ရန်ကုန် ၊ မြောက်ဒဂုံမှာရှိတဲ့ ကျောင်းတစ်ခုမှာ ကျောင်းက ဆရာ၊ ဆရာမ (၁၆)ယောက်ကို သင်ကြားရေးနှင့်သင်ယူရေး အစီအစဉ်လေး ODF Myanmar ကနေ လုပ်ပေးခဲ့တယ်။ တနင်္လာနေ့မှာ Teaching Strategies ခေါင်းစဉ်အောက်မှာပဲ Classroom Management ကိုပြောပြဖြစ်ခဲ့တယ်။ အရိုးစွဲလာတဲ့ သင်ကြားနည်းစံနစ်ဖြစ်တဲ့ ဆရာကချည်း တစ်ဖက်သတ်တည်း စကားပြောသင်နေတာကနေ interactive ဖြစ်တဲ့ ကျောင်းသားဗဟိုပြုသင်ကြားနည်းစံနစ်ကို ပြောပြပေးခဲ့တယ်။
သင်ထောက်ကူပစ္စည်းတွေဟာ ကိုယ့်ဘေးနားပတ်ဝန်းကျင်မှာတင် ရှိနေတာကို လက်တွေ့ ဥပမာတွေနဲ့ပြပေးခဲ့တယ်။ ခက်နေတယ်လို့ ထင်ခဲ့ရတဲ့ သင်ခန်းစာကို လွယ်သွားစေနည်းတွေဟာ ဆရာ့လက်ထဲမှာပဲရှိတယ်။ စာမေးပွဲမေးခွန်းထုတ်တဲ့ခါ challenge ရှိတဲ့ all level of difficulties တွေပါစေအောင် မေးခွန်းထုတ်ရမှာ ဖြစ်ပေမယ့်လည်း ဆရာ့မေးခွန်းက ခက်တယ် ဘယ်သူမှ မဖြေနိုင်ဘူးဆိုတာကို ဂုဏ်လုပ် ဂုဏ်ယူတတ်တဲ့ဆရာမျိုးတွေ မဖြစ်သင့်တဲ့အကြောင်း။ မေးခွန်းထုတ်တဲ့ခါ ကျောင်းသားတိုင်းဖြေနိုင်လောက်တဲ့မေးခွန်းနဲ့ challenge မေးခွန်းတွေကို မျှတအောင် ထည့်ရမှာဖြစ်တာကို ဆွေးနွေးပြခဲ့တယ်။
ဒုတိယနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ စာသင်ကျောင်းတိုင်းမှာ မသိမဖြစ်တဲ့ Educational Psychology ခေါင်းစဉ်။
ကျောင်းသားကို Positive Emotions ဖြစ်စေဖို့ အဓိကထား ပြောခဲ့တယ်။ အဲဒီနေ့မှာတော့ ဆရာတွေဘက်က နေ ပုံမှန်ကနေ အနည်းငယ်လွဲနေတဲ့ သူတို့ရဲ့ကျောင်းသားတွေရဲ့ အပြုအမူလေးတွေကို ဆွေးနွေးပြီး ဒီကလေးမျိုးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မေးခဲ့လို့ ပြန်လည်ဖြေကြားရင်း ဆွေးနွေးပွဲကအတော်လေး ကြာသွားခဲ့တယ်။
(၉) တန်း၊(၁၀) တန်းတွေကို သင်တဲ့ ဆရာ နှစ်ဦးက “ ၁၀ တန်းရောက်နေတဲ့ကျောင်းသား ၄ အလီ မရတဲ့ကိစ္စကို ဘယ်လိုလုပ်ရမလဲ..ဆရာမ ..အဲဒါ တစ်ယောက်တည်းမဟုတ်ဘူးနော်။ အများစု။ အတော်များများဟာ အောက်သက်ကျေမလာတာကို ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်တို့ တစ်ကျောင်းတည်းတင်မဟုတ်ဘူးနော်။ တစ်ပြည်လုံးက ကျောင်းတွေမှာ ဒီအတိုင်းပဲ” တဲ့။
အဲဒီမှာ တခြားဆရာ ၇ တန်း၊ ၈ တန်းပြ ဆရာတွေကလည်း သူတို့ ကျောင်းသားတွေ မြန်မာစာရေးနည်းမမှန်တာ၊ အင်္ဂလိပ်စာဆိုရင်လည်း အခြေခံတွေကိုတောင် မရတာတွေကိုပြောပြီး အဲဒီကိစ္စတွေကို ဘယ်လိုလုပ်ရမလဲလို့ ကျွန်မကိုမေးတော့ သမ္မတကြီးကို ကျောင်းသားအရေအတွက်နဲ့ ဆရာဝန်ထမ်းမျှတအောင်ရှိစေဖို့အတွက် ဆရာ၊ ဆရာမတွေကို လေ့ကျင့်မွေးထုတ်ပေးဖို့အတွက်နဲ့ ဆရာ၊ ဆရာမ လစာတွေကို professional တစ်ယောက်ရဲ့လစာနဲ့တူအောင် ပေးဖို့ တောင်းဆိုရတော့မှာပဲလို့ ကျွန်မက ရယ်မောစရာပြောလိုက်ပြီးနောက်မှ အတည်ပြောဖြစ်ခဲ့တယ်။
