Wednesday, 1 February 2017

ရွေးချယ်ပိုင်ခွင့်နှင့်တာဝန်

လူဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ မိမိရွေးချယ်မှုအတွက်တော့ မိမိမှာသာ တာဝန်ရှိပါတယ် ဆိုတဲ့ အန်တီဆွေဇင်ထိုက်ရဲ့ စကားကို ကျွန်မ မကြာခဏ ဆိုသလို ကိုးကားတတ်ပါတယ်။

ဘဝမှာ အသက်မွေးလမ်းကြောင်းအလုပ်ကို ရွေးချယ်ပိုင်ခွင့်ရှိသူများက ရွေးချယ်ကြတဲ့ခါမှာ မိမိ ရွေးချယ်မှုမှာ မိမိသာ တာဝန်ရှိပါတယ်။ ဒီနေရာမှာ ရွေးချယ်ပိုင်ခွင့်ရှိသူများ လို့ ကျွန်မ သုံးနှုန်းလိုက်တာဟာ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ဖြစ်လာရာဘဝမှာ ကြုံသလို ရွေးချယ်သွားရတဲ့၊ ရွေးချယ်စရာမရှိတော့တဲ့အဆုံး ဘယ်သူမှ မနှစ်သက်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်သွားရတဲ့သူတွေ အများအပြားရှိနေတာကြောင့်ပါ။

ရွေးချယ်ပိုင်ခွင့်ရှိတဲ့ လူနည်းစုအနေနဲ့ပြောရမယ်ဆိုရင် မိမိရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် မိမိမှာသာ တာဝန်ရှိပါတယ်။

ကျောင်းဆရာမအလုပ်ကို ရွေးချယ်လိုက်သူ တစ်ဦးဟာ ကျောင်းဆရာမဆိုတဲ့ အသက်မွေးဝမ်းကျောင်း အင်္ဂါရပ်နဲ့ ညီအောင် ပြုမူနေထိုင်ရပါတော့မယ်။ ကျောင်းဝင်းပြင်ပ အပြင်လောကမှာဆိုရင်လည်း ဘာအလုပ်လုပ်သလဲဆိုရင်
ဘယ်ကျောင်းက ဆရာမဆိုတာကို ပြောရတော့မှာဖြစ်တာကြောင့် ကျောင်းဝင်း စာသင်ခန်းထဲတွင်မှာသာ မဟုတ်ဘဲ
ပြင်ပမှာလည်း ကျောင်းရဲ့ ပုံရိပ်ကို ဆောင်နေတဲ့ ဆရာ၊ ဆရာမတစ်ဦးဟာ ကျောင်းရဲ့ ပုံရိပ်ကို သူတစ်ပါးက အထင်အမြင်မသေးစေဖို့ ဝတ်စားဆင်ယင်၊ ပြောဆိုနေထိုင်မှုတွေကို ဂရုပြုရပါတော့မယ်။
ဒါဟာ ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်လိုက်တဲ့အတွက် နောက်ဆက်တွဲ မိမိမှာ တာဝန်ရှိလာတာပါ။

ကျောင်းသားမိဘများက သူတို့ရဲ့သားသမီးကိုယုံကြည်စွာ အပ်နှံ ပညာသင်စေတဲ့ ကျောင်းက ဆရာမတစ်ယောက်ဟာ
ကျောင်းသားမိဘများရဲ့ ယုံကြည်မှု၊ ကျောင်းသားရဲ့ ပညာရည်၊ ဘဝနောင်ရေးတွေအတွက် အားကိုးစိတ်ချမှုတွေကို
အလွဲသုံးစားပြုလို့ မဖြစ်ပြန်ပါဘူး။ ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်ခဲ့ပြီဆိုရင် ကိုယ် လုပ်ချင်ရာတွေ ရှိရင်တောင် မသင့်တော်ဘူးဆိုရင် မလုပ်ဘဲ အနစ်နာခံရမှာပါပဲ။

ဒီအသက်မွေးဝမ်းကျောင်းအလုပ်ဟာ ဝင်ငွေနည်းတယ်ဆိုတာ သိပြီးသားပဲဖြစ်တဲ့အတွက် ဝင်ငွေနည်းခြင်းအပေါ်မှာ အကြောင်းပြချက်ပေးကာ ကျောင်းသားမိဘများထံမှ လက်ဆောင်ပဏ္ဍာတောင်းခံခြင်းများ မပြုလုပ်သင့်ပါဘူး။ အတန်းပိုင်ဆရာမအတွက် လက်ဆောင်ပစ္စည်းများ ဝယ်ပေးမှ ၊ ဆရာမအိမ်မှာ လိုအပ်တာတွေ ဖြည့်ဆည်းဝယ်ပေးမှ စာမေးပွဲမှာ ပထမအဆင့်နဲ့အောင်တယ်၊ စာမေးပွဲအောင်တယ်ဆိုတဲ့ တရားမဝင်သော်လည်း အရိုးစွဲနေပြီဖြစ်တဲ့ အစဉ်အလာတစ်ခု ပပျောက်စေချင်ပါတယ်။

ဆရာမဆိုတဲ့ လူရိုသေ၊ ရှင်ရိုသေ အလုပ်ကို ရွေးချယ်ခဲ့ပြီဖြစ်တဲ့အတွက် ကျောင်းသားမိဘများကရော၊ ပြင်ပ အရပ်ထဲမှာပါ လူအများက တလေးတစားပြောဆိုဆက်ဆံတာကို ရရှိပြီးဖြစ်တဲ့အတွက် ဆရာမဆိုတာရဲ့ ဝင်ငွေနည်းခြင်း ၊ များခြင်းအပေါ်မှာ ဆင်ခြေပေးဖို့ မသင့်လှပါဘူး။ တစ်ခုကို လိုချင်ရင်တော့ တစ်ခုကို စွန့်ရမှာပါပဲ။ အရာရာကို အားလုံး ပိုင်ဆိုင်ရယူချင်လို့တော့မရပါဘူး။ ဝင်ငွေကောင်းချင်တယ်ဆိုရင် အစကတည်းက ကေတီဗွီမှာ၊ ကာရာအိုကေစားသောက်ဆိုင်များမှာ အသက်မွေးဝမ်းကျောင်းအလုပ်
ကို ရွေးချယ်ခဲ့လို့ ရတာပါပဲ။ ထိုအသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်လုပ်ကိုင်နေတဲ့ အမျိုးသမီးများအနေနဲ့ ဝင်ငွေကောင်းတယ်ဆိုတဲ့ အကျိုးနဲ့အတူ အခြားအကျိုးများကိုလည်း ခံစားရတာပါပဲ။ ဘယ်နေရာမှာမှ အကောင်းချည်းမရှိနိုင်ပါဘူး။
မိမိရွေးချယ်မှုအပေါ်မှာ မိမိတာဝန်ယူဖို့သာ ရှိပါတယ်။

ထို့အတူပဲ စာရေးလိုက်ပြီဆိုရင်၊ မိမိရေးတဲ့စာကို ဖတ်တဲ့ စာဖတ်သူများရှိလာပြီဆိုရင် မိမိရေးတဲ့ စာအပေါ်မှာ တာဝန်အပြည့်အဝယူရတော့မှာပါပဲ။ မိမိရေးလိုက်တဲ့ စာတစ်ကြောင်း၊ စာတစ်လုံးအတွက် စာရေးသူဆီမှာ အပြည့်အဝတာဝန်ရှိပါတယ်။ စာမရေးဘဲ ထိုင်နေရင် ဘာမှ မဖြစ်ပါဘူး။ ရေးမိလိုက်တဲ့ခါ သဘောထားချင်းမကိုက်ညီ၊ မတိုက်ဆိုင်သူများ၊ မိမိရဲ့ ကိုးကားရည်ညွှန်းများ မခိုင်လုံမှုများ ရှိလာတဲ့အခါမှာ စာဖတ်သူဖက်က ထောက်ပြဝေဖန်တာတွေ ရှိမှာပါပဲ။ ဒါတွေဟာ မိမိစာရေးလိုက်တဲ့အတွက် ဖြစ်လာတဲ့အကျိုးဆက်များဖြစ်တာကြောင့် စာတစ်ပုဒ်ရေးလိုက်မိပြီး နောက်ဆက်တွဲ အကောင်း၊ အဆိုးဝေဖန်မှုများကို မိမိသာ ခံယူရုံရှိပါတယ်။ ဝေဖန်မှုများကို မလိုချင်ဘူးဆိုရင်တော့ ဘာမှ မလုပ်ဘဲ၊ ဘာစာမှ မရေးဘဲ နေရုံပဲရှိပါတော့တယ်။ ဒါဟာ မိမိ စာရေးလိုက်ခြင်းကြောင့် မိမိတာဝန်ယူလိုက်ရတာပါ။

