"ဟဲ့...နွေးနွေး..မိန်းမ အစုတ်ပလုပ်...နင် ဒီလောက် ဖုန်းအကြာကြီးပြောနေတာ အန်တီကြီးနဲ့ အန်တီလေး မဆူဘူးလား"
နွေးနွေးက ဖုန်းထဲမှာ စကားတွေများကာ လေရှည်နေသဖြင့် သွန်းသွန်းက စပ်စုကာမေးလေသည်။
"နေစမ်းပါဟယ်...ငါ စကားများနေလို့ နင်ကမေးတာလား...ဘေးအိမ်ကို ဆရာဝန်လူပျိုကြီး မိသားစု ပြောင်းလာပြီးကတည်းက ငါလည်း အိမ်မှာ အရင်ကထက် အဆူအပြောခံရ သက်သာသွားတယ်"
"ဟဲ့ ဆရာဝန်လူပျိုကြီးဆိုမှ ဘယ်က မိသားစုက ပါလာတာလဲ" သွန်းသွန်းက မေးလေတော့သည်။
"ဟဲ့....တုံးလိုက်တာ...ဆရာဝန်လူပျိုကြီးရယ်၊ သူ့ အဖေရယ်၊ သူ့အမေရယ်ပေ့ါဟဲ့"
နွေးနွေးက စိတ်မရှည်စွာ အော်လေတော့သည်။
သွန်းသွန်းက
"အဲဒါနဲ့ ဘာဆိုင်တုံးဟဲ့ ။ သူတို့ပြောင်းလာတာနဲ့ နင် အိမ်မှာ အဆူခံရသက်သာတာနဲ့" ဟု နားမလည်စွာမေးပြန်သည်။
"ငတုံးမ...နင်ဟာလေ နည်းနည်းလေးမှကို ဆက်စပ်မတွေးဘူး။ ဆရာဝန်လူပျိုကြီး...အိမ်မှာက အန်တီကြီးနဲ့ အန်တီလေးက အပျိုကြီးတွေ...ကဲ...လူပျိုကြီးကို အထာပေးဖို့ အလှပြင်ရ၊ ပဲများရနဲ့ သူတို့မှာ အရင်ကလို ငါ့ကို မဆူအားတော့ဘူး ဟဲ့"
"သြော်...ဒီလိုလား ...ဟားဟားဟား"
သွန်သွန်းနဲ့နွေးနွေးမှာ ရယ်လိုက် တစ်ကျောင်းလုံးက အတင်းတွေတုပ်လိုက်နှင့် အဲဒီညက ဖုန်းပြောတာ ညသန်းခေါင်ကျော်မှပင် ပြီးလေတော့သည်။
ဟုတ်တော့လည်း ဟုတ်သည်။ နွေးနွေး အိမ်မှာ ဘွားဘွားရယ်၊ အန်တီကြီး ၊ အန်တီလေးရယ်က နွေးနွေးကို တစ်ချိန်လုံးမျက်စိဒေါက်ထောက်ကြည့်ကာ ဆူနေကြသည်။
နွေးနွေးမိဘနှစ်ပါးက နိုင်ငံရပ်ခြားမှာ။ နွေးနွေးက ဒီနှစ် ၁၀တန်းမို့ စာမေးပွဲဖြေပြီးမှသာ မိဘများရှိရာကို လိုက်သွားနိုင်တော့မည်။
ဆရာဝန်လိုင်းရအောင် စာကြိုးစားခိုင်းနေကြသော ဘွားဘွား၊ အန်တီကြီးနဲ့ အန်တီလေးကို နွေးနွေးစိတ်ညစ်မိသည်။
နွေးနွေးက ဆရာဝန်ဖြစ်ချင်သူ မဟုတ်။ သချင်္ာဝါသနာပါသော နွေးနွေးက အင်ဂျင်နီယာသာ ဖြစ်ချင်သူ။
"နွေးနွေး...စာကျက်နော်။ Bio တွေ မရရင် ဘေးအိမ်က ဒေါက်တာအောင်နိုင်ကို စာပြပေးဖို့ ပြောပေးရမလား"
အန်တီလေး၏ အပြောကို နွေးနွေးက နှာခေါင်းရှုံ့ကာ
"ရပါတယ် အန်တီလေးရာ..ကျုရှင်တွေလည်း တက်ရတာ သေတော့မယ်...ထပ်ပြီး ကျုရှင်ယူရဦးမယ်ဆို ဘယ်အချိန် နွေးနွေးအိမ်မှာနေရတော့မှာလဲ"
ဟု ပြန်ပြောသော်လည်း
အမ်မလေး...ဆရာဝန်ကို ငါ့ကို ဘန်းပြပြီးနောက်ပိုးချင်တာများ...ငါက ဓားစာခံ စာမေးရဦးမယ်။ ဟိုလူကြီးကဖြင့် မျက်နှာက သုန်သုန်မှုန်မှုန်ရယ်...