အောက်ခြေအတန်းတွေမှာ သေချာမသင်ပေးနိုင်၊ စာမေးပွဲကိုသေချာမစစ်ဘဲနဲ့ အရည်အချင်းမမီတဲ့ကျောင်းသားကို အအောင်ပေးလိုက်လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေ။ ဘာလို့ အအောင်ပေးလိုက်လဲဆိုတော့ အဲဒီဆရာမက သူ့အတန်း တန်းလုံးကျွတ်မအောင်ရင် ထုချေလွှာတင်ရမှာ ကြောက်လို့၊ သူ့အတန်းက တန်းလုံးကျွတ်အောင်တယ်ဆိုတဲ့ မဟုတ်တဲ့ ဂုဏ်ကြီးကိုလိုချင်လို့၊ မအောင်ရင် မအောင်မချင်းပြန်စစ်ရမယ်ဆိုတဲ့ စံနစ်တစ်ခုကို ကြုံခဲ့တဲ့ ဆရာမတွေကလည်း မအောင်တဲ့ကျောင်းသားတွေကို နွေရာသီမှာ စာမေးပွဲပြန်စစ်ပေးရတော့ အလုပ်ပို ၊ အလုပ်ရှုပ်လာတာကြောင့်လည်း အကုန်အအောင်ပေးလိုက်တဲ့ အကျိုးဆက်။ စံတစ်ခု မရှိသေး၊ မတည်ငြိမ်နိုင်သေးတဲ့ ပညာရေးစံနစ်ရဲ့ အကျိုးဆက်။ ပညာရေးဝန်ကြီးတစ်ယောက်တက်လာ တစ်ခါပြောင်းတဲ့ ပညာရေးစံနစ်ရဲ့အကျိုးဆက်။ ယခင်ကောင်းနေခဲ့တဲ့ (သူတို့ခေါ်တဲ့ ကိုလိုနီပညာရေး ကျွန်ပညာရေး) ပညာရေးစံနစ်ကို တဖြည်းဖြည်း ခံယူချက်၊ စိတ်နေသဘောထားတွေ တငွေ့ငွေ့ ပြောင်းလဲစေခဲ့တဲ့ ပညာရေးစံနစ်ရဲ့ ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေးတွေလို စတေးခံနေရတဲ့ ကျောင်းသားတွေဘဝ။ ဒီကျောင်းသားတွေနဲ့ တိုက်ရိုက် ဆက်ဆံပတ်သက်နေရတဲ့ ဆရာတွေဘဝ။ ဒါတွေကို ခုချိန်မှာတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရတော့ဘူး။ ဖြစ်တာက ဖြစ်ခဲ့ပြီးသွားပြီ။ လက်ရှိ ကိုယ့်လက်ထဲရောက်နေတာတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ယူရတော့မှာ။
ကျောင်းသားကို ခု ၁၀ တန်းရောက်မှ အင်္ဂလိပ်စာအသံထွက် အတင်းအကျပ်ပြင်ခိုင်းနေလို့ ကျောင်းသားက ဆရာရှေ့ အင်္ဂလိပ်စာအသံထွက်မဆိုရဲဖြစ်သွားတာမျိုးတွေ၊ ကျောင်းသားကို အတင်းအကျပ်သွားပြင်ပေးနေရင် ကျောင်းသားက စာမှာ မပျော်တော့မှာတွေဖြစ်လာနိုင်ချေရှိတာကြောင့် ခု ချိန်မှာတော့ ဆရာဘက်ကနေ စိတ်ကို နည်းနည်းလျော့ထားပြီး သည်းခံဖို့ပြောဖြစ်ခဲ့တယ်။ အောက်ခြေမှာ လွတ်လာပြီး ကျွန်တော်တို့လက်ထဲကျမှ ဒီကလေးတွေနဲ့ ဒုက္ခဖြစ်တော့တာဆိုတဲ့ ဆရာတစ်ဦးစကားကို ကျွန်မလည်း ကိုယ်ချင်းစာမိပါတယ်။
