Thursday, 2 February 2017

မိတ်ဆွေ၊ ရန်သူ

ဒိုင်ယာရီ...
လူတွေအကြောင်း မတွေးချင် မပြောချင်ပေမယ့် တစ်ခါခါ ကိုယ်နဲ့ပတ်သက်ဆက်ဆံရတဲ့ လူတွေ ကိုယ့်အပေါ်ဘယ်လိုပြုမူဆက်ဆံတာက ကိုယ် ကိုယ်တိုင် ခံစားသိရှိရတာဆိုတော့ လူတွေအကြောင်း မတွေးချင်ဘူးဆို နေလို့ မရပြန်ဘူး။
၂၀၁၇ နှစ်စကတည်းက ကိုယ့် ကျန်းမာရေး ဆေးစစ်တာနဲ့ ကိုယ့်ဘာကိုယ် ပိုးမွေးသလိုပဲ ကျန်းမာရေး ဂရုစိုက်နေရတယ်။ ပညာရေးက စမိမှတော့ ရပ်လိုက်လို့ မဖြစ်တာမို့ မကျန်းမာတဲ့အခြေအနေမှာ ဆက်လုပ်တာ ခေါင်းမာတာတော့ မဟုတ်ဘူး။ စထားမိတာကိုးနော်။
ဇန်နဝါရီတစ်လလုံး ဆေးခန်း၊ ဆေးရုံပဲသွားလာနေရတယ်။ အိမ်မှာနေတဲ့အချိန် နားနားနေနေဆိုတာက လူပဲ သွားလာမှု မရှိဘဲနေတာ စာတွေကတော့ လုပ်နေ ရေးနေရတာပဲ။
တကယ်တော့ ကိုယ် မကျန်းမာလျက်နဲ့ လုပ်နေတယ်ဆိုတာက ကိုယ် လောဘကြီးတာ မဟုတ်ဘူး။ ကိုယ် စထားပြီးတဲ့အလုပ်တစ်ခုကို ဆုံးအောင် အပြီးသတ်ချင်တာမျိုးပဲ။
ဒီအလုပ်လုပ်ရင် စာတမ်းတွေရေးရမယ်။ စာတမ်းတွေဖတ်ဖို့ ခရီးတွေ သွားရမယ်။ ဒါ ဒီအလုပ်ရဲ့ လုပ်ငန်းသဘာဝပဲလေ။

ဒိုင်ယာရီရေ...
တချို့က ပြောကြတယ်။ ဘဝမှာ အခြေအနေ နိမ့်ကျသွားရင် လူတွေက မိတ်ဆွေတွေက နှိမ်ကြ မပြောကြ၊ မခေါ်ကြတဲ့။ ကိုယ်ကတော့ အဲလို မကြုံမိဘူး။ ကိုယ် မကျန်းမာတုန်းက ကိုယ့်ကို အားပေးစကားပြော ၊ သနားကြ၊ ခင်ကြ မင်ကြတဲ့မိတ်ဆွေတွေနဲ့။ အဲ့တုန်းက ကိုယ်က တကယ် သေခါနီးဆဲဆဲပဲ။ မိတ်ဆွေတွေရဲ့ အားပေးစကားတွေက တကယ် အားဖြစ်ခဲ့ပါတယ်။
ကံဆိုတာတွေ ဘာတွေ ကိုယ်က ဗုဒ္ဓဘာသာ မကိုးကွယ်လို့ မပြောတတ်ပါဘူး။ ကိုယ်နဲ့ တွေ့တဲ့ ဆရာဝန်တွေက အင်မတန်တော်ပြီး ကိုယ့်ကို ဂရုစိုက်တယ်။ လူနာတစ်ယောက်လိုမျိုးဆိုတာထက် မိတ်ဆွေလိုမျိုးဆိုတော့ ပိုပြီး ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပြီး ကိုယ့်အခြေအနေတစ်ချက်မှားတာနဲ့ ဆရာဝန်တွေက တန်းသိတာမျိုး။ ..ဆိုတော့ကာ နာမကျန်းပေမယ့် ကံကောင်းတဲ့လူနာလို့ ပြောရမယ်။
ကိုယ့်စိတ်အားထက်သန်မှုရယ်၊ ဆေးပညာတိုးတက်မှုရယ်၊ ဆရာဝန်တွေ တော်တာရယ်၊ ကိုယ်က ဆရာဝန်တွေရဲ့ ပညာကိုယုံကြည်မှုရယ်တွေနဲ့ ကိုယ်က ဘုံးဘုံးကြီးလဲနေတဲ့အခြေအနေကနေ ထူထူထောင်ထောင် ပြန်ဖြစ်ခဲ့တယ်။ ကိုယ်ကလည်း ထူထူထောင်ထောင်ဖြစ်တာနဲ့ ကိုယ့်စာတမ်းတွေပဲ လုပ်တာပဲ။ ကိုယ့်စာတမ်းတွေအတွက်နဲ့ ချီးမြှင့်ခံရ၊ ခရီးတွေသွားရချိန်မှာ
ကိုယ် ပြန်ကျန်းမာလာပြီး အလုပ်တွေ ပြန်လုပ်နိုင်လို့ မိတ်ဆွေတွေက ဝမ်းသာကြမယ် ထင်ခဲ့တာ။ အားလုံး မဟုတ်ဘူး...ဒိုင်ယာရီ။
တချို့ လုံးဝ မထင်မှတ်ထားတဲ့သူတချို့ပေါ့လေ။ ကိုယ် နာမကျန်းတုန်းက ကိုယ့်ကို သနားကြင်နာကြပြီး ကိုယ်လဲကျနေခဲ့တုန်းက ကိုယ့်အပေါ် ကောင်းခဲ့ကြပြီး ကိုယ် လဲကျနေရာကနေ ပြန်ထူထောင်လာတော့ ကိုယ့်ကို မစွတ်စွဲမပြောဆိုသင့်တာမျိုးတွေတောင် ပြောဆို ပုတ်ခတ်ကြတယ်။ တစိမ်းတွေက ကိုယ့်ကျန်းမာရေးကို မသိလို့ ပြောကြဆိုကြတယ်ဆို ကိုယ် အံ့ဩမှာ မဟုတ်ဘူး။ ခုတော့ ကိုယ် အံ့ဩသွားတယ်..ဒိုင်ယာရီ။
ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ကိုယ်ဟာ အလုပ်တွေအများကြီး လုပ်လို့ မရပါဘူး။ ဘဝမှာ အကန့်အသတ်တွေထဲ နေထိုင်သွားရတာ။ ကိုယ်လုပ်လက်စ သုတေသနအလုပ်နဲ့ စာတမ်းရေး၊ စာတမ်းဖတ်တဲ့အလုပ်တွေက ကိုယ် ဦးစားပေးလုပ်တယ်။ အပြင်ထွက်စရာမလို၊ လှုပ်ရှားသွားလာစရာ
မလိုတဲ့အလုပ်တွေပဲ ကိုယ် လုပ်လို့ရတယ်လေ။ စာတမ်းဖတ်ဖို့ ခရီးတွေ သွားတာကတော့ လေယာဉ််ခရီးတွေဖြစ်တာရော၊ သွားတဲ့နေရာတွေက ဖွံ့ဖြိုးတိုးတက်ပြီးနေရာတွေပဲနဲ့ စာတမ်းဖတ်ပွဲတွေကို လာတဲ့ လူတန်းစားက တစ်မျိုးတည်းသာ ရှိတာတွေကြောင့် စာတမ်းဖတ်တဲ့ခရီးတွေကိုတော့ ကိုယ် သွားခဲ့နိုင်တယ်။ နေပူထဲတွေတော့ မထွက် မလည်ပတ်ဘူးပေါ့။ ကိုယ့် ကျန်းမာရေးက နေရောင်ထိလို့ မရတော့ နေမထိအောင်ဘဲ သွားလာတာပဲ။
တကယ်တော့ ဒီဘဝမျိုး ကိုယ်လုပ်ချင် ရချင်လို့ ဖြစ်လာတာ မဟုတ်ပါဘူး..ဒိုင်ယာရီ။ ဘယ်သူက ဒီလိုမျိုး နေရောင်မထိ၊ အပြင်မထွက်ဘဲနဲ့နေချင်မှာလဲ။ ဖြစ်လာတဲ့အတိုင်း အလိုက်သင့် နေထိုင်ရင်း ကိုယ်နဲ့ကိုက်ညီတာကို လုပ်ရတာပဲ။ ဒီဟာတွေကို အောင်မြင်မှုလို့ ကိုယ် မမြင်ဘူး။ ဟုတ်လည်း မဟုတ်ဘူး။ သူများတွေ သူတို့အလုပ် သူတို့ လုပ်သလိုပဲ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတာမျိုးပဲလေ။  ကိုယ်နေရတဲ့ အကန်ု့အသတ်ဘဝထဲမှာ ပျော်အောင်နေလိုက်တာမျိုးပဲ။

ဘာမှ အားကျစရာမကောင်းသလို ဘယ်သူမှ ဒီလို ဖြစ်ချင်မယ်လို့ မထင်မိဘူး။
သူတို့နေတဲ့ဘဝမျိုးကမှ လွတ်လပ်ပျော်ရွှင်မှုအတိနဲ့လေ။ ကိုယ်နေရတဲ့ဘဝက အကန့်အသတ်တွေနဲ့။
အဲဒီအကန့်အသတ်တွေကို ကျော်ဖောက်ရင် ကိုယ် အသက်ဆက်ရှင်ဖို့က အခွင့်နည်းသွားမှာပဲ။

ကိုယ် လဲကျနေတုန်းက ကိုယ့်အပေါ် ကောင်းခဲ့တဲ့မိတ်ဆွေ တချို့က ကိုယ် လဲနေရာကနေ ပြန်ထ ပြန်လည် လမ်းပြန်လျှောက်ကာစမှာပဲ ရန်သူတွေတောင် မလုပ်တဲ့ ပုတ်ခတ်မှုမျိုးတွေ လုပ်တယ်လေ။

ကိုယ် ..အံ့အားသင့်လွန်းလို့ ဆွံ့အနေပါတယ်...ဒိုင်ယာရီ။



Wednesday, 1 February 2017

တာဝန်နှင့် ယူတတ်သူ

မိတ်ဆွေ အမျိုးသမီးတစ်ယောက်က မြန်မာနိုင်ငံကို ဒီဇင်ဘာလတုန်းက သွားရောက်လည်ပတ်ခဲ့တယ်လို့ ပြောပါတယ်။
ကျွန်မက ဟုတ်လား...ဘယ်လိုမြင်လဲဆိုတော့ ပခုံးသာ မသိမသာလေးတွန့်ပြပါတယ်။
action louder than words ဆိုတော့ ကျွန်မလည်း ဘာမှ ဆက်မမေးတော့ပါဘူး။
 နောက်....တခြားအသိတစ်ယောက် ရဲ့ အဖေက ဒီက သတင်းထောက်လို့ ပြောပါတယ်။ ရန်ကုန်ကို ရောက်ခဲ့တယ်လို့ ပြောတော့ ဟုတ်လား...ဘယ်လိုနေလဲ လို့ မေးကြည့်ပါတယ်။
နှစ်၅၀ လောက်နောက်ကျကျန်နေခဲ့တယ် လို့ သူ့အမြင်ကိုပြောပါတယ်။
ဒါတောင် သူက ရန်ကုန်ကိုပဲ ရောက်ခဲ့တာ။ အရှေ့တောင်အာရှက အာဆီယံနိုင်ငံသား အဲဒီလူသာ နယ်မြို့တွေကိုသာ ရောက်သွားခဲ့ရင် သူ ဘာပြောမလဲဆိုတာကို မမှန်းတတ်တော့ဘူး။

သူ ပြောတဲ့ နောက်ကျတယ်ဆိုတာက ဘာကိုနောက်ကျတာလဲလို့ဆိုတာ သူလည်း အသေးစိတ်မပြောဘူး။ ကျွန်မလည်း မမေးဘူး။
အဲဒါက သူ့အမြင်ဆိုတော့ သူ့မှာလည်း လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့်ရှိသည်ပဲ။
ကျွန်မမှာလည်း လွတ်လပ်စွာ ကျွန်မ အမြင်ကို ပြောပိုင်ခွင့်ရှိသည်ပဲ။
အားလုံးသိပြီးသားတွေဟာ ဓာတ်ပြားဟောင်း ၊ သီချင်းဟောင်းတွေပဲ ထပ်တလဲလဲ ဖွင့်နားထောင်သလိုဖြစ်မှာပါ။ ထူးမခြားနားပတ်ပျိုးလေးပဲ ဆက်လက် နားထောင်နေကြရတာ။

တခြားကိစ္စတွေကို မကြည့်ဘဲနဲ့ လူထုတစ်ရပ်လုံးကို အလွယ်တကူရောက်ရှိတဲ့ မီဒီယာဘက်ကိုပဲ ကြည့်လိုက်ပါမယ်။
မီဒီယာလွတ်လပ်ခွင့်မရှိလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မသက်ဆိုင်တဲ့ မီဒီယာလွတ်လပ်ခွင့်အပြည့်အဝရှိတဲ့ နည်းပညာခေါင်းစဉ်တွေကိုပဲ ကြည့်ကြရအောင်။
နည်းပညာစာစောင်များ၊ ဂျာနယ်များမှာ နည်းပညာပိုင်းဆိုင်ရာ ဆောင်းပါးများမှာ အမှားအယွင်းများကို မကြာခဏဆိုသလိုတကယ်တတ်ကျွမ်းနားလည်သူများက ဝေဖန်ထောက်ပြတာတွေကို အွန်လိုင်းမှာ မြင်ဖူး၊ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီဝေဖန်ထောက်ပြမှုများဟာ အင်တာနက်ပေါ်မှာပဲရှိတဲ့အတွက် မှားယွင်းစွာဖော်ပြတဲ့ ဂျာနယ်၊ စာစောင်များကို ဖတ်ရှုသူများ သိနိုင်ဖို့ နည်းပါလိမ့်မယ်။ နည်းပညာကို တတ်သိနားလည်သူကလည်း ဒီဆောင်းပါးပါ ဖော်ပြချက်ဟာမှားယွင်းပါတယ်လို့ တစ်အိမ်တက်ဆင်းလိုက်ပြီး အမှန်ကို ပြောပြနေမှာ မဟုတ်ပါဘူး။ ဒီတော့ နည်းပညာလိုင်းဘက်ကမဟုတ်တဲ့ စာဖတ်သူများက ဆောင်းပါးပါအကြောင်းအရာကို မှန်ကန်တယ်လို့ ယူဆထင်မြင်ကြပါလိမ့်မယ်။

အင်တာနက်ပေါ်မှာ ရှိတဲ့ မြန်မာဘာသာဖြင့်ရေးသားဆွေးနွေးကြတဲ့ နည်းပညာ website များ၊ blog များ၊  forumများ အများအပြားရှိပါတယ်။ ပါဝင် ဆွေးနွေးရေးသားသူများဟာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်ကျွမ်းသူ ပညာရှင်များ၊ အထူးပြုဘာသာယူထားတဲ့ကျောင်းသားများပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ရေးသားဆွေးနွေးမှုများဟာ မှန်ကန်သလို အမှားအယွင်းတစ်စုံတစ်ရာရှိရင်လည်း ပြန်လည်ပြင်ဆင်ပေးတဲ့ ပညာရှင်များ ရှိပါတယ်။ ဒါပေမဲ့ ဒီမှန်ကန်တဲ့ နည်းပညာဆောင်းပါးများဟာ မြန်မာပြည်တွင်းက ဂျာနယ်များ၊ စာစောင်များမှာ တင်ပြထားတာ မဟုတ်တဲ့အတွက် အင်တာနက်မသုံးတဲ့ စာဖတ်သူများက ဖတ်ရှုနိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ အင်တာနက်မှာ စာရေးကြတဲ့ ပညာရှင်များအနေနဲ့လည်း ပြည်တွင်းက စာစောင်၊ ဂျာနယ်များမှာ စာရေးဖို့ဆိုတာက ခဲယဉ်းပါတယ်။ အကြောင်းကတော့ ကျွန်မတို့ သိပြီးသားပါပဲ။ ဆောင်းပါးများ၊ စာမူများကို ဂျာနယ်၊ စာစောင် ရုံးဝန်ထမ်းများကပဲ ရေးသားကြတာဖြစ်လို့ ပြင်ပမှ စာမူကို မသုံးပါဘူး၊ လက်မခံပါဘူးလို့  စာစောင်တစ်ခုကို စာမူ လက်ခံပုံနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တာမှာ အဲဒီ အဖြေပြန်လည်ရရှိပါတယ်။ လခဆိုတာ ဘာမှ မရှိ၊ မဖြစ်လောက်လို့ စာမူခကသာ အားထားစရာမို့ ပြင်ပက စာမူများကို လက်မခံဘဲ ရုံးအတွင်းမှာသာ စာစောင်အတွက် စာမူရေးကြတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို မကြာခဏ ကြားဖူးနေရတာပဲ။
ဒါကို လက်ခံနိုင်ပါတယ်။ လူဆိုတာ အခွင့်အရေးရှိတုန်း ယူကြတာ သဘာဝပါပဲ မဟုတ်လား။

ဒါဆိုရင် စာရေးတဲ့သူဟာ ဘာအတွက် စာရေးတာပါလဲဆိုတဲ့ မေးခွန်းက မေးစရာရှိလာပါပြီ။ စာဖတ်သူတွေအတွက် မှန်မှန်ကန်ကန်တင်ပြရမှာက စာရေးသူနဲ့ မီဒီယာအလုပ်ပဲ မဟုတ်ပါဘူးလား။ နည်းပညာဆောင်းပါး၊ သုတဆောင်းပါးများ၊ အတွေးအခေါ် ဆောင်းပါးများမှာ မှားယွင်းဖော်ပြမှုများဟာ စာဖတ်သူအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။  ပြည်ပမှ ဆောင်းပါးများကို ဘာသာပြန်ကာ ရေးသားတယ်ဆိုပေမဲ့လည်း အဲဒီနယ်ပယ်က နည်းပညာသမားမဟုတ်သူတစ်ယောက်အနေနဲ့ မူရင်းဆောင်းပါးပါအကြောင်းအရာ အချက်အလက်များကို အပြည့်အဝနားလည်နိုင်ဖို့ ခဲယဉ်းပါတယ်။ စာလုံးလေးတစ်လုံးကိုပင် ဘာသာပြန်ဆိုမှု လွဲချော်သွားခြင်းရဲ့ အကျိုးဆက်ဟာ အင်မတန် ကြီးပါတယ်။ လေ့လာစရာ အရင်းအမြစ်များပေါကြွယ်ဝမှု မရှိသေးတဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံမှာ လူငယ်ထု၊ ပြည်သူလူထုဆိုတာက မီဒီယာဆိုတဲ့ စာပေကနေ ဗဟုသုတရှာမှီးနိုင်ကြတာပါ။

အမှားအယွင်းကင်းတယ်ဆိုတာကတော့ ဘယ်နေရာမှာမှ မရှိနိုင်ပါဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အမှားဆိုတာ တစ်ကြိမ်၊ တစ်ခါသာမှားဖို့သင့်တဲ့အရာမဟုတ်ပါလား။ စာပေသမားအမှားက စာဖတ်သူလူထုတစ်ရပ်လုံးကိုပါ မှားယွင်းစေနိုင်ပါတယ်။ တစ်ယောက်တည်းကလုပ်ပေမဲ့ အကျိုးဆက် ခံစားရမယ့်သူတွေက သန်းပေါင်းများစွာပါ။ လူသန်းပေါင်းများစွာကို ဓားနဲ့လိုက်ခုတ်ရင် ဘယ်နှစ်ယောက် ခုတ်နိုင်ပါမလဲ။ တစ်နေ့ကို အလွန်ဆုံး ၁၀ ယောက်ထားပါတော့။ စာတစ်ပုဒ်နဲ့တော့ တစ်နေ့တည်း တစ်ထိုင်တည်းမှာပဲ လူပေါင်းများစွာရဲ့ အတွေးအခေါ်တွေကို သတ်ပစ်လိုက်နိုင်ပါတယ်။

မိမိရေးလိုက်တဲ့စာအတွက် မိမိ တာဝန်ယူနိုင်တဲ့ စာပေသမားများ အများအပြားရှိမယ်ဆိုရင်၊ မိမိရဲ့ ကိုယ်ပိုင် ခံစားချက်နဲ့ ဘက်လိုက်ရေးသားမှုများ မရှိဘူးဆိုရင် စာပေသမားများ ခင်းပေးတဲ့လမ်းပေါ်မှာ ကျွန်မတို့က သူများတွေထက် နောက်ကျ ကျန်မနေနိုင်ဘူး မဟုတ်ပါလား။

၂၀၁၁ ၊ ဖေဖော်ဝါရီလ ၅ ရက်။
နံနက် ၁၀ နာရီ ၊ ၅၁ မိနစ်။

ရိုးသားခြင်းသည်သာ


ရိုးသားခြင်းဟာ စာသင်ကျောင်းများမှာ ကလေးများကို  စိန်ခေါ်လျက်ရှိနေရပါတယ်။

များပြားလှသော အိမ်စာပုစ္ဆာများ၊ assignment များကြောင့် ကျောင်းသားများဟာ ကူးချခြင်း၊ ကူးယူခြင်းဆိုတဲ့ မရိုးသားမှုကို ပြုမူ ကျူးလွန်တတ်ကြပါတယ်။

အတန်းဖော်သူငယ်ချင်းထံမှ အိမ်စာပုစ္ဆာတွက်များကို လွယ်လင့်တကူ ကူးယူလိုက်တယ်ဆိုတာက အင်မတန်လွယ်ကူလှပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျောင်းသားတစ်ယောက်အတွက် မရိုးသားခြင်းဆိုတာထက် ပိုမိုပြီးတော့ ကြီးမားတယ်ဆိုတာကို ကျောင်းသားများ သိစေဖို့ လိုအပ်ပါတယ်။



ကူးယူခြင်း၊ ကူးချခြင်း၊ ခိုးချခြင်း အလေ့အထများဟာ ကျောင်းသားများရဲ့ အနာဂတ်ပညာရေးတင်သာမက အနာဂတ်ဘဝအတွက်ပါ ဆိုးကျိုးဖြစ်စေပါတယ်။

နောင် အနာဂတ်မှာ အလုပ်အကိုင်ရရှိတည်မြဲရေးအတွက်တော့ အာမခံချက်ရှိမှာ မဟုတ်ပါဘူး။

စာမေးပွဲမှာ ကူးချခြင်းဖြင့် အမှတ်ကောင်းကောင်းဖြင့် အောင်နိုင်မှာပါ။ ဒါပေမဲ့လည်း ရေရှည်ကို ကြည့်မယ်ဆိုရင် ဥပမာအားဖြင့် သချင်္ာဘာသာရပ်မှာ ကူးချလို့ အမှတ်ကောင်းသော်လည်း အခြေခံ ပုစ္ဆာဖြေရှင်းနည်းတွေကို မသိတဲ့အတွက် သင်ခန်းစာတစ်ခုပြီးတိုင်း ပြီးတိုင်းမှာ သချင်္ာပုစ္ဆာတွက်နည်းများထဲမှာ တဝဲလည်လည် ဖြစ်နေတော့မှာပါပဲ။



ကူးချခြင်းဖြင့်ရရှိလာတဲ့ ဒီပလိုမာဘွဲ့တစ်ခုဟာ ဘွဲ့လက်မှတ်ရဖို့အတွက်ကတော့ လွယ်ကူသော်လည်း နောင် လုပ်ငန်းခွင်ထဲမှာတော့ ကူးချခြင်းက မိမိကို မကယ်တင်နိုင်ဘူးဆိုတာ သိလာပါလိမ့်မယ်။ အကောင်းဆုံး ဥပမာတစ်ခုကတော့ ရေကူးသင်တန်းဖြစ်ပါတယ်။ ရေကူးသင်တန်းမှာတော့ လေ့ကျင့်ခန်းများကို ခိုးချပြီး အောင်မြင်မှာ မဟုတ်ပါဘူး။ ခိုးချမယ်ဆိုရင်တော့ ရေထဲမှာ နစ်မြုပ်သွားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျောင်းစာသင်ခန်းမှာ ကူးချခြင်းဖြင့် အောင်မြင်ခဲ့မယ်ဆိုရင်တောင်မှ ဘဝသင်ခန်းစာများမှာတော့ နစ်မြုပ်နေမှာဖြစ်ပါတယ်။



မရိုးသားမှုဖြင့် ဘဝမှာ အောင်မြင်မယ်ဆိုရင်လည်း တခဏတာသာ အောင်မြင်ပါလိမ့်မယ်။ ရေရှည်အောင်မြင်မှုအတွက်ကတော့ ရိုးသားစွာ စာကျက်မှတ် ကြိုးစားမှသာ ဖြစ်ပါမယ်။  အချို့သော လူတို့ဟာ လောဘကြောင့် မရိုးသားမှုကို ပြုမူတတ်ကြပါတယ်။

အချို့သော ကျောင်းသားများဟာလည်း အမှတ်ကောင်းကောင်းလိုချင်တဲ့ လောဘကြောင့် မရိုးသားမှုဖြစ်တဲ့ ကူးချခြင်းကို ပြုတတ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်အချို့သည်လည်း လောဘကြောင့် မရိုးသားမှုကို ပြုတတ်ကြပါတယ်။

ဒါပေမဲ့လည်း အောင်မြင်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များဟာ ရိုးသားမှုဖြင့် အောင်မြင်မှုအထွဋ်အထိပ်ကို ရရှိလာကြကြောင်း လေ့လာ သိရှိနိုင်ပါတယ်။



လူတစ်ဦးချင်းစီရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ်ဟာ မမှန်ကန်ခြင်းကို အလိုလို သိမြင်တတ်ပါတယ်။ ရိုးသားခြင်းဖြင့် မိမိရဲ့အတွင်းစိတ်မှာ ရှင်းလင်းနေတဲ့အတွက် နေလို့ ထိုင်လို့လည်း ကောင်းပါတယ်။



အမှန်ကိုသာ ထုတ်ဖော်ပြောကြားရတာဟာ တစ်ခါတစ်ခါမှာတော့ မလွယ်ကူလှပါဘူး။

အမှန်တရားဟာ တစ်ခါတစ်ရံမှာ ခါးသီးတယ်လို့ ဆိုကြသော်လည်း မိမိရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ် (မိမိရဲ့ သိစိတ်)၊ ပတ်ဝန်းကျင်ရှိလူအများနဲ့ ဆက်ဆံရေး၊ မိမိကိုယ်ကို လေးစားကြည်ညိုသော စိတ်တို့အတွက် ရိုးသားခြင်းအမှန်ဟာ အကောင်းဆုံးဖြစ်ပါတယ်။



ဟနစံ

လူငယ်

သူတို့..

တိုက်ပုံ မဝတ်ဘူး၊ ဟိတ်ဟန် မထုတ်ဘူး

မကြိုက်ရင် မပြုံးဘူး၊ စကားများများမပြောဘူး

ခုတုံး မလုပ်ဘူး၊ ကတုံးပေါ်ထိပ်မကွက်ဘူး

ဘုကျချင်ကျမယ် ဘောက်ကျချင်ကျမယ်။



သူတို့....

တီရှပ်ဝတ်တယ် ၊ ဂျင်းပင်(န်) ဝတ်တယ်

သဘောကျရင် ဟက်ဟက်ပက်ပက်ရယ်မယ်၊

စိတ်ကူးအိပ်မက်တွေ ပြောပြမယ်

အမှန်တရားကိုမြတ်နိုးတယ်။



သူတို့...

ဆံပင်ရှည်မထားဘူး ၊ ချိတ်ထဘီ မဝတ်ဘူး

ပဲမများဘူး၊ မာယာမများဘူး

လမ်းသွားရင်း အော်ရယ်ချင်ရယ်မယ်

စိတ်ပါရင် စကားကျယ်ကျယ်ပြောမယ်။



သူတို့...

မှားချင်မှားမယ် ၊ မှန်ချင်မှန်မယ်

အမွားကို မဖံုးကြယ္ဘူး

အမွန္ကို မၾကြားဝါဘူး

အမွားကို အမွန္မလုပ္ဘူး

အမွန္ကို အမွားမလုပ္ဘူး

ရှုူသွင်းလိုက်တဲ့ လေထုညစ်ချင်ညစ်မယ်

အဆုတ်တွေ သန့်စင်တယ်။



သူတို့...

လမ်းဘေးဆိုင်မှာထိုင်မယ်

ဟိုတယ္စာ မစားဘူး

နှစ်ယောက်တစ်လိပ် စီးကရက်

ဝေမျှ သောက်ချင်သောက်မယ်

ပိုက်ဆံအနွမ်းတွေပဲ ရှိတယ်

စိတ်ကူးအသစ်တွေ ရှိတယ်။



သူတို့...

တစ်ခုခုအတွက် ညောင်ရေမလောင်းဘူး

နှုတ်ခမ်းတွေပြုံးရင် မျက်လုံးတွေပါပြံုးတယ်

မျက်လုံးတွေပြုံးရင် နှလုံးသားတွေပါ ပြံုးတယ်။



အဲဒါ...လူငယ် ။           ။

ကိုယ့်လမ်းနဲ့ကိုယ်

အလုပ်ဆိုတာ ပိုက်ဆံရမှသာ အလုပ်လို့ သတ်မှတ်ထားသူတွေအတွက်၊ ပိုက်ဆံမရတဲ့အလုပ်တွေဟာ အလုပ်လို့ မမည်ဘူးလို့ ခံယူထားသူတွေအတွက် အလုပ်ဆိုတာ ဘာအတွက်လုပ်တယ်ဆိုတာကို ရှင်းပြနေဖို့မရှိပါဘူး။

ဘာအလုပ်ကိုမဆို ပိုက်ဆံရဖို့အတွက် လုပ်တယ်လို့ ခံယူထားသူတွေအတွက် အလုပ်တစ်ခုကနေ ရရှိတဲ့ အတွေ့အကြုံ၊ ဝမ်းသာကြည်နူးမှုပီတိ၊ ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်တွေဟာ ပိုက်ဆံ မီလျံနဲ့ချီကာ ဝယ်ယူလို့ မရနိုင်တဲ့အကြောင်း ရှင်းမပြချင်ပါဘူး။



လူတစ်ဦးချင်းစီဟာ သူ ဖြတ်သန်းလာတဲ့ဘဝ၊ နာယူလာခဲ့တဲ့ ဆိုဆုံးမစကားတွေ၊ သင်ယူလာခဲ့ရတဲ့ ဘဝသင်ခန်းစာတွေအပေါ်မူတည်ပြီး

ခံယူချက်၊ ရပ်တည်ချက်နဲ့ တန်ဖိုးထားတဲ့အရာတွေ ကွဲပြားခြားနားသွားနိုင်ပါတယ်။ ဒီကွဲပြားမှုတွေကို တူညီအောင် လိုက်ညှိနေဖို့ ကျွန်မ ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ပါဘူး။



ပိုက်ဆံမှ မရဘဲ...ဘာလို့လုပ်နေတာလဲ ဆိုတဲ့ မသိလို့ မေးတဲ့ မေးခွန်းတွေကိုလည်းကောင်း၊ အချိန်ကုန် စိတ်ပင်ပန်းပြီး ပိုက်ဆံလည်း ရအောင် မလုပ်နိုင်ဘူးဆိုတဲ့ အပြစ်တင်စကားတွေကိုသော်လည်းကောင်း ပြန်လည်ချေပဖို့ ကျွန်မမှာ တာဝန်မရှိပါဘူး။



ကျွန်မမှာ တာဝန်ရှိတာကတော့ လူသားတစ်ဦးအဖြစ် မွေးဖွားကြီးပြင်းလာတဲ့အတွက် လူသားတစ်ယောက်ရဲ့ သူ့ပတ်ဝန်းကျင်အပေါ်မှာ တင်ရှိတဲ့ တာဝန်တွေပါပဲ။ အဲဒီတာဝန်တွေကို ကျွန်မ အကုန် မကျေပွန်သေးပါဘူး။ လမ်းခရီးချင်းတူတဲ့သူတွေနဲ့ အတူတကွ လူသားတာဝန်တွေကို ထမ်းဆောင်နေဆဲပါ။



ရေးလိုက်တဲ့စာတစ်ကြောင်း၊ အလုပ်တစ်ခုဟာ အခြားလူသားတစ်ဦးတစ်ယောက်အတွက် တစ်စုံတစ်ရာ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အကျိုးဖြစ်ထွန်းသွားမယ်၊ စိတ်ကြည်နူးသွားမယ်၊ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်မိမယ်ဆိုရင် ကျွန်မ အတွက်တော့ အဲဒါ ကျွန်မ အလုပ်လုပ်နေတာပါပဲ။

ကျွန်မ သွားနေတဲ့ ဘဝပုံစံဟာ အခြားသူများရဲ့ ဘဝပုံစံနဲ့တူအောင် ကျွန်မ တကူးတက လိုက်ညှိနေဖို့ မလိုပါဘူး။  သွားတဲ့ခရီးလမ်းနဲ့ ပန်းတိုင် တူတဲ့သူတွေနဲ့ ကျွန်မတို့ အတူတကွ ခရီးသွားကြပါတယ်။ တခြား ခရီးလမ်းကို မလိုက်လို့လည်း ကျွန်မကို အပြစ်ဆိုလို့လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ကျွန်မ နှလုံးသားနဲ့ ကျွန်မ အသက်ရှင်နေထိုင်ပါတယ်။

ရှေ့ဆက်ရန်

“ေဟာ….မမ လာၿပီ”

ဆိုသည့် အသံကြောင့် သူမ ခေါင်းငုံ့ကာ ထိုင်နေရာမှ မော့ကြည့်မိသည်။

အင်ဖော်မေးရှင်းစားပွဲမှ ဝန်ထမ်းမိန်းကလေး မတ်တပ်ထရပ်လိုက်တာကို တွေ့တော့ သူမ ရုံးအဝင်တံခါးဝကို လှမ်းကြည့်လိုက်မိသည်။ မှန်တံခါးကို တွန်းဖွင့်လာသော လက်သွယ်သွယ်ဖြူဖြူလေးကို အရင် မြင်ရပြီးနောက် မမ ဆိုသူကို သူမ တွေ့လိုက်ရသည်။

အို…ဒါ ကိုကို ခ်စ္တဲ့ မမ ပါလား

အဖြူရောင် ပိတ်ဖောက်ဇာ ရင်ဖုံးအင်္က ျီ နှင့် မိုးပြာရောင်အခံတွင် အဖြူရောင် အချိတ်ဆင် ဖောက်ထားသော ရခိုင်ချိတ်ထမီဝတ်ထားသော မမ ဆိုသူသည် ကတ္တီပါပုံတော်ဖိနပ်စီးထား

သော ခြေလှမ်းများဖြင့် ရုံးအတွင်းကို လှမ်းဝင်လာလေသည်။ နဖူးကိုပြောင်ရှင်းအောင် သိမ်းထားသော ဆံပင်ကို အနောက်ဘက်တွင် ထုံးဖွဲ့ထားသည်မှာ သူမ ဂျပန်ကီမိုနိုပြက္ခဒိန်များတွင် မြင်ဖူးသော ဂျပန်မလေးများ ထုံးဖွဲ့ထားတတ်သောဆံထုံးပုံမျိုးဖြစ်သည်။

မျက်နှာတွင် အပြုံးလဲ့လဲ့ကို ဆင်ထားပြီး လှမ်းလာသောမမ၏ နောက်မှာ ဖိုင်များထည့်ထားသော ကြိမ်ဆန်ကာတောင်းကို သယ်ဆောင်လာသော မမ၏ ဒရိုင်ဗာ ဖြစ်ဟန်တူသော လူတစ်ယောက်က ရိုရိုကျိုးကျိုးအသွင်နှင့်။ ရုံးအတွင်း အင်ဖော်မေးရှင်းစားပွဲအရှေ့မှ ဧည့်ခန်းတွင် ထိုင်နေသော သူမကို မမက လှမ်းပြံုးပြသည်။ မမ အပြံုးကြောင့် သူမလည်း ယောင်ရမ်းပြံုးပြလိုက်မိသည်။ သူမ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။

“မမ ကိုတွေ့ချင်လို့တဲ့ … ဧည့်သည် ရောက်နေပါတယ်”

အင်ဖော်မေးရှင်းစားပွဲမှ ဝန်ထမ်းအမျိုးသမီးလေးက မမကို ရိုကျိုးစွာ ပြောလိုက်တော့ မမက သူမ ရှိရာကို လှမ်းလာသည်။

သူမ ယောင်ရမ်းကာ မတ်တပ် ထရပ်လိုက်သည်။

“ဟုတ်လား…စောင့်နေရတာ ကြာပြီလား မသိဘူး။ အားနာလိုက်တာ။ မလေးငုံက ကိစ္စတစ်ခုရှိတာနဲ့ လမ်းမှာ ဝင်နေတော့ ရုံးကို ရောက်လာတာ နောက်ကျသွားတာ”

သူမကို ယခုမှ မြင်ဖူးပေမယ့်လည်း ယခင်တည်းက သိဖူးနေသလို ရင်းနှီးဖော်ရွေစွာ ပြောလာသော မမကို သူမ တအံ့တသြ ငေးကြည့်ကာ သူမ စကားပြန်ပြောရန် ဆွံ့အ နေမိသည်။ သွားများပေါ်အောင် ပြုံးလိုက်တော့ ရှေ့သွား ကြီးကြီး ၂ချောင်းပေါ်လာသည်က မမ ရှိရင်းစွဲ အသက်ထက် နုငယ်သွားသယောင်။ အသားဖြူဖြူမှာ အနည်းငယ် ပန်းရောင်သမ်းနေသောကြောင့် ဗမာလူမျိုး ဟုတ်ဟန်မတူသော မမမှာ စကားသံကလည်း မဆိုစလောက်လေး ၀ဲနေသည်။

“ကေသီရေ… ဧည့်သည် အတွက် ကော်ဖီ လုပ်ပေးဦးနော်..ကျေးဇူးတင်ပါတယ်နော် …ကေသီ”

ဟု မမက ရုံးခန်းတွင်းရှိ ဝန်ထမ်း အမျိုးသမီးတစ်ဦးကို လှမ်းပြောလိုက်သည်။

နှုတ်ဆွ့ံ့အ ကာ ယောင်ငေးငေး ကြည့်နေမိသော သူမကို မမက

“ညီမလေး..လာ လာ..မမ ရုံးခန်းကို သွားရအောင်”

ဟုဆိုကာ သူမ လက်မောင်းကို ညင်သာစွာ ကိုင်တွယ်ဖေးမကာ ခေါ်လာတော့ သူမ ယောင်ရမ်းကာ လှမ်းလျှောက်မိသည်။ စံပယ်ပန်းရနံ့ကဲ့သို့သော ရေမွှေးရနံ့ကို ရှုူရှိုက်မိကာ မမ လည်တိုင် ရှင်းရှင်းလေးမှ အကြောစိမ်းလေးများကိုပင် သူမ မြင်လိုက်ရသည်။ ဆံထုံး ထုံးဖွဲ့ထားရာမှ အောက်နားဘက်မှ ဆံနုလေးများက ဂုတ်ပေါ်အနည်းငယ်ကျနေသည်ကို သူမ ငေးကြည့်မိရင်း

“ကိုကို ချစ်တာလည်း ချစ်လောက်ပါတယ်လေ” ဟု သူမတွေးမိလေသည်။

ချောမောလှပသည်ဟု မဆိုသာဘဲ မမ ဆိုသူမှာ သွယ်မြင့်သော အရပ်နှင့် လုံးကျစ်သော ခန္ဓာကိုယ်လေးကြောင့် မြန်မာဝတ်စုံ ဝတ်ဆင်ထားခြင်းမှာ ကျက်သရေရှိလှသည် ဟု သူမတွေးရင်း မမခေါ်ဆောင်ရာကို စိတ်မှတ်မဲ့စွာလိုက်ပါလာမိသည်။ မွှေးပျံ့အေးမြနေသော ရုံးခန်းတွင်းတွင် မမ၏ အလုပ်စားပွဲမှာ မမက သူ့ လက်ကိုင်အိတ်ကို လှမ်းတင်လိုက်ကာ သူမကို ၂ယောက်ထိုင် ဆိုဖာပေါ်တွင် ထိုင်စေလိုက်ပြီးနောက် သူမ ဘေးမှာ မမက ဝင်ထိုင်ကာ တရင်းတနှီးရှိလှသည်။

ဆံထုံးမှာ စိန်ပွင့်လေးတွေ လက်နေသော ဆံထိုးတစ်ချောင်းကို ထိုးထားပြီး တစ်ပွင့်တည်း စိန်နားကပ်၊

လည်တိုင်လေးမှာ ဆွဲထားသော ဆွဲကြိုးမျှင်လေးနှင့် စိန်လော့ကက်သီးတို့က မမကို ပိုမိုတောက်ပအောင် ကူညီ အားဖြည့်ပေးနေကြသယောင်။

“ကဲ…ညီမလေး မမကို တွေ့ချင်တာ ဘာကိစ္စလဲ…ပြောနော်…”



“ဟို…ဟို…”

သူမ ရှေ့ဆက် ပြောရန် နှုတ်ဆွံ့အ နေဆဲ ရုံးခန်းတံခါးခေါက်သံနှင့်အ တူ ကေသီဆိုသော ဝန်ထမ်းမိန်းကလေးက ကော်ဖီ ဗန်းနှင့် ဝင်လာလေတော့ သူမ ရှေ့ဆက် မပြောဖြစ်။

“Thank you ေကသီ…”

၀န်းထမ်းအမျိုးသမီးလေးကို အပြုံးနှင့်လှမ်းပြောလိုက်ကာ စားပွဲပေါ်တွင် တင်လာပေးသော ကော်ဖီဗန်းထဲမှ ကော်ဖီ ပန်းကန်ခွက်ကို မမက လှမ်းယူပြီး

“သောက်လိုက်ပါဦး ..ပူနွေးတုန်းလေး”

ဟုဆိုကာ သူမကို ကမ်းပေးလေသည်။

အို..ဒါတွေက သူမမှာ မရှိတဲ့ အရည်အချင်းတွေပါပဲလား။

သူမက ကော်ဖီခွက်ကို လှမ်းယူကာ တစ်ငုံ သောက်လိုက်ကာ

“ညီမ မမကို တွေ့ဖူးချင်လို့လာကြည့်တာပါ…မမ နာမည်ကိုတော့ ကြားဖူးနေတယ်…ဒေါ်မြတ်လေးငုံ ဆိုတာ…မမကို သိပ်တွေ့ဖူးချင်တာနဲ့ လာမိတာပါ…ကိစ္စမရှိဘဲ မမဆီကို လာမိတာ ခွင့်လွှတ်ပါနော်… စိတ်မဆိုးပါနဲ့ နော် ”

ဟု သူမ တိုးတိမ်စွာပင် ပြောလိုက်မိသည်။

မမက ရင်းနှီးပွင့်လင်းသည့် အပြုံးမျိုး ပြံုးပြီး

“သြော်…ညီမလေးရယ်..မမက ဘာလို့ စိတ်ဆိုးရမှာလဲ..နောက်လည်း ညီမလေး လာချင်တဲ့အခါတိုင်း လာနော်…မမ အပြင်ကိစ္စမရှိဘူးဆို ရုံးမှာ အမြဲရှိတာ”

ဟု ဆိုလေတော့ သူမ မမကို ပိုလို့ အားနာသွားရသည်။

“ညီမ ျပန္ပါဦးမယ္…မမ”

ဟုဆိုကာ သူမက ထရပ်တော့ မမကလည်း သူမနှင့်အတူ ထရပ်လိုက်ပြီး

“ညီမလေး ဘယ်ကိုပြန်မှာလဲ…မမ ကားဒရိုင်ဗာကို လိုက်ပို့ခိုင်းလိုက်မယ် ညီမလေး သွားမယ့်နေရာ သူ့ကို ပြောလိုက်နော်”

ဟုဆိုတော့ သူမက မမကို ပိုလို့ အားတုံ့အားနာဖြစ်သွားရပြန်သည်။

“နေပါစေ …ညီမ စျေးဝယ်စရာလေးတွေ ရှိလို့ ဒီလိုပဲ ဟိုငေး ဒီငေး သွားချင်လို့ပါ”

ဟုဆိုကာ သူမ လှမ်းထွက်တော့ မမက သူမကို ရုံးပေါက်ဝ အထိ လိုက်ပို့လေသည်။

အပြင်ဘက်ရောက်မှပင် သူမ အသက်ရှူ ၀သလို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ ပလက်ဖောင်းပေါ်တွင် စိတ်မှတ်မဲ့စွာ လျှောက်သွားနေမိတော့သည်။

…………………………………………………………………………………………………………

သူ အလုပ်စားပွဲမှာ ရုံးအလုပ်တွေ ရှုပ်နေရင်းမှ သတိရမိကာ လက်မှ နာရီကို ကြည့်လိုက်တော့ ညနေ ၆ နာရီထိုးပြီး ၁၀ မိနစ်။

လေးငုံလာမည်ဟု ဆိုသဖြင့် သူ မပြန်သေးဘဲ စောင့်နေမိသည်။ အိမ်ကိုလာခဲ့ပါ ဟုဆိုသည်ကို အိမ်ကို မလာချင်ဘဲ ရုံးကို လာတွေ့မည်ဟု ဆိုလေသော သူမ၏ သဘောအတိုင်းပင်။

ညနေ ၅ နာရီခွဲမှ ရုံးဆင်းသော လေးငုံက သူ့ ရုံးကို ရောက်လာရန်မှာ နောက်ထပ် ၅ မိနစ်ခန့်ကြာဦးပေမည်။

၀န်ထမ်းများ ရုံးဆင်းသွားကြပြီ ဖြစ်သော်လည်း သူကတော့ ထုံးစံအတိုင်းပင် အမြဲ ရုံးဆင်းနောက်ကျတတ်သဖြင့် ရုံးမှာ သူ့ လက်ရုံးတပည့်တစ်ဦးနှင့် သူသာ ကျန်ရစ်တော့သည်။ တံခါးခေါက်သံ ၄ ချက်ကြားသဖြင့် လေးငုံမှန်း သူသိလိုက်သည်။

သူ ထိုင်ရာမှ ထရပ်စဉ်တွင်ပင် လေးငုံ တံခါးဖွင့် ဝင်လာသည်။

“ဆောရီးနော်…မပြန်ရသေးဘဲ စောင့်နေရတယ်”

ဟု အပြုံးနှင့်ဆိုသည်။

“လေးငုံအတွက်ဆို ဘယ်လောက်ပဲ စောင့်ရ စောင့်ရ ၊ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်းပေါ့ဗျာ” ဟုဆိုကာ သူမ ပခုံးလေးကို ကိုင်ဆွဲလိုက်ပြီး ရင်ခွင်ထဲ ထည့်မည်ကြံတော့ အသာလေး ရှောင်ဖယ် ထွက်သည့် သူမမှာ အခါတိုင်းကဲ့သို့ တက်ကြွ လန်းဆန်းမှုမျိုး မတွေ့ရဘဲ မျက်နှာမှာ တည်တည်လေး ဖြစ်နေသည်။

“အလုပ်တွေ ပင်ပန်းလို့လား ..လေးငုံ”

ဟုသူ မေးလိုက်မိတော့

“အလုပ်က ခါတိုင်းလည်း ဒီလိုပါပဲ ..စိတ်ပင်ပန်းတာပါ”

ဟု ခပ်အေးအေးပင် ပြန်ပြောကာ သူမက သူ့ ရုံးခန်းထဲက ဧည့်ခန်း ဆိုဖာဆက်တီတွင် ဝင်ထိုင်လိုက်သည်။ အခါတိုင်းကဲ့သို့ ၂ယောက်ထိုင် ဆက်တီတွင် သူနှင့်အတူ မထိုင်ဘဲ တစ်ယောက်ထိုင် ဆက်တီတွင် ထိုင်လိုက်သည်မှာ ထူးခြားနေပြန်သည်။

“ကော်ဖီ သောက်မလား လေးငုံ”

ဟု သူကဆိုတော့ သူမက ခေါင်းအသာယမ်းကာ

“စကားပြောဖို့ လာတာ …ကို”

ဟုဆိုလေသည်။

နောက်တစ်လတွင် သူ၏ အိမ်သူ သက်ထားဖြစ်မည့် သူမက သူ့ကို စကားပြောချင်လို့ဆိုကာ လာတွေ့ချင်သည်ဟု နေ့ခင်းက ဖုန်းဆက်တော့ သူ ရယ်မောမိသေးသည်။

သူမသည် မထင်မှတ်သည့် အချိန်တွင် မထင်မှတ်ထားသည်များကို လုပ်တတ်သူလည်း ဖြစ်သည်။

“ကောင်မလေး မနက်က လာသွားတယ် …ကို”

သူမက သူ့မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလေသည်။

“ဘယ်သူလဲ ..လေးငုံ…ဘာကိုပြောတာလဲ”

လေးငုံက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး

“မနက်က ရုံးကို ကို့ ကောင်မလေး လာသွားတယ်”

သူ အံ့ၾသကာ

“ဟင္..ဘယ္သူ”

ဟု အလောတကြီး မေးလိုက်မိသည်။

“မြနှင်းသစ်”

“သြော်”

သူ အံ့သြသွားရပြန်သည်။ မြနှင်း ဒီလောက် သတ္တိ ရှိပါ့မလား။

“လေးငုံ မသိခဲ့ဘူး…ကို။ သူ ဘာမှ မပြောသွားပါဘူး။ လေးငုံကို တွေ့ချင်တယ်ဆို ရောက်လာတာပါ။

သူ ပြန်သွားမှ လေးငုံ သူ့အကြောင်း စုံစမ်းလိုက်တာ…ကို နဲ့ ပတ်သက်နေမှန်း လေးငုံ သိရတယ်..ကို”

သူ ယုံပါသည်။ သူမ သိလိုသည့် အကြောင်းအရာများကို အချိန်တခဏလေးအတွင်းတွင်ပင် သူမ စုံစမ်းသိနိုင်မှန်း သူ ယုံပါသည်။ သူမကို သူ ချစ်မိတာတွေအထဲမှာလည်း သိလိုသည် ၊ လုပ်လိုသည်ကို အချိန်မဆိုင်းတတ်ဘဲ စိတ်မြန် လက်မြန် ရှိမှုလေးတွေပင်။ ရုပ်ရည်လေးနှင့် မလိုက်ဖက်အောင်ပင် စိတ်မရှည်တတ်လွန်းခြင်းများနှင့် စိတ်ရှည်သည့် အရာများကို စိတ်ရှည်လွန်းသည့် အစွန်း ၂ဘက် အမြဲရောက်တတ်သည့် နားလည်ရခက်ခြင်းတွေက သူ့ကို သူမအကြောင်း အမြဲတွေးနေမိအောင် လုပ်ဆောင်နေသည်သာ။

