မှန်ရာပြော သစ္စာစကားပါ..ကို။ ပန်းလေးပတ်ဝန်းကျင်မှာ လူတွေနဲ့ ပြောဆို ဆက်ဆံနေပေမယ့် ကို့အပေါ် သစ္စာတစ်စက်ကလေးမှ မပျက်ခဲ့ပါဘူး။ ဘယ်ယောကျ်ားနဲ့မှ ပန်းလေး မိတ်ဆွေအနေနဲ့တောင် အတူသွား၊အတူလာ မရှိခဲ့ပါဘူး။ ကို ပြန်သိရင် ကို စိတ်ပူမှာ စိတ်မချမှာစိုးလို့ တစ်ယောက်တည်း သွားလာနေခဲ့တာပါ ကို)
ဟုသာ သူမ စိတ်ထဲမှာသာ ဆိုမိပြန်လေသည်။
တကယ်တော့ မိန်းမတစ်ယောက်မှာ အားငယ် ဝမ်းနည်းစိတ်တွေ ရှိတတ်ကြောင်း၊ သူမရဲ့ ချစ်သူရဲ့ နွေးထွေးလုံခြုံတဲ့ အရိပ်အာဝါသကိုသာ တောင့်တလိုချင်ကြောင်း၊ ချစ်သူကို ယုံစားအားကိုးချင်တတ်ကြောင်း၊ တခြားမိန်းကလေးများနှင့် သဝန်တိုခြင်းမဟုတ်ဘဲ တခြားမိန်းကလေးများနှင့်ပတ်သက်နေတဲ့ ချစ်သူအပေါ်မှာ အားကိုးမှီတွယ် ယုံကြည်စိတ်တွေဟာ လျော့ပါးလာတတ်ပြီး ချစ်သူနှင့်ပတ်သက်လို့ မိမိကိုယ်မိမိ မလုံခြံုတော့ကြောင်း ဆိုတာတွေကို ကိုတစ်ယောက် နားလည် သိနိုင်မည် မထင်ပါ။
ကို့ ပျော်ရွှင်မှုများကို သူမ မတားဆီး၊ မတားမြစ်ချင်သလို သူမကို ဂရုစိုက်ပေးပါဟု သူမကိုယ်တိုင်က မတောင်းဆိုချင်ပါ။ ကို့ သဘောဆန္ဒအလျောက်သာ သူမကို မြတ်နိုး ဂရုစိုက်ချစ်ခြင်းကိုသာ သူမ ရရှိလိုပါသည်။ ချည်နှောင်ခြင်းကို မနှစ်သက်သော ၊ လွတ်လပ်ပျော်ရွှင်စွာနေထိုင်တတ်သော ကို့ကို သူမက သူမရှိနေသည့်အတွက် စိတ်စနိုးစနောင့်ဖြစ်မည်စိုးသည်ကတစ်ကြောင်း၊ ကို လွတ်လပ်မှုပိုမိုရရှိစေရန်တစ်ကြောင်းကြောင့် ကို့ကို ထားခဲ့သည်ဟု ကို စွပ်စွဲသလိုပင် ကို့ကို လွတ်လပ်ခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်း
ကိုသူမ မပြောဖြစ်ပါ။ ဘယ်တော့မှလည်း ပြောဖြစ်တော့မည် မဟုတ်ပါ။
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment