Wednesday, 1 February 2017

ဒီစိတ်ကလေးပါပဲ

တစ်ခါတစ်ရံမှာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ သူ့ကို ဘယ်သူကမှ ဘာမှ လုပ်မနေပါဘဲလျက်နဲ့ သူတစ်ပါးကို မကောင်းမြင်၊ အပြစ်တင်၊ သူတစ်ပါး ပျော်ရွှင်နေရင် မနှစ်မြို့တတ်ဘဲ တစ်ခုခု စိတ်ဆင်းရဲအောင် ၊ စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်ရည်ရွယ်လုပ်ဆောင်နေတတ်ကြတဲ့ လူတစ်မျိုးတွေကို တွေ့ကြုံဖူးပါလိမ့်မယ်။

တကယ်တမ်း ဘာမှ မဆိုင်ဘဲ (တစ်ခါတစ်ရံ ..ယောကျာ်၊ မိန်းမတောင် ကွဲပြားသော်လည်း) သူတစ်ပါးကို မကောင်းပြောလိုက်ရမှ နေထိုင်လို့ ကောင်းတဲ့သူတွေလိုမျိုး ရှိနေတာကို မြင်ဖူးကြပါလိမ့်မယ်။

အဲဒီလို လူတစ်မျိုးကြီးတွေဟာ အကြောင်းမဲ့သက်သက်တော့ မွေးလာကတည်းက အမေ့ဗိုက်ထဲက ထွက်ကတည်းက လူတစ်မျိုးကြီးတွေဖြစ်တာမဟုတ်ပါဘူး။ လူတစ်မျိုးကြီးတွေထဲက တစ်မျိုးအကြောင်းကို ၂၀၀၇ ဇန်နဝါရီလ ၊ သံလွင်အိပ်မက် အမှတ် (၁) ၊ အတွဲ ၉ မှာရေးခဲ့ပါတယ်။

http://www.thanlwin.com/thanlwinainmat/issue9/stories/story7.htm





 “မပြောလိုက်ချင်ဘူး ...သူများကျတော့ လိုက်ပြီး မဟုတ်တရုတ်တွေ အတင်းတွေလျှောက်ပြောနေတယ်။

သူကျတော့ရော....သူကဘယ်လောက်တောင် ကောင်းနေလို့လဲ ... တခြားစီပဲ ...သူခိုးကလူပြန်ဟစ်နေတယ်”



အိမ်ထဲဝင်လာကတည်းက မျက်နှာစူပုပ်ပြီး ပွစိပွစိပြောနေသော စိမ်း ကစျေးဝယ်လာသော အထုပ်များကို ထမင်းစားပွဲပေါ်ကိုဆောင့်အောင့် ပစ်ချလိုက်သည်။



စိမ်း နှင့်အတူအပြင်မှပြန်လာသော ဖြူမာကို ထားယုဆွေ ကမေးဆတ်ကာ မျက်နှာအမူအယာဖြင့်

“ဘာဖြစ်လာတာလဲ” ဟုမေးလိုက်သည်။ ဖြူမာက မျက်နှာလေးရှုံံ့တွကာ ပခုံးတွန့်ပြီး



“ဘာဖြစ်လာရမလဲ... ဘယ်သူရှိမလဲ... မမတို့သူငယ်ချင်း မနှင်းထက်ပဲပေ့ါ”



ဟုပြောလိုက်လေသည်။



”ဟင်...နှင်းထက်နဲ့ဘာဖြစ်လာပြန်ပြီလဲ”



ရေချိုးခန်းထဲတွင် အဝတ်လျှော်နေသော မြတ်လေးငုံ က လျှော်လက်စအဝတ်များကိုအသာချကာ ရေချိုးခန်းပေါက်ဝမှာ ရပ်ရင်း မီးဖိုခန်းထဲက ထားယုဆွေ ၊ စိမ်း နှင့် ဖြူမာ တို့စကားများကိုနားထောင်နေသည်။



“ဘာဖြစ်ရမလဲ....ထုံးစံအတိုင်းပေ့ါ...မလေးငုံအတင်းတွေ မဟုတ်တရုတ်တွေလျှောက်ပြောနေတယ်လေ”



ထမင်းစားပွဲအောက်မှ ကုလားထိုင်ကိုဆွဲထုတ်ကာ ဆောင့်ကြီးအောင့်ကြီးထိုင်ရင်း စိမ်းကပြောသည်။



“ဟမ်...ဘာပြောပြန်ပြီလဲ”



မြတ်လေးငုံက မျက်လုံးပြူးသွားကာ မေးတော့ ဖြူမာက



“ခုမှ ဘာပြောပြန်ပြီလဲ လို့ မေးမနေနဲ့တော့...စတည်းက မမတို့ကို အဲဒီမိန်းမနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့ လို့ပြောတာ နားမှမထောင်ကြဘဲ ။ သူကသူများအတင်းတွေ မဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး ပြောတတ်လွန်းလို့ ... သူများတွေကြားထဲ ကတုံးကတိုက်လုပ်တတ်လွန်းလို့”



ဟုမြတ်လေးငုံ နှင့်ထားယုဆွေ ကိုမျက်စောင်းထိုးကာစူပွပွဖြင့်ပြောလေသည်။

ထားယုဆွေ က



“ကဲပါ...အခုဘာဖြစ်လာတာလဲသာ ပြောစမ်းပါဟယ်”

