ငယ်စဉ်အခါ ပညာရှာဆိုတဲ့ စကားအတိုင်း ကျွန်မတို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ပညာရှာဖို့ ကျောင်းသွားခဲ့ကြရပါတယ်။တစ်ခါခါမှာ ပျင်းရိတဲ့အချိန်တွေလည်း ရှိတတ်ပြန်တာကြောင့် ကျောင်းမသွားချင်၊ စာမကျက်ချင်၊ အိမ်စာတွေ မလုပ်ချင်တဲ့ အချိန်အခါ တွေကိုလည်း ကြုံဖူးကြမှာပါ။ ဒါထက်ပိုဆိုးတာက ကျောင်းမှာ ကိုယ်နဲ့ အဆင်မပြေတဲ့ ၊ မတည့်တဲ့ အတန်းဖော်တွေရှိနေမယ်ဆိုရင် သူနဲ့ တူတူ မထိုင်ချင်ဘူး ဆရာမ။ ကျောင်းမသွားချင်ဘူး မေမေ...သူတို့က သမီးနဲ့ မခေါ်ဘူးဆိုတာမျိုးတွေလည်း ရှိတတ်ပြန်ပါတယ်။
မူလတန်းအရွယ်ကလေးတွေပင်မဆိုထားနှင့်...တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှာပင် အတူတူတစ်ဖွဲ့တည်း laboratory မှာ လက်တွေ့စမ်းသပ်မှုများ၊ အတူတကွ မေးခွန်းများဖြေဆိုရမှုများကို လုပ်ရတဲ့အခါမှာ အချင်းချင်း အဆင်မပြေမှုတွေနဲ့ မပြေလည်ကြဘဲ ကျောင်းမပျော်တတ်တာလေးတွေ ရှိတတ်ပါတယ်။ ကျောင်းဆိုတဲ့ နေရာတစ်ခုကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကျွန်မတို့ အနည်းဆုံးတော့ ၁၀ နှစ်၊ ၁၂ နှစ်လောက် မလွဲမသွေ သွားခဲ့ကြရတာပါပဲ။
"စာတွေတတ်မှဖြစ်မှာ...ပညာတတ်ကြီးဖြစ်မှ ပိုက်ဆံတွေ အများကြီးရမှာပေ့ါ"လို့ လူကြီးသူမတွေက တိုက်တွန်းအားပေးတဲ့ခါအတန်းပညာမရှိဘဲနဲ့လည်း ပိုက်ဆံတွေအများကြီး ချမ်းသာနေတဲ့သူတွေကို မြင်တွေ့တဲ့အခါမှ လူကြီးတွေ ပြောတာ ဟုတ်မှ ဟုတ်ပါရဲ့လားလို့ ကလေးတွေဟာ သံသယဝင်တတ်ကြပြန်ပါတယ်။ ရရှိထားတဲ့ ဘွဲ့နဲ့ မဆိုင်တဲ့ အလုပ်ကိုလုပ်ပြီး အောင်မြင်နေတာမျိုး၊ စာသင်ကျောင်းမှာ သင်လိုက်တဲ့စာတွေနဲ့ မဆိုင်ဘဲ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ အလုပ်ကနေ အဆင်ပြေနေတာမျိုး၊ ၁၀ တန်းအောင်ပြီး တက္ကသိုလ်မတက်ဘဲနောက် စီးပွားရေးလုပ်ငန်းထဲ ခြေစုံပစ်ဝင်သွားပြီး ကြီးပွားချမ်းသာနေတဲ့ သူငယ်ချင်းကို တက္ကသိုလ်ဆက်တက်ကာ ဘွဲ့ရရှိပြီးနောက် လခစားဝန်ထမ်းဘဝနဲ့ သူငယ်ချင်းများက အားကျနေရတဲ့ အဖြစ်မျိုးတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ များစွာရှိနေတဲ့ အကြောင်းတစ်ခု ကလည်း လူငယ်တွေကို ကျောင်းတက်တာ ဘာလုပ်ဖို့လဲ ဆိုတဲ့ အတွေးဝင် ကောင်း ဝင်မိစေပြန်ပါတယ်။
နောက်တစ်ဖန် ဒီနယ်ပယ်ပညာရပ်ကိုပဲ ကျောင်းမှာ စနစ်တကျ သင်ယူ လေ့လာထားတဲ့သူထက် စာသင်ကျောင်းမှာ သင်ယူလေ့လာမှုမရှိခဲ့ဘဲ ကိုယ်တိုင်လေ့လာ ဖတ်ရှုပြီး လက်တွေ့လုပ်ကိုင်နေတဲ့သူတွေက ပိုမိုတတ်ကျွမ်း နေတဲ့အဖြစ်မျိုးတွေ ကြုံတတ်ကြပြန်တော့ ကျောင်းတက်လို့ ငွေ၊ လူအားနဲ့ အချိန်တွေကို ရင်းနှီးမြှုပ်နှံဖို့ တန်မှ တန်ပါ့မလားလို့ တွေးမိကြမယ် ထင်ပါတယ်။
