Wednesday, 1 February 2017

၂၀၁၇ နှစ်ဦးအတွေး

၂၀၁၆ ဆိုတဲ့ နှစ်တစ်နှစ် ကုန်လွန်လု ၊ ကုန်လွန်ခါနီးရောက်ပါပြီ။ ပြီးလျှင် ၂၀၁၁ ဆိုတဲ့ နှစ်တစ်နှစ်ကိုရောက်ရှိပါတော့မယ်။
၂၀၁၁၇ဆိုတဲ့ နှစ်အသစ်တစ်ခုကိုရောက်ရှိသွားတယ်ဆိုတာ နံနက်ချိန်မှာ နေထွက်လာပြီး ညနေခင်းမှာ နေဝင်မိုးချုပ်သွားတဲ့ ခါတိုင်း နေ့တွေလိုပဲ ဘာမှ မထူးခြားလှပါဘူး။ ထူးခြားတာကတော့ ကျွန်မတို့ရဲ့ အသက် တစ်နှစ်ထပ်ကြီးသွားပြီ ဆိုတာပါပဲ။
အဲဒီလို အသက်တစ်နှစ်ထပ်ကြီးလာလို့ အရင်နှစ်ကထက်စာရင်ကျွန်မတို့ ဘာများ ထူးခြားပါသလဲလို့ ပြန်တွေးစရာရှိပါတယ်။
ကုန်လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ  ကျွန်မတို့ ဘဝကောင်းကျိုးအတွက် ဘာများ ထူးခြားတာကို လုပ်ခဲ့မိပါသလဲ။
ကျွန်မတို့ ပတ်ဝန်းကျင်ကောင်းကျိုးအတွက် ကျွန်မတို့ ဘာများ လုပ်ခဲ့ပါသလဲ။
ကျွန်မတို့ မှီတင်းနေထိုင်ရာ ဒီကမ္ဘာကြီးအတွက် ကျွန်မတို့ ဘာများ လုပ်ခဲ့ပါသလဲ။
ကျွန်မတို့ရဲ့ မကောင်းတဲ့ အကျင့်ဟောင်းတွေကိုရော ပြုပြင်နိုင်ပါရဲ့လား။ ကျွန်မတို့ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကိုရော ချမှတ်နိုင်ခဲ့ပါရဲ့လား။
ကျွန်မတို့ အသက်တစ်နှစ်ကြီးလာသလို အသက်နှင့်အမျှ ရင့်ကျက်လာပါရဲ့လား ။

အကျင့်ပါ ၊ အရိုးစွဲနေတဲ့ ပြုပြင်သင့်တဲ့အကျင့်ဟောင်းတွေကို မပြုပြင်ရသေးဘူးဆိုရင် ၊ မပြုပြင်နိုင်သေးဘူးဆိုရင် ပြန်တွေးကြည့်မိပါတယ်။ အကျင့်ပါနေတယ်၊ အကျင့်ဖြစ်နေတယ်ဆိုတာ အဖန်ဖန်ထပ်တလဲလဲ ပြုလုပ်နေခဲ့မိလို့ပါ။
ပြုဖန်များတဲ့အခါ အကျင့်ဆိုတာ ဖြစ်လာတာပါပဲ။ ဥပမာ ထမင်းစားပြီးတိုင်း ကော်ဖီသောက်တယ်ဆိုရင် တစ်နေ့တလေ သောက်တဲ့ခါ ဘာမှ မထူးခြားပေမဲ့ နေ့စဉ်ရက်ဆက် သောက်တဲ့အခါမှာတော့ နောင်ကာလကြာရှည်လာတဲ့အခါမှာ ထမင်းစားပြီးတိုင်း ကော်ဖီသောက်တာ အကျင့်ဖြစ်နေပြီလို့ ကျွန်မတို့က ပြောကြပါတယ်။
မကောင်းတဲ့အကျင့်ဆိုးတွေဟာလည်း ထိုနည်းတူပါပဲ။ ပြုဖန်များတဲ့အခါမှာ အကျင့်ပါလာပါတယ်။ ဒါဆိုရင် သီအိုရီနည်းအရရော…ကောင်းတဲ့ အကျင့်တွေကို ဒီလိုပဲ အဖန်တလဲလဲ ပြုခြင်းဖြင့် အကျင့်ကောင်းကို မွေးမြူရင် ရပါတယ်။
ဒီတော့ ကျွန်မတို့ စိတ်မှာ စိတ်ဆိုး၊ ဒေါသဖြစ်လွယ်တတ်တဲ့အကျင့်ဆိုး၊ ပူခြင်း၊ အေးခြင်းကစလို့ အသေးအဖွဲလေးတွေကိုပင် သည်းမခံနိုင်တဲ့အကျင့်ဆိုး၊ သူတစ်ပါးကို သည်းမခံနိုင်တဲ့အကျင့်ဆိုးတွေကိုလည်း သည်းခံခြင်းဆိုတဲ့ အလေ့အကျင့်လေးတစ်ခုကို အကျင့်ပြုလုပ်ပြီးနောက် အကျင့်ဆိုးနေရာမှာ အကျင့်ကောင်းကို အစားထိုးတဲ့အလ့အကျင့်လေးတစ်ခုကို ပြုလုပ်ခြင်းဖြင့် ကာလတစ်ခုအကြာမှာ အကျင့်ကောင်းတွေကို အကျင့်ပါနေတော့မှာ ဖြစ်ပါတယ်။
အစပထမပိုင်းမှာတော့ အရိုးစွဲအကျင့်ပါနေပြီဖြစ်တဲ့ အကျင့်ဆိုးတွေကို အကျင့်ကောင်းဖြစ်တဲ့ သည်းခံခွင့်လွှတ်ခြင်းနဲ့ အစားထိုးရတဲ့နေရာမှာ စိတ်ပင်ပန်းဖွယ်၊ ခက်ခဲဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီအကျင့်ဆိုးတွေကို အကျင့်ကောင်းတွေနဲ့ အစားထိုးအောင်မြင်လိုက်နိုင်ပြီဆိုရင် ကျွန်မတို့ဟာ မူလက ခက်ခဲမယ်လို့ ထင်ခဲ့တဲ့အရာကို လွယ်ကူအောင် စိတ်ကို ပြုလုပ်နိုင်ခဲ့ခြင်းအတွက် ကျွန်မတို့ဟာ ပိုမိုရင့်ကျက်လာပါပြီ။

ပြီးခဲ့တဲ့နှစ်ကို ပြန်ကြည့်မယ်ဆိုရင် ကျွန်မတို့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် စီးပွားရေး၊ ပညာရေးမှာ ဘာများ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။ တကယ်တော့ စီးပွားရေး ၊ ပညာရေးစတဲ့ ရုပ်ဝထ္ထုဆန်တဲ့ အရာတွေကို ရရှိဖို့ဆိုတာ စိတ်နဲ့ ဆက်နွယ်ပတ်သက်နေပါတယ်။ ကျွန်မတို့ရဲ့ စိတ်ဟာ ကြည်လင်နေမှသာလျှင် စီးပွားရေးမှာလည်း ဆုံးဖြတ်ချက်များ မှန်မှန်ကန်ကန် ချမှတ်နိုင်သလိုပါပဲ  ပညာရေးမှာလည်း စိတ်အေးချမ်းကြည်လင်နေမှသာ တိုးတက်အောင် ပြုဆောင်နိုင်ပါတယ်။
နှစ်တစ်နှစ်ကုန်ခါနီးမှာ ကျွန်မတို့တွေဟာ နေအိမ်နေရာ၊ အိမ်ခန်းတွေကို သန့်ရှင်းရေးလုပ်ကြပါတယ်။ အဝတ်ဘီရိုထဲက ကိုယ်မဝတ်လိုတော့တဲ့ အဝတ်ဟောင်းတွေကို ရှင်းလင်းဖယ်ထုတ်လိုက်ကြပါတယ်။ အိမ်မှာ အသုံးမလိုတော့တဲ့ ပစ္စည်းဟောင်းများ၊ အမှုိက်သရိုက်များကို ရှင်းလင်းကြပါတယ်။ အဲဒီလိုနဲ့ သန့်ရှင်းသပ်ရပ်တဲ့ အိမ်ဂေဟာကို စိတ်ကြည်နူးစဖွယ် မြင်ရပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အမှုိက်သရိုက်များဖြစ်တဲ့ နာကြည်းမှုများ၊ အဃာတအငြိုးအတေးများ၊ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းတီးမှုများကို ဖယ်ထုတ် ရှင်းလင်းလိုက်မယ်ဆိုရင်လည်း ကြည်လင်သန့်ရှင်းတဲ့ စိတ်ကို ရရှိလာမှာဖြစ်ပါတယ်။ နှလုံးသွေးလှည့်ပတ်ကောင်းမွန်မှုနဲ့အတူ စိတ်ကြည်လင်သန့်ရှင်းမှုရဲ့ နောက်ဆက်တွဲ ရလဒ်အဖြစ် ရုပ်ဆင်းကြည်လင်ခြင်းနှင့်အတူ ရုပ်ကျန်းမာရေးပါ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ကျွန်မတို့ စိတ်လက်ကြည်လင်နေဖို့ဆိုတာ ကျွန်မတို့ ကိုယ်တိုင်မှာသာတာဝန်ရှိသော်လည်း ကျွန်မတို့ ပတ်ဝန်းကျင်က ကျွန်မတို့နဲ့ ပတ်သက်ဆက်ဆံနေရတဲ့သူများအပေါ်မှာလည်း အနည်းနဲ့ အများမှီတည်နေပါတယ်။ အိမ်နီးချင်းက စိတ်လက်မကြည်လင်ဘဲနဲ့ ရန်စ ပြုမူလာမယ်ဆိုရင် သည်းခံနိုင်စွမ်းရှိသလောက် သည်းခံနိုင်ပေမဲ့ အတိုင်းအတာတစ်ခုထက် ကျော်လွန်လာတဲ့ခါမှာ ပုထုဇဉ် ဖြစ်တဲ့ ကျွန်မတို့က တစ်ခုခုတုံ့ပြန်တတ်ကြပါတယ်။ အိမ်နီးချင်းနဲ့
ပြေလည်ကာ အပြန်အလှန်မေတ္တာရှိဖို့က ကျွန်မတို့ကိုယ်တိုင်က မေတ္တာကို ပေးဝေရမှာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်က မေတ္တာထားရှိခြင်းမပြုဘဲ သူတစ်ပါးကသာ ကျွန်မအပေါ် မေတ္တာထားရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နူးညံ့သိမ်မွေ့တဲ့ မေတ္တာဓာတ်ဆိုတဲ့ အကြည်ဓာတ်ဟာ ကိုယ်တိုင်ပြုမှသာ ရမှာဖြစ်ပါတယ်။ အခြားသူတစ်ဦးတစ်ယောက်ကနေ ကြားဝင်ပြီး ကျွန်မဟာ လူကောင်းပါ၊ ဒါကြာင့် ကျွန်မကို မေတ္တာတရားထားရှိပါလို့ ကြားဝင်အာမခံပေးလို့မရပါဘူး။