ဟုပြောတော့စိမ်းကထမင်းစားပွဲကိုလက်သီးဖြင့်ထုလိုက်သည်။



“စီးတီးဟောလ်မှာလေ ခင်မြတ်နိုး နဲ့တွေ့ခဲ့တယ်။ ခင်မြတ်နိုး ကပြောတာ... မနှင်းထက်ကပြောတယ်တဲ့ ..မလေးငုံကကက်ဆက်တစ်လုံးနဲ့ လတ်လျားလတ်လျားနဲ့ စင်္ကာပူတစ်မြို့လုံးကိုအလေလိုက်နေတယ်တဲ့။မလေးနဲ့ မသိတဲ့သူတွေက အဟုတ်ထင်လို့…

ပြီးတော့ မလေးငုံဆိုတာ အင်မတန် မာနကြီး ဘဝင်မြင့်နေတာတဲ့။ ရုပ်ကြည့်တော့ ပြောရလောက်အောင် မလှဘဲနဲ့ ဘယ်ယောကျ်ားမှ သူနဲ့တူတယ် တန်တယ် မထင်ဘဲ အခြောက်တိုက်ဘဝင်မြင့်နေတာတဲ့။

အမလေး ..မပြောချင်ဘူး။ သူ့ရုပ်ကျတော့ လှလွန်းလို့ ။ အသားအရေကညစ်ထေးထေး နဲ့ မိတ်ကပ်အဖွေးသားနဲ့ ချော့ကလက်မှိုတက်မျက်နှာနဲ့များ”



စိမ်းရဲ့ စကားအဆုံးမှာ မြတ်လေးငုံက



“ဟင်..သူကအဲလိုပြောတယ်လား”  ဟုဆိုကာ သဘောကျစွာရယ်နေလေတော့သည်။

စိမ်းကမြတ်လေးငုံကိုမျက်စောင်းထိုးကာ



“ဒီလောက်အပြောခံရတာတောင်ရယ်နေတယ်လား..ရယ်..ရယ်.အဲမှာ ရယ်သာရယ်”





ဟုမကျေမနပ်ပြောလေသည်။

ထားယုဆွေ က



“ အဲဒါ သူ့အကျင့်ပဲလေ..သူအဲလို သူများအကြောင်းမဟုတ်တာတွေ ပြောတတ်တာ သိနေသားနဲ့ ဘာလို့ဒေါသဖြစ်နေမလဲ”



ဟုအေးအေးဆေးဆေးပြောတော့ စိမ်းက



“မမတို့နှစ်ယောက်ကအမြဲအဲလိုပဲ...မမတို့ဘာသာ ခန္ဓီစပါရမီရင့်သန်နေလို့ သူ့ကိုဘာမှပြန်မပြောရင်နေ...သူကစိမ်းတို့ကိုပါလိုက်ပြီး တိုက်ခိုက်နေတယ်။ သင်္ကြန်ပွဲတုန်းကလည်း စိမ်းကိုမတူမတန်သလို နဲ့...သူကဘယ်လောက်တောင် မြင့်မြတ်နေလို့လဲ။ ကိုမင်းဇော်က စိမ်းတို့ကိုမသိသေးဘူးအောက်မေ့လို့ မိတ်ဆက်ပေးတာကို သူက အကြီးဖြစ်ပြီး စိမ်းနဲ့ မခင်ချင်ပါဘူးတဲ့..လူကြားထဲမှာ အဲလိုပြောတာ။ အသက်ကဖြင့်သူနဲ့အကွာကြီး ...သူကမွေးရင် သူ့သမီးလောက်ရှိမယ့် စိမ်းတို့ကို သူနဲ့ ရည်းစားလုဖက် ကျနေတာပဲ...လိုက်ပြိုင်နေတယ်”



“သူကမှ မရင့်ကျက်သေးတာပဲဟယ်...သူ့အကြောင်းသိနေတာပဲကို...ဘာလို့အလကား ဒေါသဖြစ်နေမလဲ ..စိတ်ပင်ပန်းပါတယ် ။ စိမ်းရော ဖြူမာရော ဒေါသလျှော့နော်။ မလေးငုံက မာစတာဘွဲ့အတွက် ရီဆာ့ချ်လုပ်နေလို့ လူတွေနဲ့တွေ့ပြီး မေးခွန်းတွေမေး ... သူတို့ဖြေတဲ့အဖြေတွေကို ကက်ဆက်နဲ့ အသံဖမ်းယူနေတာ စာတမ်းတင်ဖို့လုပ်နေရလို့ အပြင်ထွက် လူတွေနဲ့တွေ့နေတာကို သူ့ဘာသာ ပြောချင်ရာပြောပါစေ ...ကိုယ့်အလုပ်ကိုယ်နေတာပဲဟယ်”

ဟုမြတ်လေးငုံကပြောတော့



“ကောင်းပါတယ်...မမတို့နှစ်ယောက်ကတော့ ပြောလိုက်ရင် သည်းခံလိုက်ပါဟယ်...ဒေါသလျှော့ပါဟယ် နဲ့ပဲ။ စိမ်းတို့ကတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြမှဖြစ်မယ်။ တော်ကြာဒီအစ်မနှစ်ယောက်နဲ့ဆို

လူတွေကစိမ်းတို့ ဖြူမာတို့ကို ငပေါတွေလို့ပဲထင်တော့မယ်”



ဟု ပွစိပွစိပြောကာ အိပ်ခန်းထဲဝင်သွားသည်။

ထားယုဆွေကလျှာကလေးတစ်လစ်ထုတ်ကာ မြတ်လေးငုံကို ဘယ်လိုလဲ ဟူသောမျက်နှာပေးဖြင့်ကြည့်တော့မြတ်လေးငုံကပခုံးတွန့်ပြကာ ရေချိုးခန်းထဲပြန်ဝင်ကာ အဝတ်ဆက်လျှော်နေလေသည်။

ဖြူမာကတော့ဝယ်ခြမ်းလာသော စားသောက်စရာများကို ရေခဲသေတ္တာထဲသိမ်းရင်း အလုပ်ရှုပ်နေတော့သည်။





                  …………………………………………





မြတ်လေးငုံတစ်ယောက်တည်း ကျောင်းကင်တင်းန်မှာ နေ့လည်စာစားနေစဉ်



“လေးငုံ...မတွေ့ရတာတောင်ကြာပြ”



ဟူသော နှုတ်ဆက်စကားသံနှင့်အတူ နှင်းထက်ရောက်လာပြီး မြတ်လေးငုံနှင့်မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။



“အင်း...ဟုတ်တယ် နှင်းထက် ..လေးငုံလည်းခုရက်တွေ ကျောင်းမှာမရှိဘူးလေ။ အပြင်ပဲထွက်နေရတယ် ..ရီဆာ့ချ်အတွက်ပေ့ါ။ ဒီနေ့မှ စာကြည့်တိုက်မှာ စာအုပ်တချို့ရှာချင်တာနဲ့ ကျောင်းကိုရောက်လာတာ”



နှင်းထက်မျက်နှာကိုကြည့်ရင်း မြတ်လေးငုံကပြန်ဖြေပြီး စိမ်းနဲ့ဖြူမာ ပြောတဲ့ ချော့ကလက်မှိုတက်မျက်နှာဆိုတာကို သွားသတိရလိုက်လေသည်။



“လေးငုံ...ရဲမင်းကိုသိလား။ ဘီတက်ခ်နဲ့အောင်ပြီး ခုမာစတာတက်နေတာလေ”



“ဟင့်အင်း ..မသိဘူး နှင်းထက်။ ဘာဖြစ်လို့လဲ”



“အော်...ဟော်...အဲဒီတစ်ယောက်ကလေ နှင်းထက်နဲ့ သိပ်ခင်တာ။ သူ့ကိုမသိတဲ့ မိန်းကလေးမရှိပါဘူး။ ဒါတောင် လေးငုံကမသိဘူးလား ...သူကနှင်းထက်ကိုဆို သိပ်ခင်တာ ...ဘယ်သူပြောပြောမယုံဘူး။ နှင်းထက်ပြောတာမှယုံတာ”



မြတ်လေးငုံက နှင်းထက်မျက်နှာကိုကြည့်ကာ “သြော်” ဟုသာဆိုလိုက်လေသည်။



“အဲဒီရဲမင်းကကွာ.. မြန်မာပြည်မှာ သူ့မိဘတွေကလည်း နိုင်ငံခြားဖက်စပ် ကုမ္ပဏီ လေ..သူ့မိဘတွေက ဒီကိုလည်း ခဏခဏ လာတယ်။ ရဲမင်းကလည်း ဗကေးရှင်းထွက်ရင် ယူအက်စ်တို့ ကနေဒါတို့ကိုသွားလည်တာ..နောက်တစ်ခါ ဗကေးရှင်းထွက်ရင် နှင်းထက်ကိုပါခေါ်မယ်ပြောတယ်”



“ အင်း”     ဟုခေါင်းညိတ်ရင်း မလေးငုံကသောက်လက်စ ကိုကာကိုလာကို အပြီးသတ်မော့သောက်လိုက်ပြီး



“ကဲ ...နှင်းထက်ရေ..လေးငုံလည်းအချိန်မရလို့ လစ်လိုက်ဦးမယ် ...ရီဆာ့ချ်က လူကိုလူရုပ်ကိုမပေါ်တော့ဘူး .. . ဒါပြီးမှလေးငုံလည်းစိတ်အေးရမှာ ....သွားမယ်နော်...နောက်မှတွေ့ကြတာပေ့ါ”



မြတ်လေးငုံက စားပွဲပေါ်မှ စာအုပ်များကိုကောက်ကိုင်လိုက်ပြီး ထရပ်လိုက်ကာ နှင်းထက်အားနှုတ်ဆက်ပြီးထွက်လာတော့သည်။



..............................................................................................................



“လွန်လွန်းအားကြီးနေပြီ  ... ဒီတစ်ခါတော့ အပြတ်ပဲ ...တကယ်ပြတ်တာ ...ရည်းစားများပေါလွန်းလို့ ...ထားချင်ရင် တပြိုင်တည်း ၁၀ ယောက်လောက်ထားလို့ရတယ်..ဖြူမာတို့က ဝိုင်းဝိုင်းလည် ...ယောကျ်ားမရှားဘူး”



ကျောင်းဆင်းအိမ်အပြန်နောက်ကျနေပြီး ည ၈ နာရီကျော်မှ အိမ်ပြန်ရောက်လာသောဖြူမာက အိမ်ထဲဝင်ကတည်းက ပွစိပွစိ ဗျစ်တောက် ဗျစ်တောက် မကျေမချမ်းပြောလာသည်။



“ဟမ်...ဘယ်လိုဖြစ်လာပြန်ပြီလဲ”



ဧည့်ခန်းတွင် တီဗွီထိုင်ကြည့်ရင်း ညစာထမင်းစားနေကြသော ထားယုဆွေ ၊ မလေးငုံ နှင့်စိမ်းက ဖြူမာကိုကြည့်ကာ မေးလိုက်ကြသည်။



“ဘာဖြစ်ရမလဲ...မမတို့ချစ်သူငယ်ချင်းကြီး ဒေါ်နှင်းထက်ပဲပေ့ါ”



လွယ်ထားသောကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ပစ်ချကာ ကြမ်းပြင်ပေါ်မှာ ခြေဆင်းထိုင်လိုက်ရင်း ဖြူမာကပြောသည်။



“ဒီညနေ အောင် နဲ့ကေအက်ဖ်စီမှာ ချိန်းထားတာ.. ဒီနေ့ချစ်သူသက်တမ်း ၃လပြည့်တဲ့နေ့ ..အောင်နဲ့ ဖြူမာ ကေအက်ဖ်စီမှာ စားနေတုန်း အဲဒီမိန်းမကြီးရောက်လာတယ်။ ဖြူမာတို့စားပွဲဆီလာပြီး အောင့် ကို အောင် ..မ စားနေကျတွေယူပေးနော် ဆိုပြီး ညုတုတုပြောတာ ဟိုနှာဘူးကလည်း ဟုတ်ကဲ့ မ ဆိုပြီး ငေါက်ကနဲထပြီး သွားဝယ်ပေးတယ်။ အံ့ရော...ရည်းစားတစ်ယောက်လုံးဘေးမှာရှိတာတောင် လာညုနေသေးတယ်။ မောင်လေး တဲ့ ...မ တဲ့။ တကယ်ဆို သား...အန်တီ လို့ခေါ်ကြရမှာ ...အသက်တွေကဖြင့် သားအမိလောက်ရှိတယ် ..အောင့်ထက် ၁၄ နှစ်လောက်ကြီးပြီးများ သူ့ကိုသူ မတဲ့”



ဖြူမာ့စကားအဆုံးမှာထားယုဆွေ ရော မြတ်လေးငုံပါ မျက်လုံးပြုးကာ



“ဟင်...ဘယ်လို ..အောင့်ထက် ၁၄ နှစ်ကြီးတယ်...ဟုတ်လား”



ဟု ပြိုင်တူလို မေးလိုက်ကြသည်။



“ဟုတ်တယ်လေ ..အောင်က ဖြူမာနဲ့ရွယ်တူပဲ အသက် ၂၀...အဲဒီမိန်းမကြီးက ၃၄ နှစ် ..သူ့အသက်မေးလိုက်ရင် ၃၀ ကနေမတက်ဘူး..သူ့မွေးသက္ကရာဇ်က ၁၉၇၂ ဒီဇင်ဘာ ၉ ရက်

ဟွန်း...ဖြူမာကဖြင့် သူ့ပတ်စ်ပို့တ်ကော်ပီကို ခိုးကြည့်ထားပြီးသား”



“ ဟမ္”



မလေးငုံ နှင့် ထားယုဆွေ နှစ်ယောက်ကတော့ ဖြူမာပြောသမျှကို တအံ့တသြဖြစ်နေကြသည်။



“ဖြူမာကတော့အပြတ်ပဲ..ချစ်သူသက်တမ်း ၃လပြည့်တဲ့နေ့မှာ သူနဲ့ပြတ်တယ် ..ဟား ဟား..

အသည်းမကွဲပါဘူး”



ရယ်နေသူရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါလား။

ထားယုဆွေ နဲ့ မြတ်လေးငုံ က ဖြူမာကိုဂရုဏာသက်စွာကြည့်ကာ သက်ပြင်းကိုယ်စီချလိုက်မိကြလေသည်။



          …………………………………………………………………….





“ ကြားပြီးကြပြီလား...မမတို့”



အပြင်မှပြန်လာသော စိမ်း ရဲ့ အမေးကို မြတ်လေးငုံ နှင့် ထားယုဆွေက



“ဟင်..ဘာကြားလာပြန်ပြီလဲ”



ဟုပြိုင်တူမေးလိုက်ကြသည်။

ခုတလော စိမ်းနှင့် ဖြူမာတို့နှစ်ယောက် အပြင်ကနေ သတင်းတွေသယ်သယ်ပြီးပြန်လာတတ်ကြသည်ဟု မလေးငုံရော ထားယုဆွေပါတွေးမိလိုက်ကြသည်။



“မမတို့ချစ်သူငယ်ချင်းကြီး မနှင်းထက်အကြောင်းပဲပေ့ါ... ကိုရဲမင်းကို သူကအသေကပ်နေတာ ..ခု ဟိုက သူ့ကိုကန်ထုတ်လိုက်ပြီလေ။ ကိုရဲမင်း အိမ်ကိုသွားတာ ဟိုက တံခါးမဖွင့်ပေးဘူးတဲ့။ ကိုရဲမင်း သူငယ်ချင်း ကိုကျော်ဇေ က သူတို့နှစ်ယောက်ပြောတာတွေ အကုန်ကြားတယ်။ကိုရဲမင်းက မနှင်းထက်ကိုပြောတာ...မင်းကိုငါ မယူနိုင်ဘူး ။ မင်းလိုမိန်းမမျိုးကို ငါမယူလို့ မင်းကတရားစွဲရင် ငါထောင်ကျခံမယ် ..မင်းလိုမိန်းမမျိုးကိုတော့ မယူဘူး တဲ့”



“ဟင်...နှင်းထက်ကဘာဖြစ်လို့လဲ”



ထားယုဆွေ ရဲ့ အမေးကို ဖြူမာ က အရန်ကော ဟူသောမျက်နှာပေးဖြင့်ကြည့်ကာ



“မမတို့နှစ်ယောက်ကလေ အတော်ကိုတုံးတာ ။ မနှင်းထက်အကြောင်း စင်္ကာပူတစ်နိုင်ငံလုံးသိတယ်။ မမတို့ နှစ်ယောက်ပဲ မသိတယ်”



ဟုပြောလေသည်။



“သူ..ရည်းစားများတာတော့သိပါတယ်။ ဒါလည်း တစ်ယောက်နဲ့ ပြတ်ပြီးမှ တစ်ယောက်နဲ့ ဆက်တာမဟုတ်လား ... သူကချစ်ကံခေရှာတယ်”



ဟုမြတ်လေးငုံကပြောတော့စိမ်းကရယ်ပြီး



“အမလေး.. ငါ့မမ ..ဒေါ်လေးငုံနှယ်...အော်သာရယ်လိုက်ချင်တယ်။ အဲဒီရည်းစားတွေ တစ်ယောက်နဲ့မှ သူနဲ့လွတ်တယ်လို့မှ မရှိဘဲ။ ယောကျ်ားလေးတွေအခန်းကို သူကလိုက်နေတာ။  အကုန်လုံးသိတယ်။ သူကတော့ သူ့ကိုသူလုံလှပြီထင်နေတာ...