အိမ်မှာလို လွတ်လွတ်လပ်လပ်နေလို့ မရဘဲ ကျောင်းစည်းကမ်း၊ စာသင်ခန်းစည်းကမ်းများကို လိုက်နာရပြီး အတန်းဖော်တွေနဲ့ လိုက်လျော ညီထွေစွာ ပေါင်းသင်းဆက်ဆံရတဲ့ ကျောင်းဆိုတဲ့နေရာတစ်ခုဟာ အမြဲတမ်းတော့ ပျော်စရာမကောင်းပါဘူး။ ဒါပေမဲ့ စာသင်ခန်းဆိုတဲ့ နေရာတစ်ခုမှာ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့အညီ နေထိုင်ရပါတယ်။ သင်ခန်းစာပုစ္ဆာတွေကို ဘယ်လို ဖြေရှင်းတွက်ချက်ရမလဲဆိုတာကို တွေးတောရပါတယ်။ ညှိနှိုင်းတွက်ချက်ရပါတယ်။ ဘယ်ဟာက မျှတတယ်၊ မမျှတဘူးဆိုတာကို တွေးရင်းနဲ့သိလာပါတယ်။ ပေးထားတဲ့ အချက်အလက်တွေနဲ့ ဖြေရှင်း ရှာဖွေရမယ့်အကြောင်းများကို တွေးတော တွက်ဆပြီးနောက် သင်ယူဖို့ဆိုတာကို သင်ယူရပါတယ်။ စာသင်ကျောင်းမှာ ထိုသို့ ဖြေရှင်းခဲ့ရတာတွေဟာ နောင်တစ်ချိန် လုပ်ငန်းခွင်မှာ ပြဿနာများကို ဖြေရှင်းဖို့ အုတ်မြစ်ချတာပဲ ဖြစ်ပါတယ်ဆိုတာ ကျောင်းသူ၊ ကျောင်းသားအများစုကတော့ အမှတ်တမဲ့ပဲ ဖြစ်မိကြမယ် ထင်ပါတယ်။
စာသင်ကျောင်းမှာ တစ်ဖွဲ့တည်း group project လုပ်ရတဲ့အခါ မိမိရဲ့ အတန်းဖော်များနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း၊ တာဝန်ခွဲဝေယူခြင်းများဟာ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံဖို့အတွက် အုတ်မြစ်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ငယ်စဉ်မူလတန်းကလေးဘဝကလို သူနဲ့ အတူတူ မထိုင်ချင်ဘူး..ဆိုတာမျိုး လုပ်ငန်းခွင်မှာ ရွေးချယ်ခွင့်မရှိသလို ကြုံဆုံလာသမျှ ပြဿနာများကို ဆင်ခြင် ဖြေရှင်းရမှာပါပဲ။ စာသင်ကျောင်းမှာတုန်းက စာမေးပွဲမေးခွန်းတွေကို ဆရာတွေက ဘယ်လိုမေးတယ်ဆိုတာကို လုပ်ငန်းခွင်ကိုရောက်တဲ့အခါမှာ အားလုံးကို အတိအကျ မမှတ်မိနိုင်တော့ပေမဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းတွက်ချက် ရမယ်ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
သမိုင်း၊ ပထဝီ၊ သိပ္ပံ ၊ သချင်္ာ စတဲ့ ဘာသာရပ်ဆိုင်ရာ အသိပညာတွေဟာ လုပ်ငန်းခွင်ကိုရောက်ရှိတဲ့အခါမှာ နယ်ပယ်အသီးသီးမှာရှိနေကြတဲ့ မိမိနဲ့ နောက်ခံဘဝကြောင်း၊ စိတ်ဝင်စားမှု ဝါသနာ၊ ယုံကြည်ချက် ၊ ခံယူချက် မတူညီသော လူအများနဲ့ ဘယ်လို ညှိနှိုင်းဆက်ဆံရမယ်ဆိုတာကို အထောက်အကူပြုပါတယ်။ မိမိရဲ့ ဗဟုသုတများနဲ့ မိမိကိုယ်တိုင်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို မိမိကိုယ်ကို သိရှိရခြင်းဟာလည်း စာသင်ကျောင်းမှာ ပညာသင်ယူတဲ့ ရေရှည်ကောင်းကျိုးတစ်ခုပဲဖြစ်ပါတယ်။ စည်းကမ်းစနစ်များကြားမှာ ပညာသင်ယူခြင်း၊ စာမေးပွဲဖြေဆိုခြင်း အလေ့အကျင့်များဟာ လုပ်ငန်းခွင်မှာ အခြေအနေအမျိုးမျိုးမှာ လုပ်ငန်းဆောင်တာများဆောင်ရွက်နိုင်ဖို့ အလေ့အကျင့်များပဲ ဖြစ်ပါတယ်။အောင်မြင်ခြင်းအပြင်၊ ကျရှုံးခြင်းကိုပါ ရင်ဆိုင် ဖြေရှင်းတတ်လာအောင် စာသင်ကျောင်းများမှာကတည်းက အလေ့အကျင့်ဖြစ်ခဲ့ကြပါတယ်။
ကျောင်းစည်းကမ်းဆိုတာဟာ ကျောင်းသားတစ်ယောက်ရဲ့ ဘဝအတွက် ရေရှည် ကောင်းကျိုးသက်ရောက်မှု တစ်ခုပဲ ဖြစ်ပြီး စာသင်ကျောင်းဆိုတာ ကျွန်မတို့ ဘဝ ရေရှည်ကောင်းကျိုးအတွက် မင်္ဂလာရှိသော အရပ်ဌာန တစ်ခုပဲ ဖြစ်ပါတော့တယ်။
No comments:
Post a Comment