အလားတူစွာပင် ဆရာဝန်အလုပ်ကိုရွေးချယ်လိုက်သူတစ်ဦးဟာ ဆရာဝန်တစ်ဦးဆိုတဲ့ ဂုဏ်သိက္ခာနဲ့အညီ ဝတ်စားဆင်ယင်နေထိုင်ပြုမူရပါတော့တယ်။ ဆေးရုံ၊ ဆေးခန်းပြင်ပမှာ လူနာတွေကို ဆေးကုတာမှ မဟုတ်ဘဲဆိုပြီး ညဘက် ဒစ်စကိုတစ်ခုမှာ ဝတ်စားချင်သလို ဝတ်စားဖို့ မသင့်တော်လှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လူနာဖြစ်ခဲ့ဖူးသူနဲ့ ဆုံတွေ့နိုင်ကောင်းဆုံတွေ့နိုင်ပါတယ်။ လူနာရှင်များနဲ့လည်း ဆုံတွေ့နိုင်ပါတယ်။ မိမိဟာ ဘယ်ဆေးရုံက ဆရာဝန်မဆိုတာကို လူနာများ၊ လူနာရှင်များက သိပြီးသားပဲ ဖြစ်ပါတယ်။

လူနာများ၊ လူနာရှင်များရဲ့ ယုံစားအားကိုးခြင်း၊ လေးစားခြင်းကို ခံရတဲ့ ဆရာဝန်အလုပ်နဲ့ ဆရာဝန်ကလည်း လူပါပဲ...ဆေးခန်းပြင်ပမှာ တခြားသူတွေ ဝတ်စားဆင်ယင်သလို ဝတ်စားဆင်ယင်ပိုင်ခွင့်ရှိတယ်လို့ ဆင်ခြေပေးနိုင်ကောင်းတယ်ဆိုပေမယ့် မိမိရဲ့ ပုံရိပ်ဟာ မိမိဆေးရုံ၊ ဆေးခန်းရဲ့ ပုံရိပ်ဖြစ်တာကို မမေ့လျော့စေချင်ပါဘူး။ ဆရာဝန်မတစ်ယောက်ဖြစ်ဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ အချိန်၊ ငွေ နဲ့ ဉာဏ်ပညာတွေဟာ ညဘက် ဒစ်စကိုကလပ်ဘ်မှာ ကျက်စားတဲ့ မိန်းကလေးတစ်ယောက်ရင်းနှီး
မြှုပ်နှံခဲ့ရတာတွေနဲ့ ဘာမှ မဆိုင်ဘဲ ကွာခြားတာကြောင့် ဆရာဝန်မတစ်ယောက်ဟာ ကလပ်ဘ်ကချေသည်တစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုများနဲ့ ဘယ်လိုမှ မအပ်စပ်နိုင်ပါဘူး။ ဒါဟာ ဆရာဝန်ဆိုတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်လိုက်တဲ့အတွက် မိမိနှစ်သက်သလို ဝတ်စားချင်သလို ဝတ်စားလို့ မရတော့တဲ့ တာဝန်ရှိလာတာပါ။

ကျွန်မတို့က ကျွန်မတို့ လုပ်ချင်ရာတွေ လုပ်ချင်တဲ့အတွက် ဆင်ခြေတွေ ပေးကြပါတယ်။ ဒါပေမဲ့ အဲဒီ ဆင်ခြေတွေဟာ
ကျွန်မတို့ ရွေးချယ်လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို တာဝန်ယူတာ ဟုတ်ရဲ့လားဆိုတာ မိမိကိုယ် မိမိ ပြန်မေးကြည့်ရုံသာ ရှိပါတော့တယ်။

No comments:

Post a Comment