ယောကျ်ားတွေက သူ့အကြောင်းပိုသိတယ် မမတို့ရေ...စိမ်းတို့သိတာအတော်တောင်နောက်ကျနေပြီ”



ဟုပြောလေသည်။



“ဟင္...အမေလး”



“ဘုရားရေ”



ကိုယ်စီရင်ဘတ်ဖိကာ အာမေဋိတ်သံများထွက်ပေါ်လာသော ထားယုဆွေ နှင့် မြတ်လေးငုံကိုကြည့်ကာ ဖြူမာတစ်ယောက်သဘောကျကာ အော်ရယ်နေလေသည်။



                ………………………………………………………………………..





စာကြည့်တိုက်ထဲမှာ ကိုးကားစာအုပ်များနှင့်အလုပ်ရှုပ်နေသော မြတ်လေးငုံက သူ့စားပွဲမှာ လူရိပ်ထင်လာ မော့ကြည့်လိုက်တော့ မလေးငုံကိုငုံ့ကြည့်နေသော နှင်းထက်ကိုတွေ့လေသည်။



“သြော်..နှင်းထက်...ထိုင်လေ”



နှင်းထက်က ဝင်ထိုင်လိုက်ရင်း



“လေးငုံ အလုပ်ရှုပ်နေတာလား”   ဟုမေးလေသည်။



“ဟုတ်တယ် နှင်းထက်ရေ ...ရီဆာ့ချ်ပြီးပါမှပဲ ..လေးငုံလည်း ဘွဲ့ယူဖို့စိတ်အေးနိုင်မယ်”



ဟုပြောရင်း စာရွက်ပေါ်မှာ မင်စက်စွန်းပေသွားသည်ကို ကော်ရက်ရှင်ပန်ဖြင့်ဖျက်ကာ မင်စက်ကိုဖုံးလိုက်လေသည်။ မြတ်လေးငုံ လှုပ်ရှားသမျှကိုငေးကြည့်နေသော နှင်းထက်ကို မြတ်လေးငုံကတစ်ချက်စောင်းငဲ့ကြည့်ရင်း



“စာရွက်ဖြူပေါ်မှာ မှင်စက်အမည်း စွန်းထင်းသွားတာ ကော်ရက်ရှင်ပန်ကဆေးအဖြူနဲ့ဖုံးပြီး ဖျက်တော့ လေးငုံတစ်ခုစဉ်းစားမိတယ်”



ဟုပြောလေသည်။

နှင်းထက်က မျက်ခုံးပင့်ကာ သိလိုကြောင်း အမူအယာပြတော့ မလေးငုံကဆက်ပြောလေသည်။



“ကိုယ်တို့လူသားတွေဟာ ပုထုဇဉ်တွေပဲမို့လို့ ဘဝမှာ အမှားမကင်းကြဘူးလေ။ လူတစ်ယောက်ဟာ အနည်းဆုံးတော့ သူ့ဘဝမှာတစ်ခါတော့ မှားဖူးတာပဲ။ အဲဒီမှားဖူးတဲ့အမှား ကိုသင်ခန်းစာယူပြီး ပြန်ပြင်နိုင်ရင် ဘဝမှာအလားတူအမှားမျိုး နောက်တစ်ကြိမ် ထပ်မမှားတော့ဘူးပေ့ါ။ ဘဝမှာအမှားတူမျိုး ၂ခါမမှားသင့်ဘူးလေ။ စာရွက်ပေါ်မှာ စွန်းထင်းတဲ့ မှင်ကို ကော်ရက်ရှင်ပန်ကဆေးအဖြူနဲ့ဖုံးပြီး ဖျက်သလိုမျိုး ဘဝမှာ မှားခဲ့တဲ့အမှားတွေကိုလည်း ပိုလို့ကောင်းအောင်ကြိုးစားပြုပြင်နေထိုင်ရင်း ကောင်းမှုတွေပဲ များများလုပ်ရင်း ချေဖျက်နိုင်ပါတယ်။ အမည်းပေါ်ကိုအဖြူနဲ့များများဖုံးသလိုပေ့ါ။

အမှားဆိုတဲ့ အမည်းစက်ကို ကောင်းမှုဆိုတဲ့ အဖြူရောင်နဲ့ ဖျက်လိုက်နိုင်တယ်လေ”



မလေးငုံရဲ့စကားအဆုံးမှာ နှင်းထက်က တွေပြီး စဉ်းစားနေပြီးမှ



“အင်း..ဟုတ်တယ်နော်”



ဟုပြောလေသည်။

အဲသည်နေ့က နှင်းထက် တိတ်ဆိတ်နေတော့သည်။



        …………………………………………………………………………



ကျောင်းမှပြန်လာကြသော ဖြူမာ နှင့် စိမ်းက



“မမတို့...ပြောစရာရှိတယ်”



ဟုဆိုသဖြင့် ထားယုဆွေ နှင့် မြတ်လေးငုံ တို့နှစ်ယောက်က ဘာတွေများကြားရပြန်ဦးမလဲ ဟုတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။



“မနှင်းထက်လေ... အခုဆေးရုံမှာ”

ဟုဖြူမာကပြောသည်။



“ဟင်...ဘာဖြစ်လို့လဲ”