လူတွေဆိုတာက ကိုယ့်အတ္တအပေါ် အခြေခံမူတည်ပြီးမှသာ ကိုယ့်အတွက် ကောင်းကျိုး၊ ဆိုးကျိုးပေးတဲ့သူတွေကို လူကောင်း၊ လူဆိုးလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒီအတွက် ကျွန်မဟာ တစ်ဦးတစ်ယောက်အတွက် တစ်ခုခုကောင်းကျိုးရှိနေမှသာလျှင် အခြားသူတစ်ဦးက ကျွန်မအပေါ် မေတ္တာထားရှိ ခင်မင်မှာ ဖြစ်ပါတယ်။  ဒီလိုမှ မဟုတ်ဘဲ ကျွန်မက ဘာကြီးမို့လို့ ကျွန်မကို ခင်မင်ရမယ်၊ ကျွန်မက ဘယ်လို ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်လို့ ကျွန်မကို ခင်မင်ရမယ်ဆိုတာမျိုး သွားလုပ်လို့ မရပါဘူး။ တကယ်လို့ အဲဒါမျိုးကြောင့် ခင်မင်မှုဆိုရင်လည်း ရေရှည်ခံတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးဖြစ်လာမှာ မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ရှိ ပေါင်းသင်းဆက်ဆံနေတဲ့ လူအများနဲ့လည်း ပြေလည်ကာအပြန်အလှန် မေတ္တာထားရှိမယ်ဆိုရင် စိတ်ကြည်လင်နေပြီး စိတ်အနှောင့်အယှက်တစ်စုံတစ်ရာကင်းဝေးစွာနဲ့ ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်မြင်နို်ငမှာဖြစ်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိလာခဲ့ရင်လည်း မေတ္တာတရားဝေမျှ ခံစားကြသူ မိတ်ဆွေများက ကူညီရန်အမြဲ အသင့်ဖြစ်နေတဲ့အတွက် ကျွန်မတို့ဟာ ဘဝမှာ တိုးတက်မှုကိုရရှိကြပါတယ်။
စိတ်ကောင်းရှိပါ၊ စိတ်ကောင်းထားပါဆိုတဲ့ ဆရာတော်ကြီးများရဲ့ ဩဝါဒများ၊ လူကြီးသူမများရဲ့ ဆိုဆုံးမ စကားများဟာ စိတ်ကောင်းရှိမှ အများတကာနဲ့ အေးချမ်းပြီးအလုပ်အကိုင် စီးပွားရေးများကောင်းတာကို သွယ်ဝိုက်ဆိုဆုံးမတာလို့ ယူဆပါတယ်။  ကျွန်မတို့တွေက လူမှုအသိုင်းအဝိုင်းမှာ အပြန်အလှန် ကူညီကြတယ်၊ ကောင်းကျိုးပြုကြတယ်ဆိုတာဟာ ကျွန်မတို့ က နာမည်ကောင်းနဲ့ ကျော်ဇောချင်လို့ မဟုတ်ဘဲ ကိုယ်တိုင်မှာရော၊ ပတ်သက်ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ရှိလူအများမှာရော စိတ်လက်ကြည်လင်အေးချမ်းနေကြစေဖို့ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့ ဘဝတွေကရော သာယာနေမှာ ဖြစ်ပါတယ်။ လူတစ်ဦးချင်း တစ်ယောက်ချင်းစီမှ စ၍ သာယာအေးချမ်းနေမယ်ဆိုရင် လူအများနဲ့ ဖွဲ့စည်းထားတဲ့ လူမှုအစုအဝေး လူ့ဘောင်လောကကြီးဟာလည်း အစဉ်သာယာနေမှာ ဖြစ်ပါတယ်။

No comments:

Post a Comment