ကျွန်မ တစ်ခါတစ်ခါ တွေးမိတယ်။ ကျွန်မတို့ မြန်မာလူကြီးမိဘတွေရဲ့ သားသမီးကို ဆိုဆုံးမပုံတွေဟာ နည်းလမ်းကျရဲ့လားဆိုတာ။
တစ်ခါခါမှာ မဟုတ်သေးဘူးလို့ စိတ်ထဲက ထင်မိတာတွေရှိတယ်။ ဒါပေမဲ့ ဒါကို ထုတ်ပြောရင် မိဘအတော်များများက ကြိုက်ကြမယ်လို့ မထင်မိလို့ မပြောမိဘဲ အောင့်ထားရတဲ့ နှစ်ကာလတွေ ကြာရှည်ခဲ့ပါတယ်။ လူကြီးမိဘတွေရဲ့ စကားဆိုတာ မြေဝယ်မကျနားထောင်ရမယ်။ ပယ်ရှားရင် ငရဲကျမယ်လို့ ကျွန်မတို့ ကလေးဘဝတုန်းက နွေရာသီ ယဉ်ကျေးလိမ္မာမင်္ဂလာသင်တန်းများမှာ သင်ယူခဲ့ကြရတယ် မဟုတ်ပါလား။ ပြန်စဉ်းစားမိတဲ့ခါမှာ လူကြီးမိဘ စကားကို မြေဝယ်မကျနားထောင်ရမယ်ဆိုရင် လူကြီးမိဘတွေရဲ့ ဆိုဆုံးမစကားတွေဟာ နည်းလမ်းကျမှလည်း ဖြစ်မှာ။
ကျွန်မတို့ မြန်မာလူကြီးများဟာ ကလေးများ ဆော့ရင် မကြိုက်တတ်ပါဘူး။
ဒီကလေး ဆော့လိုက်တာအေ...မျောက်ရှုံူးနေတာပဲ...ငြိမ်ငြိမ်ကိုမနေဘူး...ဘယ်သူ့ သားသမီးတွေများ ငြိမ်လိုက်တာ ..အေးလိုက်တာလို့ ပြောဆိုကြတာတွေ ကြားဖူးမှာပါ။
ငြိမ်ငြိမ်နေစမ်း...ဆော့ပဲ ဆော့နေတာလို့ အော်ငေါက်ခံခဲ့ရတာတွေလည်း ရှိမှာပါ။
ကျွန်မ ရန်ကုန်မှာ ကလေးတို့ ဆရာမလုပ်တုန်းက ကလေးမိဘတွေက တိုင်တတ်ပါတယ်။
တီချယ် ...တီချယ့်သားကတော့ အိမ်မှာ ငြိမ်ငြိမ်ကိုမနေဘူး...ဆော့လိုက်တာ အရမ်းပဲ ...ပြောပါဦး
ဆိုရင် ကျွန်မကတော့ ကလေးမိဘတွေကို ပြန်ပြောတတ်တာက...
ဒါ..ပုံမှန်ပါ။ ကလေးဆိုတာ ဆော့ရမယ်။ ကျန်းမာတဲ့ကလေးဆိုတာ ဆော့မှာပဲ။ ဆော့တာ စိတ်ပူစရာမဟုတ်ပါဘူး။ စိတ်ရော ၊ ကိုယ်ရော ကျန်းမာနေလို့ ကလေးက ဆော့တာပါ။ မဆော့ရင်သာ တစ်ခုခုမှားနေပြီ လို့ ။
နောက်တစ်ခုက ကလေးတွေကို ကျောင်းစာတစ်ခုတည်းကိုပဲ အာရုံစိုက်တာကို လူကြီးများက ဒီကလေး လိမ္မာတယ် ၊ တော်တယ်လို့ ချီးမွမ်းကြပြန်ပါတယ်။ ကျောင်းစာမှ ကျောင်းစာပဲလုပ်နေပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ဘဲ စကားမပြောမဆိုနေတဲ့ကလေးမျိုးကို လူကြီးတွေက ဒီကလေး သိပ်လိမ္မာတာ၊ သိပ်အေးတာပဲ၊ စာပဲလုပ်နေတာလို့ ချီးမွမ်းတတ်ကြပြန်ပါတယ်။
လူအပေါင်းအသင်းဆံ့၊ သွက်လက်ဖော်ရွေတဲ့ကလေးမျိုး၊ အထူးသဖြင့် မိန်းကလေးတွေကို လူကြီးတွေက ဒီကောင်မလေး...ကလက်လိုက်တာ ..အေးအေးကိုမနေဘူး စသည်ဖြင့် ကဲ့ရဲ့ကြတတ်ပြန်ပါတယ်။ communication skill ဆိုတာ မတတ်မဖြစ် တတ်မြောက်ရမယ့် ပညာရပ်ဆိုတာကို ကျွန်မတို့ မြန်မာလူကြီးမိဘတွေက လက်ခံကြပုံ မပေါ်ပါဘူး။
ကျွန်မကတော့ ကျွန်မအတန်းထဲက ကလေးတွေ အဲဒီလိုမျိုးပါလာရင် အတင်းကိုရှေ့ထုတ်ပြီး စကားပြောခိုင်း၊ group project တွေလုပ်ခိုင်း လုပ်ခိုင်းပါတယ်။
မိန်းကလေးတွေကို ဗိုင်းကောင်းကျောက်ဖိဆိုပြီး မျက်လွှာလေးချပြီးနေရမယ်လို့ ဆိုခဲ့တဲ့စကားတွေကို ကျွန်မက ငြင်းချင်ပြန်ပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံကြတဲ့အခါမှာ eye contact က အရေးကြီးဆုံးပါပဲ။
presentation တွေမှာ ၊ အင်တာဗျူးတွေမှာ အမှတ်ပေးဖို့က eye contact ကအရေးကြီးဆုံးဆိုတာ ယနေ့ခေတ် လုပ်ငန်းခွင်ကသူများ အသိပါပဲ။
ကလေးတွေဟာ စူးစမ်းပါတယ်။ သိချင်ပါတယ်။ မေးပါတယ်။ ဒီလိုကလေးတွေက မေးခွန်းတွေ မေးတာကို လူကြီးတွေက
ဟာ...ဒီကလေး စကားများလိုက်တာလို့ ဆူတတ်ကြပြန်ပါတယ်။
သိလိုစိတ်နဲ့ မေးမြန်းမှုကို ငယ်စဉ်ကလေးဘဝကတည်းက တားမြစ်ခံရတဲ့အတွက် ကြီးလာတဲ့အခါမှာလည်း မေးသင့်တဲ့ မေးခွန်းတွေကို မေးဖို့ကို ကျွန်မတို့တွေက နှုတ်ဆွံ့အနေကြပါရော။
ကလေးက သိလိုစိတ်နဲ့ စူးစမ်းမှုရှိတာကိုက ကလေးအတွက် တိုးတက်မှု လက္ခဏာပါ။ သူ့ ဦးနှောက်ဟာ ဖွံ့ဖြိုးနေလို့ သူ စူးစမ်းတာပါ။
ကလေးတွေကို ကလေးချင်းယှဉ်ပြီး ဆူပြောတာမျိုးကို လူကြီးမိဘအချို့က လုပ်တတ်ကြပါတယ်။ ဒါဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မကောင်းတဲ့ လက္ခဏာတစ်ခုပါ။ ကြည့်စမ်း...မောင်ဘယ်သူကဖြင့် မင်းလိုလား...သူကဖြင့်တော်လိုက်တာ..မင်းကို သူပါတဲ့ –ျီး ကျွေးဖို့ကောင်းတယ် ...ဘာညာနဲ့ဆူတဲ့အခါမှာ
ကလေးဟာ ပိုအရွဲ့တိုက်ကောင်း တိုက်နိုင်ပါတယ်။ ဒါမှမဟုတ် အနှိုင်းခံရတဲ့ကလေးကို မုန်းတီးစိတ်တွေ ဖြစ်သွားနိုင်ပါတယ်။
နဂိုဖြူစင်နေတဲ့ကလေးကို မနာလို ဝန်တိုစိတ်တွေ သွင်းပေးလိုက်တာပါပဲ။
ကျောင်းဆရာ၊ ဆရာမတွေဟာ ဒါကို အထူးသဖြင့် သတိရှိရပါတယ်။ အတန်းထဲမှာ ကလေးတွေက မျိုးစုံရှိပါတယ်။ နဂိုပင်ကိုယ် အရည်အသွေးရှိပြီး မကြိုးစားတဲ့ကလေးကို ကြိုးစားစေချင်ရင် ကြိုးစားပါ ...ကြိုးစားပါလို့ တဖွဖွပြောနေလို့ မရပါဘူး။ ပြောနေလည်း မောရုံပဲရှိပါတယ်...ကြိုးစားတာ မကြိုးစားတာကတော့ ကလေးကိုယ်တိုင်လုပ်မှ ရမှာပါ။