ထားယုဆွေ က အံ့သြစွာမေးလိုက်သည်။



“ခင်မြတ်နိုးပြောတာပဲ ..မယုရာ..သူတို့ကတစ်ခန်းတည်းနေတာဆိုတော့။ မနေ့ ညနေက မနှင်းထက်က မှန်ရှေ့မှာရပ်ပြီး မှန်ထဲကိုအကြာကြီးစိုက်ကြည့်နေတယ် တဲ့။ နောက်တော့ အား လို့ အသံနက်ကြီးနဲ့အော်

ပြီးလဲကျသွားလို့ ခင်မြတ်နိုးတို့တတွေသူ့ကို ဆေးခန်းကိုပို့တော့ ဆေးခန်းကဆရာဝန်က ဆေးရုံကိုလွှဲပေးလိုက်တာတဲ့ }



“အို...ဖြစ်မှဖြစ်ရလေ”



မလေးငုံက စိတ်မကောင်းစွာပြောမိတော့



“အေးလေ..ဘာဖြစ်တာလဲမသိဘူးနော် ။ နှလုံးရောဂါများလား”



ဟု ထားယုဆွေကစဉ်းစဉ်းစားစားပြောလေသည်။



“နှလုံးရောဂါ...ဖြစ်နိုင်တယ် ..ဖြစ်နိုင်တယ် ..သူများတွေကို မနာလိုအားကြီး..သူများရည်းစားတွေက သူတို့ချစ်သူရည်းစားတွေကို ချစ်တာကိုမလိုဘဲ တမင်လိုက်လုနေရတော့ သူ့မှာ နှလုံးရောဂါရသွားတာဖြစ်မယ်”      ဟုစိမ်းက ပြောလေသည်။



စိမ်းကိုမျက်စောင်းထိုးကာ ထားယုဆွေက



“မနက်ဖြန်တော့ ဆေးရုံသွားကြည့်မှနဲ့တူတယ်”



ထားယုဆွေ အပြောကို မြတ်လေးငုံက ခေါင်းညိတ်ကာ သဘောတူလေသည်။



            ………………………………………………………………….



ဆေးရုံသို့သွားကြမည်ဆိုသော ထားယုဆွေ နှင့် မလေးငုံ တို့နှစ်ယောက် အိမ်ပြန်ရောက်လာကြသောအခါ ဖြူမာ နှင့် စိမ်း ကသိလိုစိတ်ဖြင့်စောင့်နေကြသည်။



“တွေ့ခဲ့လား မမတို့...အခြေအနေဘယ်လိုလဲ ...ဘာဖြစ်တာတဲ့လဲ”



စိမ်းရဲ့ အမေးကို ထားယုဆွေ က ခေါင်းအသာယမ်းပြလေသည်။

မျက်စိမျက်နှာမကောင်းလှစွာသော အစ်မနှစ်ယောက်ကိုကြည့်ကာ စိမ်းနှင့်ဖြူမာ တို့က ပိုလို့ သိလိုစိတ်ပြင်းပြလာကြသည်။



“ဘာလဲ...မတွေ့ခဲ့ဘူးလား...မမတို့”



မြတ်လေးငုံက ခေါင်းအသာယမ်းပြကာ



“သူနဲ့မတွေ့ခဲ့ပါတော့ပါဘူး... မလေးငုံတို့ကိုတွေ့ရင် သူ့အခြေအနေ ပိုဆိုးသွားမှာစိုးလို့လေ...ဆေးရုံအဝင်မှာခင်မြတ်နိုးနဲ့တွေ့လို့ အကြောင်းစုံသိခဲ့တယ်လေ”



ဟုပြောလေသည်။ တဆက်တည်း မှာပင် ကလေးမနှစ်ယောက်၏မျက်နှာများကို အသေအချာကြည့်ကာ



“ကဲ...မှန်မှန်ပြောကြစမ်း...ကိုရဲမင်းမိဘတွေက မလေးငုံမိဘတွေကို စကားလမ်းကြောင်းတာကို နှင်းထက်ကိုပြောလိုက်ကြတယ်မဟုတ်လား”



ဟုခပ်ဆတ်ဆတ်မေးလိုက်သည်။



“ဟုတ်တယ်လေ..သူကလာပြောတာကိုး...ကိုရဲမင်းမိဘတွေအရင်တစ်ခေါက်လာတုန်းက သူနဲ့တွေ့တယ်..သူ့ကို သမီး  သမီးနဲ့ သိပ်ချစ်တာပဲ ဆိုလို့စိမ်းကပြောပြလိုက်တာ ..ကိုရဲမင်းမိဘတွေ ဒီကိုလာတုန်းက မလေးငုံ မိဘတွေလည်း ဗကေးရှင်းရောက်နေတာနဲ့ ဆုံမိကြပြီး မိတ်ဟောင်း ဆွေဟောင်းတွေမို့ ပြောရင်း ဆိုရင်းကိုရဲမင်းမိဘတွေက မလေးငုံအနေအထိုင်တွေကို သဘောကျပြီး မလေးငုံမိဘတွေကို ကြောင်းလမ်းကြတယ်လို့”



မြတ်လေးငုံက သက်ပြင်းဖွဖွချကာ



“ဘာလို့အဲလိုပြောလိုက်ရတာလဲ စိမ်းရယ်...မလေးငုံလက်မခံလို့ မလေးငုံမိဘတွေက ကိုရဲမင်းတို့ဘက်ကို ငြင်းလိုက်ပြီးပြီပဲကို”



ဟုပြောလေသည်။



“သူကမဟုတ်တာတွေလျှောက်ပြောတာကိုး...စိမ်းတို့ကနားကြားပြင်းကပ်လာလို့..အမှန်ကိုအမှန်အတိုင်း