အေးလေ...ဒါကြောင့်မို့လည်း မိန်းမ မရဘဲ လူပျိုကြီးဖြစ်နေတာပေ့ါ ဟု စိတ်ထဲကနေ တစ်ယောက်တည်း ပြောနေမိသည်။ ကျူရှင်ရောက်လျှင် သွန်းသွန်းကို အတင်းတုပ်ရပေဦးမည်။
"နွေးနွေး...ဘာလုပ်နေတာလဲ ...စာကျက်နော်။ အမှတ်မကောင်းလို့ကတော့ အသိပဲ။ ဘယ့်နှယ့် အဖေနဲ့ အမေက အထူးကုဆရာဝန်ကြီးတွေ...သူကတော့ စာကျက်ပျင်းနဲ့ ရိုးရိုးမေဂျာပဲ ရရင်တော့ မိဘတွေတော့ အရှက်ကွဲရချေရဲ့...ညည်းနော်...နွေးနွေး ...စာကြိုးစားစမ်းပါအေ"
ဘွားဘွားကလည်း တမှောင့်။ အဖေနဲ့ အမေက ဆရာဝန်ဖြစ်ရင် သားသမီးလည်း ဆရာဝန်မဖြစ်ရင် ရှက်ဖို့ကောင်းသည်ဟု မည်သူက စထွင်သွားသည်လဲ မသိပါ။ ကျောင်းကဆရာမတွေကလည်း တစ်မျိုး။
"နွေးနွေး...အောဒီပါမှ ဖြစ်မှာနော်....အဖေနဲ့အမေက တော်လိုက်တာ...နာမည်ကြီး အထူးကုဆရာဝန်ကြီးတွေ"
အွန်..ဘာဆိုင်တုံး ဟုနွေးနွေး စိတ်ထဲမှာ တွေးနေမိသည်။
နွေးနွေးက ကျက်စာတွေကို ဝထ္ထုဖတ်သလိုပဲ ဖတ်သွားတတ်သည့် အကျင့်ရှိသည်။ စာကို ကျက်သည်ဟု အလုပ်ကြီးတစ်ခုလုပ်ကာ ကျက်မှတ်နေရသည်ကို နွေးနွေး မုန်းသည်။ နွေးနွေးက ဉာဏ်ကောင်းသည်က တစ်ကြောင်းမို့ နွေးနွေးစာကျက်လျှင် စာကျက်သည်နှင့်မတူဘဲ စာအုပ်ထိုင်ဖတ်နေသည်နှင့်သာ တူသည်။ ဒါပေမဲ့ နွေးနွေး ထိုစာများကို အလွတ်ပြန်မှတ်မိလေသည်။ နွေးနွေးက စာကြည့်စားပွဲမှာ ထိုင်ရမည်ကို မနှစ်သက်ဘဲ အိမ်ရှေ့က မာလကာပင်ပေါ်မှာ ၊ အိမ်ဘေးက စက္ကူပန်းချုံအောက်မှာ စာဖတ်ရသည်ကို နှစ်သက်လေသည်။
ဘွားဘွား၊ အန်တီကြီးနဲ့ အန်တီလေးကမူ နွေးနွေးစာကြည့်စားပွဲမှာ ထိုင်နေမှ စာကျက်သည်ဟု ထင်ကြလေသည်။
တနင်္ဂနွေနေ့လည်တွင် နွေးနွေးကျူရှင်မှ ပြန်လာတော့ ဗိုက်အလွန်ဆာနေလေပြီ။ အိမ်ပေါ်ကို ပြေးတက်ကာ
"အန်တီကြီး... နွေး ဗိုက်အရမ်းဆာတယ် ...ဘာဟင်းချက်လဲ"
ဟုမေးလည်းမေး ဧည့်ခန်းကို အပြေးတစ်ပိုင်းနှင့်ကျော်ဖြတ်ကာ ထမင်းစားခန်းဘက်ကို ဦးတည်တော့
"နွေးနွေး...ဒီမှာ ဧည့်သည်ရောက်နေတယ် လေ...ဘာလို့ အော်ဟစ်နေတာလဲကွယ်"
ဟု အန်တီကြီးက တမင်လုပ်ယူ ချိုနွဲ့ထားသော အသံဖြင့် ပြောလေသည်။
အဲဒီတော့မှပင် ဧည့်ခန်းကို ကြည့်မိတော့ ဘေးအိမ်က ဆရာဝန်လူပျိုကြီး။
"သြော်..အဲ..ဘွားဘွား ဘာဖြစ်လို့လဲ ..နေမကောင်းလို့လား"
နွေးနွေးက ဘွားဘွားနေမကောင်း၍ ဆရာဝန်ခေါ်သည်ထင်ပြီး မေးမိလေသည်။
ဆရာဝန်လူပျိုကြီးက "မဟုတ်ပါဘူးဗျာ။ နွေးနွေး မရတဲ့စာတွေရှိရင် ပြပေးဖို့ပါ"
ဟု ရယ်လျက်ဆိုလေသည်။
အန်တီကြီးတို့ ထွင်လိုက်ဟ ...ဇာတ်လမ်း ဟု စိတ်ထဲမှ အန်တီကြီးကို စိတ်တိုမိလေသည်။
"ဟာဗျာ...စာတွေက ရပါတယ်...ဘာမှ မရတာ မရှိဘူး"
ဟုနွေးနွေးက ပြောလေတော့ အန်တီကြီးက
"ဟဲ့..နွေးနွေး..ဘာ ဗျာလဲ...မိန်းကလေးက မိန်းကလေးလို ပြောလေ ... ဧည့်သည်ရှေ့မှာ"
ဟု အားနာဟန်လေးနှင့် နွေးနွေးကို ဟန့်လေသည်။
တစ်ဦးတည်းသောသမီး နွေးနွေးမှာ ယောကျ်ားလေးလိုချင်နေသော မိဘများနှင့်ဆိုလျှင် ဗျာ ဟု ယောကျ်ားလေးလို့ ပြောတတ်သည့် အကျင့်ကပါနေလေသည်။
နွေးနွေးက ဆရာဝန်လူပျိုကြီးကိုလည်း မကြည့်၊ အန်တီကြီးကိုလည်း မကြည့်ဘဲ
"အခု နွေးနွေး ဗိုက်အရမ်းဆာနေလို့ ထမင်းစားလိုက်ဦးမယ် ရှင့်။ ထမင်းစားပြီးရင်တော့ ဘာစာတွေ မရဘူးလဲ ၊ ရလဲဆိုတာ မှတ်မိမှာပါ"
ဟုပြောကာ ထမင်းစားခန်းထဲ ဝင်ပြေးလေတော့သည်။
.....................................................................
ဘေးအိမ်မှ ဆရာဝန်လူပျိုကြီးမှာလည်း အန်တီကြီး နဲ့အန်တီလေး ထွင်သော ဇာတ်လမ်းကြောင့်သာ အားနာလို့နွေးနွေးကို စာပြပေးမည်ဟုသာ ဝန်ခံကတိပေးလိုက်ပုံရသည်။ သူ့မှာ တနင်္ဂနွေတစ်ရက်လေးအားတာကိုပင်။ နွေးနွေးမှာ ကျုရှင်က မနက်ပိုင်းနှင့်ညနေပိုင်းတက်နေရသောကြာင့် နေ့လည်ခင်းလေးကို အကြောင်းအမျိုးမျိုးပြကာ စာမမေးပါ။ ဆရာဝန်လူပျိုကြီးကလည်း တုံးသူမှ မဟုတ်တာပေပဲ။ နွေးနွေးမသင်ချင်မှန်းသိသောကြောင့် နွေးနွေး စာသင်မလား မေးပြီး နွေးနွေးက အကြောင်းတစ်ခုခုပြလျှင် သူလည်း ဘာမှ မပြောတော့ပေ။
အန်တီကြီးနဲ့ အန်တီလေးကတော့ ဆရာဝန်လူပျိုကြီး ကြိုက်သည်ဆိုသော လက်ဖက်သုပ်ကို စပါယ်ရှယ် ပုစွန်ခြောက်နိုင်းချင်းဖြင့် သုပ်သည့် အလုပ်ပိုလာသော်လည်း ကျေနပ်နေကြလေသည်။
တနင်္ဂနွေတစ်နေ့တွင် အန်တီလေး လက်ဖက်သုပ်ဖို့ပြင်ဆင်နေစဉ် နွေးနွေးက မီးဖိုခန်းထဲမှာဟင်းခပ်နေသည်။ အန်တီလေးက တယ်လီဖုန်းလာ၍ သွားပြောနေစဉ် လက်ဖက်သုပ်ပန်းကန်ထဲကို ငရုတ်သီးစိမ်းကို ကတ်ကြေးဖြင့် သေးသေးညှပ်ကာ ထည့်ပြီး ခရမ်းချဉ်သီးလှီးထားသည်များနှင့် ဖုံးထားလိုက်လေသည်။
အဲဒီနေ့ ...ဆရာဝန်လူပျိုကြီး ငရုတ်သီးစပ်၍ တရှုးရှုးတရှဲရှဲဖြစ်သွားသောခါ အန်တီကြီးနှင့်အန်တီလေးမှာ ရေခဲသေတ္တာဆီ အပြေးသွားက အအေးပုလင်းထုတ်နှင့် အလုပ်များသွားကြလေသည်။ နွေးနွေးမှာတော့ ထမင်းစားခန်းထဲ ထမင်းစားရင်း တခွိခွိရယ်ရတာ အားမရသေးသဖြင့် ညနေဘက် ကျုရှင်တွင် သွန်းသွန်းကိုပါ ပြောပြပြီး နှစ်ဦးသားရယ်ကြလေသည်။
.................................................................
ညဘက် ထမင်းစားပြီး အိမ်ပြင်တွင် လမ်းလျှောက်ချင်စိတ်ပေါက်၍ လမ်းဆင်းလျှောက်ကာ ကောင်းကင်တွင်ထွက်စပြုသော ကြယ်များကို မော့ကြည့်ရေတွက်မိလေသည်။ဝရန်တာတွင် ရှိနေသော ဘောလုံးကို သွားယူကာ အိမ်ဘေးတွင် ဘောလုံးဖြင့် ဆော့နေစဉ်
"နွေးနွေး ...စာမကျက်ဘဲ ဘာလို့ ဆော့နေတာလဲ...လာ ...အိမ်ပေါ် ခုတက်..."
ဟု ဘွားဘွားက အိမ်ပေါ်မှာ အော်လေတော့သည်။
"အာ...ဘွားကလည်း နွေးက ခုမှ နားရတာကို။ ခဏလေးပါ။ နွေး ခဏ ဆော့ချင်သေးတယ်"
"ဟဲ့..ဒီကလေးမ...ညည်းအဖေနဲ့ အမေလို ဆရာဝန်မဖြစ်လို့ကတော့ နာမယ်သာ မှတ်"
ဟု ဘွားဘွားက ဆူပြန်လေသည်။
"စိတ်ချဗျိုး...ဆရာဝန်မဖြစ်လည်း ဆရာဝန်ကတော်တော့ ဖြစ်အောင် လုပ်ပေးမယ်ဗျိုး"
ဟု နွေးနွေး စိတ်ပေါက်ပေါက်နှင့် ပြန်ပြောကာ အိမ်ပေါ်ကို စူပုပ်ပုပ်ဖြင့် တက်ရလေတော့သည်။
.............................................................................................
စာမေးပွဲပြီး၍ စိတ်လက်ပေါ့ပါးကာ နွေးနွေးပျော်ရွှင်နေလေတော့သည်။ ဖေဖေနဲ့ မေမေရှိရာကို လိုက်သွားရန် နိုင်ငံကူးလက်မှတ်လျှောက်လွှာတင်ထားလိုက်သည်။
ဘွားဘွားက အောင်စာရင်းထွက်ပြီးမှ လိုက်သွားရမည်ဟု အမိန့်ချမှတ်လေသည်။
ကိုယ်ချင်းမစာတာ...သူများအဖေနဲ့ အမေကို လွမ်းလှပြီဟု စိတ်ထဲ မကျေနပ်ရုံမှ အပ နွေးနွေးမတတ်နိုင်ခဲ့။
"ကြားဖူးပေါင်တော်...ကလေးတွေကို ပုံပြင်သွားပြောသတဲ့...အလုပ်မရှိအလုပ်ရှာလို့"
ဘွားဘွားရဲ့ ဗျစ်တောက်ဗျစ်တောက်ဆူပူမှုများကို မသိကျိုးကျွံပြုကာ နွေးနွေးကတော့ သူငယ်ချင်းများနှင့်အတူ
မိဘမဲ့ဂေဟာတွင် ကလေးငယ်များအား ပုံပြင်ပြောခြင်း၊ ဘုန်းကြီးကျောင်းတွင် ကုဋီသန့်ရှင်းရေးလုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ကလေးများအား စာသင်ပေးခြင်းတို့ကို ပျော်ရွှင်စွာ အားတက်သရောလုပ်လေတော့သည်။ သူငယ်ချင်းများထဲတွင် ယောကျ်ားလေး သူငယ်ချင်းများလည်း ပါရှိသဖြင့် အန်တီကြီးနဲ့ အန်တီလေးတို့ကတော့ တဖျစ်တောက်တောက် ဆူ၍ မဆုံး။
"ဘာဖြစ်လဲ အန်တီကြီးရာ...ယောကျ်ားလေးတွေပါတာ ဘာဖြစ်လဲ။ နွေးအဖေလည်း ယောကျ်ားပဲ။ ဘာဖြစ်လို့လဲ" ဟု ပြန်စောဒကတက်လေသည်။
နွေးနွေးကတော့ ဘယ်လောက်အဆူခံရ ခံရ မဖြုံပါချေ။ နွေးနွေးသူငယ်ချင်းတွေက စိတ်ကောင်းရှိတဲ့ လူကောင်းလေးတွေဟုသာ ပြန်ပြောလေသည်။
..................................................................
အောင်စာရင်းထွက်ပါပြီ။
နွေးနွေးမှာ သချင်္ာနှင့် အခြားသိပ္ပံဘာသာများကို ဂုဏ်ထူးပါသော်လည်း ဇီဝဗေဒနှင့် သမိုင်း၊ ပထဝီတို့ကို ဂုဏ်ထူးမပါချေ။
စာမေးပွဲအောင်၍ ပျော်ရမည့်အပျော်များသည် ဆရာဝန်လိုင်းမရတော့ပါဘူးဟုဆိုကာ ဘွားဘွား၊ အန်တီကြီး၊ အန်တီလေးတို့ ဆူပူကြသော ဆူညံသံများကြောင့် နွေးနွေးမှာ မပျော်ရတော့ပါချေ။
နွေးနွေးကို မြင်တိုင်း ဆူနေကြသဖြင့် နွေးနွေးတစ်နေကုန် အခန်းအောင်းနေလိုက်သည်။
ညဘက် ဗိုက်ဆာ၍ ထမင်းစားခန်းထဲ ထွက်လာတော့ ည ၉ နာရီရှိနေပြီ။ ထမင်းပွဲကို အုပ်ဆောင်းဖြင့် အုပ်ထားသည်ကိုတွေ့သဖြင့် နွေးနွေးမှာ ဗိုက်ဆာဆာဖြင့်စားလေသည်။ ဘွားဘွားကတော့ နွေးနွေးကို စိတ်တိုရ၍ နှလုံးခုန်မြန်ကာနေမကောင်းဖြစ်သွားသည်ဟု ဆိုသဖြင့် အန်တီကြီးနှင့်အန်တီလေးတို့မှာ ဘေးအိမ်မှ ဆရာဝန်လူပျိုကြီးကို ခေါ်လေတော့သည်။ ဆရာဝန်ကြွလာချိန်တွင် နွေးနွေးမှာကတော့ ဗိုက်ဆာဆာဖြင့် ထမင်းစားလို့ကောင်းနေလေသည်။
အဖေနဲ့အမေက အထူးကုဆရာဝန်ကြီးတွေဖြစ်ပြီး နွေးနွေးကတော့ အင်မတန် စာညံ့ကြောင်း၊ ရှက်စရာကောင်းကြောင်း၊ နွေးနွေးစာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူးမပါခြင်းကို ဆွေမျိုးများကို ဘယ်လိုပင် ပြောရမယ်မသိတော့ကြောင်းစသည်တို့ကို ဆရာဝန်လူပျိုကြီးအား အန်တီကြီးနဲ့ အန်တီလေးတို့ ပြောပြနေသံတွေကို ကြားနေရသည်။ နွေးနွေးကတော့ ထမင်း ၂ပန်းကန် စားလို့ကုန်သွားသည်။ တစ်နေကုန် အခန်းအောင်းနေရတာ ဗိုက်ကလည်းအတော်ဆာတာကြောင့်ပင်။
နွေးနွေးထမင်းစားပြီးသွားတော့ ဆရာဝန်လည်း ပြန်သွားလေသည်။ ဆရာဝန်ကို အိမ်ပေါက်ဝထိ အန်တီကြီးနဲ့ အန်တီလေးက လိုက်လံပို့ဆောင်နေကြသည်ကို နွေးနွေးက ထမင်းစားခန်းထဲမှာ လက်သုတ်ရင်း မြင်ရလေသည်။ ဆရာဝန်က နွေးနွေးဘက်လှည့်ကြည့်ကာ မျက်နှာပြုံးစိစိနှင့်။ နွေးနွေးကို ဆူပြောချင်သည်များကို ဆရာဝန်အားပြောလိုက်ရ၍ အန်တီကြီးနဲ့ အန်တီလေးလည်း ကျေနပ်သွားသည်လား မသိပါ။ ဘွားဘွားအခန်းထဲတွင် ဘွားဘွားအား ခြေဆုပ်လက်နယ်ပြုစုနေကြပြီး နွေးနွေးကို မေ့ထားကြသည်။
နွေးနွေးက ဘွားဘွားအတွက်တော့ စိတ်ပူပါသည်။ သို့သော် ဘွားဘွားက စိုးရိမ်ရလောက်အောင် နေမကောင်းဖြစ်တာ မဟုတ်ဟု နွေးနွေး စိတ်က အလိုလိုသိနေသည်။ စိုးရိမ်ရတယ်ဆိုရင် ဆရာဝန်က ဆေးရုံကိုပို့ခိုင်းမှာပေ့ါဟုလည်းတွေးမိသည်။
အိုး...ဆရာဝန်ကို သွားမေးတာပဲကောင်းပါတယ် ဟု စိတ်ဆုံးဖြတ်ကာ ဘေးအိမ်သို့ ကူးခဲ့လေသည်။
"ႀကီးႀကီး...ဘဘ"
အိမ်ရှေ့ ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေကြသော ဆရာဝန်လူပျိုကြီး၏ အဖေနဲ့အမေကို အိမ်ရှေ့မှ လှမ်းခေါ်တော့ ကြီးကြီးက ထွက်လာသည်။
"သမီးနွေးနွေး..လာ ..လာ..."