ဒီလိုကလေးမျိုးကို သူ့ကိုတိုက်ရိုက်မပြောဘဲ အတန်းထဲမှာရှိတဲ့ တော်တဲ့ကလေး၊ လက်ရေးလက်သား သပ်ရပ်တဲ့ကလေး၊ စည်းစနစ်ကောင်းတဲ့ကလေးကို သူ့ရှေ့မှာ သူမရှိလေဟန်နဲ့ မသိမသာလေး ချီးကျူးပေးရပါတယ်။
လက်ရေးလေးတွေလှလိုက်တာ...သပ်ရပ်နေတာပဲ။ အိမ်စာတွေလည်း အကုန်ပြီးတယ် လိမ္မာလိုက်တဲ့ကလေးလို့ ချီးမွမ်းပေးလိုက်တာဟာ အဲဒီကလေးနံဘေးမှာရှိနေတဲ့ကလေးကလည်း အဲဒီလို ဆရာမရဲ့ ချီးမွမ်းတာကို ခံချင်တဲ့အတွက် သူလည်း ကြိုးစားပါတော့တယ်။ အဲဒီကလေး ကြိုးစားလာတဲ့အခါမှာ သူ့ကိုလည်း ချီးမွမ်းပေးရပါတယ်။
ဒီလိုနဲ့ ကလေးတွေကို တုတ်တစ်ချက်မှ မရိုက်ဘဲ ၊ မနာခံချင်တဲ့စကားတစ်ခွန်းမှ မဆိုဘဲ ကြိုးစားချင်စိတ်ဖြစ်လာအောင် ပုံသွင်းယူလို့ရပါတယ်။
ကလေးတွေဟာ လူကြီးတွေကို အတုခိုးတတ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အရှေ့မှာ လူကြီးတွေဟာ ကလေးတွေကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း နေထိုင်ပြုမူရပါတယ်။ကလေးတွေကို လမ်းမှာ အမှိုက်တွေ့ရင် ကောက်ပြီးအမှိုက်ပုံးထဲစွန့်ပစ်ဖို့သွန်သင်ဖို့ကို ထားတော့...ဘေးပတ်ဝန်းကျင်မှာ အမှိုက်ကောက်တာ၊ သူတစ်ပါးဖွထားတဲ့အမှိုက်တွေကို ကောက်ယူပြီး စနစ်တကျစွန့်ပစ်တာကို ရှက်စရာလို့ ယူဆထားကြတဲ့လူကြီးတွေ ရှိနေပါသေးတယ်။
ကျွန်မတို့ မြန်မာလူကြီးအချို့တွေဟာ မိန်းကလေးတွေကို အိမ်တွင်းပုန်းကုပ်နေပြီး စကားကို မပွင့်တပွင့်လေးပြော၊ မျက်လွှာလေးချနေတာကိုမှ လိမ္မာတဲ့ မိန်းကလေးလို့ ယူဆတတ်ကြပါတယ်။ အေးဆေးတယ်လို့ ချီးမွမ်းတတ်ကြပြန်ပါတယ်။ ကျွန်မတို့ ယနေ့ခေတ်ဟာ အိမ်တွင်းမှာပဲ နေလို့ရတဲ့ခေတ် မဟုတ်တော့ပါဘူး။ မျက်လွှာချပြီး စကားမပြောဘဲ နေလို့ ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ ထမင်း၊ ဟင်းချက်တတ်ရုံနဲ့ မိန်းမ မဖြစ်တော့ပါဘူး။ တကယ်တော့ ကလေးတွေကို communication skill ရှိအောင်၊ မရှက်သင့်တာကို မရှက်၊ ရှက်သင့်တာကို ရှက်အောင် ၊ အမှန်တရားကိုသာ မြတ်နိုးတန်ဖိုးထားတတ်အောင် ဆုံးမသင့်တာက မဟုတ်ပါလား။
No comments:
Post a Comment