ပြောမှာပဲ...အမှန်ကိုမပြောရဲ မဆိုရဲဖြစ်နေကြရင် လူတွေဟာကြာရင် လူညံ့ လူတုံးတွေဖြစ်သွားမှာပေါ့



…မမတို့ကျတော့ရော...အစတုန်းကတော့ သည်းခံပါ ခွင့်လွှတ်လိုက်ပါနဲ့ ...ခုတော့ဆေးရုံမှာတောင် သွားမတွေ့ခဲ့ဘူးမဟုတ်လား”



ဖြူမာ့အမေးကို မြတ်လေးငုံကအသာခေါင်းယမ်းကာ



“ကဲ...မလေးငုံ ပြောပြမယ်..မချောလေးတို့ရယ်...တကယ်တော့ နှင်းထက်ကသနားစရာပါ”



ဟုပြောလေသည်။



“အမ္..သနားစရာ”



“ဘယ္လို”



စိမ်းနှင့်ဖြူမာ တစ်ယောက်တစ်ပေါက် မေးခွန်းတွေထွက်လာကြသည်။



“သူကငယ်စဉ်ကလေးဘဝက အတော်ဆင်းရဲရှာတယ်။ နွမ်းပါးတဲ့ မိသားစုကနေပေါက်ဖွားလာပြီး သူ့မိဘတွေက သူ့ကို သိပ်ဂရုမစိုက်နိုင်တော့ ကလေးဘဝတည်းက မိဘမေတ္တာကိုအလုံအလောက်မရခဲ့ဘူး။ မိဘတွေ က စီးပွားရေးလုံးပန်းနေရတာနဲ့ပဲ သူ့ကိုလစ်လျူရှုထားသလိုဖြစ်ခဲ့တယ်။ အဲဒါကို သူ့စိတ်ထဲမှာ  ငယ်ငယ်တည်းက သိမ်ငယ်စိတ်တွေ ၊ အားငယ်စိတ်တွေဝင်နေခဲ့တယ်။ ကျောင်းနေတဲ့အခါမှာလည်း ကျောင်းမှာ ပြည့်စုံတဲ့တခြားကလေးတွေကို

ကြည့်ရင်း ပိုလို့ အားငယ်သိမ်ငယ်တာပေ့ါ...ဘယ်လိုပြောရမလဲ သူ့စိတ်မှာ မလုံခြုံဘူးပေ့ါ။ သူ့စိတ် အားငယ်တာ သိမ်ငယ်တာကို သူတစ်ပါးကိုအနိုင်ကျင့်လို့ဖုံးဖိထားတယ်လေ ...စိတ်မလုံမလဲဖြစ်တာကို ကာကွယ်မှုယန္တရားနဲ့ ဖုံးဖိတယ်လို့ခေါ်တယ်..အဲဒါကို။သိမ်ငယ်ခံစားမှုရှိတဲ့သူတွေဟာ သူများတွေကို နှိမ်တတ်ကြတယ်။ အဲဒီလိုနှိမ်လိုက်ရမှ ၊ သူများကို ကဲ့ရဲ့ ရှုတ်ချလိုက်ရမှ သူတို့ရဲ့ ဂုဏ်သိက္ခာအလိုလို

မြင့်သွားတယ်လို့ သူတို့ကိုသူတို့ ယူဆကြတယ်လေ။ မိဘမေတ္တာကို အလုံအလောက်မရခဲ့ရှာတော့ မေတ္တာလိုချင်တယ်။ အဲဒါကြောင့် ရည်းစားတွေအများကြီးထားတာပေ့ါ။ အထူးသဖြင့် တခြားမိန်းကလေးတွေကိုချစ်မြတ်နိုးတဲ့ယောကျ်ားတွေကို သူကရအောင် ၊ သူ့ဘက်ပါအောင်လုပ်တယ်လေ။ လွဲမှားတဲ့မေတ္တာရှာနည်းဆိုတော့ ယောကျ်ားတွေက သူ့အပေါ်သာအမြတ်ထုတ်သွားကြတယ် ။ သူလိုချင်တဲ့ စစ်မှန်တဲ့မေတ္တာကိုမရဘူးလေ။ အဲဒါကိုစိတ်ထိခိုက်ခံစားရပြီး ဖုံးဖိတဲ့အနေနဲ့ မေတ္တာရနေတယ်လို့သူ့စိတ်မှာထင်တဲ့ တခြားမိန်းကလေးတွေကို သူကအမျိုးမျိုးအတင်းတွေလျှောက်ပြော ၊ ကဲ့ရဲ့ရှုတ်ချတာတွေလုပ်တော့တာပဲ။ စိတ်ပညာမှာတော့ အဲဒါကို နျူရိုးဆစ် ရောဂါလို့ခေါ်တယ်။ အရှင်းဆုံးပြောရရင် ယဉ်ယဉ်လေးနဲ့ပေါ့။ ငယ်စဉ်ကစိတ်မှာရခဲ့တဲ့ဒဏ်တွေကြောင့်ပေ့ါ။ သူ့ကိုသူချွတ်ယွင်းချက်တွေရှိနေတယ်လို့ ထင်မြင်ခံစားရတယ်။ အဲဒီစိတ်ခံစားမှုတွေကို သူများတွေကိုမကောင်းပြောပြီး ဖုံးဖိတယ်လေ။ တခါတရံမှာတော့ ဘဝမှာကြုံတွေ့ရတဲ့ လတ်တလောဖြစ်စဉ်တစ်ခုခုက သူ့စိတ်စိုးရိမ်မှုကို မီးလောင်ရာ လေပင့်သလို ပိုပြီးလွန်ကဲစေတယ်။ အဲဒါကို ဒုတိယဒဏ်လို့ခေါ်တယ်။ ကလေးဘဝကရခဲ့တဲ့ ဒဏ်က ပထမဒဏ်ပေ့ါ။ ပိုလို့ဆိုးတာက သူ့ကိုယ်ကျင့်တရားကို သူကိုယ်တိုင်မကောင်းမှန်းသိတယ် ။ အဲ ဒါကိုဟန်ဆောင်ဖုံးဖိနေထိုင်ရင်း သူ့အကြောင်းတွေကို  လူတွေ သိများသိကုန်ပြီလား ဆိုတာကိုအမြဲစိုးရိမ်စိတ်ဝင်နေတယ်။ အဲဒီအထဲမှာမှ ကိုရဲမင်း ကိစ္စပါ ပါလာတော့ သူအကြီးအကျယ်စိတ်ပေါက်ကွဲထွက်သွားတယ်လို့ ဆိုရမှာပေ့ါ။ သူ့စိတ်အခြေအနေက ကုသလို့ရနိုင်ပါတယ်။ စိတ်ကိုအလေ့အကျင့်ပြုလုပ်ပြီး သူ့ကိုသူ