"မဝင်တော့ဘူး ကြီးကြီး...ဆရာဦးအောင်နိုင်ကိုမေးချင်လို့"
အသံတွေကြား၍ထင်သည်။ ဆရာဝန်လူပျိုကြီး ထွက်လာလေသည်။
"ဟေး...ချာတိတ် ဘာလဲကွ"
"ဘွားဘွား အခြေအနေမေးမလို့ပါဗျာ...နွေးကြောင့် ဘွားဘွားနေမကောင်းဖြစ်သွားရလို့"
"ဘာမှ မဖြစ်ပါဘူးကွာ။ မစိုးရိမ်ပါနဲ့ ။ စိတ်မပူရပါဘူး။ လူကြီးဆိုတော့ ဒီလိုပဲကွ"
ဟု နွေးနွေးခေါင်းကို လက်ဖဝါးဖြင့် အုပ်ကိုင်ကာ ရယ်မောကာပြောလေသည်။
"ဒါဆို နွေးပြန်လိုက်ဦးမယ်" ဟုဆိုတော့
ဆရာဝန်လူပျိုကြီးက နွေးနွေးနဲ့အတူ နွေးနွေးတို့အိမ်ဘက်လမ်းလျှောက်ကာ လိုက်လာလေသည်။
"ကဲ...ချာတိတ်...မင်း ဘာလုပ်မှာလဲ။ ဆေးကျောင်းကတော့ တက်လို့မရတော့ဘူး"
ဟုဆိုလေသည်။ နွေးနွေးက
"သိပါဘူးဗျာ...ရတဲ့လိုင်း တက်တာပေ့ါ။ ဆရာဝန်မဖြစ်လည်း တခြားဟာလုပ်လို့ ရတာပဲ"
ဟုနွေးနွေးကပြောတော့ ဦးအောင်နိုင်မှာ သဘောကျစွာရယ်လေသည်။
"ဘာလို့ရယ်တာလဲဗျ"
ဟု နွေးနွေးက အလကားနေရင်း အရယ်ခံနေရသည်ကို မနှစ်မြို့စွာ ဘုဆတ်ဆတ်မေးမိလေသည်။
နွေးနွေးခေါင်းကို အုပ်ကိုင်ထားသည့် လက်မှာ နွေးနွေးမေးဖျားကို ဆွဲမော့လိုက်ပြီးနောက်
နွေးနွေးမျက်လုံးတွေထဲ စိုက်ကြည့်နေသော ဆရာဝန်လူပျိုကြီး၏ မျက်လုံးများကို နွေးနွေးနားမလည်နိုင်ဖြစ်နေဆဲ
"ချာတိတ်...ဆရာဝန်မဖြစ်လည်း ဆရာဝန်ကတော်ဖြစ်အောင် လုပ်ပေးမယ်ဆို" ဟုမေးလေသည်။
"ဟာဗျာ"
နွေးနွေးက ရှက်ပြီး ခေါင်းကို တစ်ဘက်လှည့်လေတော့ နွေးနွေးပခုံးနှစ်ဘက်ကို ညင်ညင်သာသာဆွဲကိုင်ကာ သူ့ဘက်လှည့်စေပြီးနောက်
"နွေးနွေး..နွေးနွေးကို ကိုယ်ချစ်တယ်။ နွေးနွေးကို ကိုယ်လက်ထပ်ချင်တယ်" ဟုဆိုကာ သူ့ရင်ခွင်ထဲတွင် ဖက်ထားလေတော့သည်။
နွေးနွေးမှာ ကြောင်အမ်းပြီး ရင်တဒိတ်ဒိတ်ခုန်ကာ
" အင်းဗျာ...ဒါပေမဲ့ အခုတော့ လွှတ်"
ဟုဆိုကာ ဆရာဝန်လူပျိုကြီးက ဖက်ထားရာမှ ဖြေလွှတ်လိုက်သောအခါ နွေးနွေးအိမ်ဘက်ကို ဒုန်းစိုင်းပြေးလေတော့သည်။ အိမ်ဝရန်တာပေါ်ကိုပြေးတက်ရင်း နောက်ပြန်လှည့်ကြည့်တော့ နွေးနွေးကို ပြုံးပြီးကြည့်နေသော ဆရာဝန်လူပျိုကြီးကို ဇက်ပု လျှာထုတ်ပြပြီး
နွေးနွေးမှာ ရင်ဆိုင်ရမယ့် နောက်နေ့တွေအတွက် ရင်ခုန်နေလေတော့သည်။
ဟနစံ
No comments:
Post a Comment