ဘာမှ မရှိတာထက်စာရင် ဘာစာမှ မသင်ရတာထက်စာရင် ၊ စာမသင်ရတဲ့ ကမ္ဘာပေါ်က တချို့နေရာတွေထက်စာရင် ကျွန်မတို့ကမှ အများကြီးတော်ပါသေးတယ်။ ဒီတော့ ကျောင်းသားကို စာမှာ ပျော်လာအောင် ၊ စာဖတ်ချင်စိတ်ဖြစ်လာအောင်၊ သင်ယူလိုစိတ်ရှိလာအောင် ဆရာက အရင်လုပ်ပေးနိုင်မှ ဖြစ်တော့မယ်ဆိုပြီး အမေရိကန်ရုပ်ရှင်တစ်ကားကို ဥပမာပေး ပြောပြခဲ့တယ်။ အရမ်းဆိုးလွန်းတဲ့အထက်တန်းကျောင်းက အတန်းတစ်ခု၊ ဘယ်လိုမှ စာသင်လို့မရ၊ ဆရာ တစ်ယောက်ပြီးတစ်ယောက်ပြောင်း၊ ကျောင်းသားတွေကို မနိုင်။ ဇာတ်လိုက်ဖြစ်တဲ့ဆရာ အဲဒီကျောင်းကိုရောက်သွားပြီး ကျောင်းသားတွေနဲ့ အစပိုင်းတုန်းကတော့ အဆင်မပြေ၊ နောက်တော့ ဆရာက ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေပြီး ကျောင်းသားတွေသွားတဲ့ ဘိလိယက်ခုံမှာပဲ ဘိလိယက်ဘောလုံးလေးတွေနဲ့ ဘိလိယက်ထိုးကစားရင်း trigonometry ကို စာသင်ပြရတယ်။ ကျောင်းပေါင်းစုံ သချင်္ာစွမ်းရည်ပြိုင်ပွဲမှာ ဒီကျောင်းသားတွေက အရှက်ကွဲတော့မယ်ပေ့ါ…စာသင်ခန်းထဲမှာ စာမှ မလုပ်တဲ့ ကျောင်းသားတွေပဲ။ ဒါပေမဲ့ ဒီကျောင်းသားတွေက သချင်္ာတွက်နည်းတွေနဲ့ စံနစ်တကျ မဖြေနိုင်ပေမယ့် ဘိလိယက်ကစားတဲ့ဥပမာနဲ့တော့ သချင်္ာပုစ္ဆာကိုဖြေဆိုနိုင်ခဲ့လို့ အကဲဖြတ် ဒိုင်လူကြီးက အဲဒီကျောင်းသားတွေကို ဆုပေးလိုက်လို့ သူတို့ကျောင်း အနိုင်ရတယ်ဆိုတဲ့အကြောင်း၊ အဲဒီနောက်မှာ ကျောင်းသားတွေဟာ စာကို စိတ်ဝင်စားလာပြီး ကျောင်းစာကို အလေးထားလာကြတဲ့အကြောင်း ပြောပြဖြစ်ခဲ့တယ်။
ကျောင်းသင်ခန်းစာကို စာအုပ်ထဲက စာတွေကိုပဲ စာအုပ်ကြီးဖတ်ပြ သင်နေမှ ကျောင်းသင်ခန်းစာမဟုတ်ဘူး။ ကျွန်မဆိုရင် ရူပဗေဒသင်ခန်းစာဖြစ်တဲ့ KE, PE ကို လေးခွပစ်တမ်းကစားပြီး ကျောင်းသားတွေကို သင်ပြခဲ့ရတယ်။ စကိတ်ဘုတ်နဲ့ motion သင်ခန်းစာကို သင်ရတယ်။ ဘောလုံးပစ်မြှောက်ပြီး gravitational force ကိုသင်ရတယ်။ ကြည့်လိုက်ရင်တော့ ဆရာမက ကျောင်းသားတွေကို ကစားကွင်းထဲ ခေါ်သွားပြီး ဆော့နေကြတယ်ပေ့ါ။ frictional force ကိုသင်တဲ့ခါကျတော့လည်း တွေ့သမျှ ပစ္စည်းတွေ တွန်းရွှေ့ကြတာပေ့ါ။ တကယ်က ကျွန်မတို့က ရူပဗေဒသင်ခန်းစာကို သင်နေတာ။ ကျောင်းသားတွေကလည်း ပျော်တယ်။ စာကိုပိုမှတ်မိတယ်။ ဒီလိုမှပဲ ကိုယ်လိုချင်ရာကို ဆွဲယူပုံဖော်နိုင်မယ်။ သူတို့ စာမဖတ်သရွေ့၊ စာမလုပ်သရွေ့တော့ ဘာမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။
ကျောင်းသားတွေကို စာမှာပျော်လာအောင် ဘယ်လိုသင်ရမယ်ဆိုတဲ့ ခုကျောင်းစာတွေနဲ့မဆိုင်တဲ့ သင်ရိုးညွှန်းလေး ဆရာမ ကျွန်တော်တို့ကို ကူညီပေးပါ၊ ခု မဟုတ်ပါဘူး…နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသားတွေကို ကျောင်းမှာခေါ်ပြီး သင်ချင်လို့ပါလို့ ဆရာတွေဘက်ကတောင်းဆိုလာတော့ ကျွန်မ တတ်နိုင်သလောက် ကူညီပါ့မယ်လို့ ကတိပေးခဲ့လိုက်ရတယ်။
ကျွန်မမှာ သူငယ်ချင်းတွေရှိတယ်။ ကျွန်မရဲ့ဆရာသမားတွေရှိတယ်။ ကျွန်မတို့ကို ကူညီချင်တဲ့တတ်သိနားလည်သူတွေရှိတယ်။ ဖြစ်လာမှာပါ။
No comments:
Post a Comment