ပြုပြင်ပြောင်းလဲယူပြီး ပြန်ကောင်းအောင်လုပ်လို့ရပါတယ်။ အချိန်ကာလတစ်ခုတော့ပေးရမှာပေ့ါ။ ဒါပေမဲ့ အခုလက်ရှိအချိန်မှာတော့ မမတို့ကိုမြင်ရင် သူပိုလို့ဆိုးသွားနိုင်တယ်လေ ။ အဲဒါကြောင့်မမတို့ သူ့ကို သွားမတွေ့တော့တာပေ့ါ”



မြတ်လေးငုံ ရဲ့စကားအဆုံးမှာ အားလုံးကတိတ်ဆိတ်နေကြပြီး အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြပါသည်။

ခဏေနေတာ့မွ ျဖဴမာက



“အဲလိုဆို မိဘမေတ္တာ အပြည့်အဝမရတဲ့ ကလေးတွေ ၊ နွမ်းပါးတဲ့ကလေးတွေက နျူရိုးဆစ်ရောဂါဖြစ်တတ်တာပေ့ါနော်”



ဟြုမတ်လေးငုံကိုမေးလေသည်။



“မဟုတ်ဘူး..ဖြူမာ။ အဲလိုအခြေအနေမျိုးနဲ့ကြုံတိုင်း နျူရိုးဆစ်ရောဂါဖြစ်ချင်မှဖြစ်မယ်။ အဲလိုအခြေအနေမျိုးတွေနဲ့ ဘဝမှာ ကောင်းမွန်စွာရပ်တည်နေနိုင်တဲ့သူတွေ ၊ မိမိကိုယ်မိမိဆောက်တည်ထိန်းသိမ်းနိုင်တဲ့သူတွေ အများကြီးရှိတယ်။ အဓိကကတော့ စိတ်ထားတတ်ဖို့ပေ့ါ...တကယ်တော့ မလေးငုံကလည်းလိုတာပါလေ။ဒီလောက်ရီဆာ့ချ်တွေလုပ်နေလျက်နဲ့ သူ့ကိုနည်းနည်းမှထင်မထားမိခဲ့ဘူး။ နှင်းထက်ကိုတကယ်မရိပ်မိခဲ့ဘူး။ သူ့စိတ်အခြေအနေတွေကို စောစောကသာ သတိထားမိခဲ့ရင် သူဒီလောက်ဆိုးမှာ မဟုတ်ဘူးလေ။ မလေးငုံတို့တွေ အားလုံး

၀ိုင်းဝန်းပြီး သူ့စိတ်အခြေအနေတိုးတက်ကောင်းမွန်လာအောင် ကူညီလို့ရတယ်။ မလေးငုံက သူ့ဘဝအကြောင်းတွေကို မစပ်စုမိခဲ့ဘူးလေ”



 စိတ်မကောင်းဖြစ်နေသော မြတ်လေးငုံ ကို စိမ်းက



“ဒါတွေအားလုံးဟာ အကြောင်းကြောင့် အကျိုးဖြစ်ရတာပဲ မမတို့ရာ”             ဟုပြောလေသည်။



“ခုတော့ ဖြူမာ သိပြီ... စိတ်ဆိုတာ ကိုယ့်ရဲ့ အကြီးမားဆုံးရန်သူဖြစ်သလို အကောင်းဆုံးမိတ်ဆွေလည်းဖြစ်တယ် ဆိုတာ။ ကိုယ့်ဘဝကောင်းမွန်အောင် ကိုယ့်စိတ်ကပဲ လုပ်ဆောင်သလို ကိုယ့်စိတ်ကြောင့်ပဲ ဒုကရောက်နိုင်တယ်။ ကိုယ့်စိတ်က ကိုယ့်ရန်သူအနေအထားမျိုူး

ရောက်သွားရင် ကြောက်စရာအကောင်းဆုံးရန်သူက ကိုယ့်စိတ်ပဲနော်”



တွေးတွေးဆဆနဲ့ ပြောတဲ့ ဖြူမာ့ကိုကြည့်ရင်း ကျန်သုံးယောက်လုံးသက်ပြင်းကိုယ်စီချကာ တိတ်ဆိတ်သွားကြပြန်လေသည်။ သူတို့တွေအားလုံး နောက်ဆိုရင် နှင်းထက်ဆိုသူကို စိတ်ဆိုး ၊ ဒေါသထွက်ကြတော့မှာ မဟုတ်တော့ဘူးဆိုတာကတော့ သေချာနေခဲ့ပါပြီ။



ဟနစံ

No comments:

Post a Comment