“ကို…လေးငုံ ဘာဆက်လုပ်ရမလဲ”

မျက်ရည်ရစ်ဝဲနေသော မျက်လုံးများဖြင့် သူမ မေးလေသည်။

သူမ၏ လက်ဖဝါးနှစ်ဖက်ကို ဆွဲယူဆုပ်ကိုင်ကာ သူမ၏ အရှေ့ ကြမ်းပြင်ပေါ်တွင် သူ ဒူးထောက် ထိုင်လိုက်သည်။

“လေးငုံ ဘာမှ လုပ်စရာမလိုဘူးလေ..ကို လေးငုံကို ချစ်တယ်..လေးငုံနဲ့ကို နဲ့ နောက်လထဲမှာ မင်္ဂလာဆောင်ဖို့ ဖိတ်စာတွေ အပ်ထားတာတောင် ရနေပြီလေ …သူ့ကို ကို ပိုက်ဆံပေးပြီးသားပါ..သူ ကျေနပ်ပြီးသားပါ..သူ ဘာလို့ လေးငုံဆီလိုက်လာသလဲ ..လေးငုံကို သူ ဘာပြောသွားသေးလဲ”

“သူ …ဘာမှ မပြောသွားပါဘူး..ကို။ ကိုနဲ့ ပတ်သက်နေမှန်းလည်း တစ်ခုမှ မပြောသွားပါဘူး..လေးငုံကို မြင်ဖူးချင်တယ်ဆိုပြီး လာတွေ့ရုံတင်ပါ…ကို ဝန်ခံတာပေ့ါနော်..သူနဲ့ ကိုနဲ့ ပတ်သက်ခဲ့တာကို ကို ဝန်ခံတာလား ကို…မဟုတ်ဘူးလို့ ငြင်းပါလား ..ကိုရယ်”

သူမ အသံတုန်ရီနေကာ မျက်ရည်များကျလာကာ ငိုလေတော့သည်။

သူမ ငိုသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးသော သူ ပျာယာခတ်မိလေသည်။

“မငိုပါနဲ့ ကွာ…ကိုနဲ့ လေးငုံ နောက်လထဲမှာ လက်ထပ်ဖို့ အားလုံးစီစဉ်ထားပြီးသားပဲ

အားလုံး သေချာနေပြီးပြီပဲ…လေးငုံနဲ့ ကို စေ့စပ်ကြောင်းလမ်းကတည်းက သူ့ကို သူ့လမ်းသူလျှောက်ဖို့ ပြောခဲ့ပြီးသားပါ..ကို သူနဲ့ မပတ်သက်တော့ပေမယ့် နယ်က သူ့ မိသားစု စားဝတ်နေရေးအတွက် သူ့ကို လစဉ်ပေးနေကျ ငွေလည်း ဆက်ပေးနေတာပါ..ကို သူ့ကို ငွေ ဆက်ပေးနေလို့ ကို နဲ့သူ ဆက် ပတ်သက်နေတာ မဟုတ်ဘူး ဆိုတာ လေးငုံ ယုံအောင် ကို ဘယ်လို ကျိန်ပြောရမလဲ ကွာ”

သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားကာ သူမ၏ ခေါင်းလေးကို သပ်ကာပြောတော့ သူမ ပိုလို့ သည်းသည်းထန်ထန် ငိုလေတော့သည်။

သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမ ငိုချင်သလောက်သာ ငိုပါစေ သဘောထားကာ သူမကို တင်းတင်းလေးသာ ပွေ့ဖက်ထားမိသည်။

သူမ ငိုလို့ အားရလေဟန်ရှိတော့ သူမက သူ့ရင်ဘတ်ကို အသာတွန်းဖယ်လာတော့ သူ အလိုက်တသိ ဖြေလျော့ပေးလိုက်သည်။

“ရက်စက်လိုက်တာ ကိုရယ်…ညီမ သားချင်း ကိုယ်ချင်းစာပါတော့လား…တစ်ဘက်သား မိန်းကလေးကို ကိုယ်ချင်းမစာဘူးလား… ကို”

“အစတည်းက သူ့ကို ကို လက်ထပ်ယူမယ် မပြောထားဘူး..လေးငုံ…ပြီးတော့ နယ်ကနေလာပြီး ဒီမြို့မှာ အဆောင်နေ အလုပ်ရှာတုန်း အလုပ်မရတာကို ကို့ သူငယ်ချင်းတစ်ယောက်က ကူညီထားရာကနေ ကိုနဲ့ပါ သိတာ လေးငုံ…ဒါ သူ့ မိသားစုအတွက် သူ ငွေရှာတာပဲ..သူ့ကို လခ ပုံမှန်ပေးထားတယ်…မှန်ရာပြောတာ သစ္စာပါ လေးငုံ…လေးငုံကို ကို စတွေ့တဲ့အချိန်ကစပြီး သူနဲ့ ကိုယ် မဆုံတွေ့တော့ပါဘူး…ဒါပေမယ့် သူ့ မိသားစု ဒုက္ခရောက်မှာစိုးလို့ ကိုယ် ပေးနေကျ သူ့ အတွက် လခကို ဆက် ပေးနေတာ လေးငုံ…သူကိုလည်း လွတ်လပ်ခွင့်ပေးလိုက်တာပါ သူလည်း သူ့ဘဝ ရှေ့ရေးအတွက် အခြား ရှာစရာရှိတာ ရှာနိုင်အောင်ပေ့ါ”

သူ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ သူမက

“လေးငုံ …ယုံပါတယ် ကို…ကို လေးငုံကို ဘယ်တုန်းကမှ မညာဘူးဆိုတာ ..ခု ကို ပြောနေတာတွေ သူနဲ့ ကို ဆက် မပတ်သက်တော့ဘူးဆိုတာတွေကို လေးငုံ ယုံပါတယ် ကိုရယ်”

ဟု အသံတုန်တုန်လေးဖြင့် ပြောလေသည်။

တစ်ချိန်မှာ ဒီအဖြစ်ကို လေးငုံကို သူ အသိပေး ဝန်ခံရမည်ကို တွက်ဆ ထားမိပေမယ့် ဒီလောက် စောလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့။ လေးငုံနှင့်သူ လက်ထပ်ပြီးမှသာ လေးငုံကို သူ အေးအေးဆေးဆေး ပြောပြရန် စိတ်ကူးထားခဲ့မိသည်။

ပြောပြလျှင် လေးငုံက လက်ခံ နားလည်ပေးတတ်မှန်း သူ သိထားသည်ပဲ။

“လေးငုံ ပြန်တော့မယ် ကို…ဒရိုင်ဗာ ခေါ်မလာဘူး..လေးငုံ မောင်းလာတာ …မှောင်နေပြီ နောက်ကျနေတော့မယ် သွားမယ် ကို”

လေးငုံ ပြန်သွားတော့ သူ ဆိုဖာမှာ ထိုင်ပြီး တစ်ယောက်တည်း ငိုင်နေမိသည်။

လေးငုံကို စိတ်ဆင်းရဲအောင် သူ လုပ်မိပြန်ပြီကော။

မိန်းမ မယူခင်ကတည်းက မယားငယ် ထားရှိသည်ဆိုသော နောက်ပြောင်သော စကားက သူတို့ အသိုင်းအဝိုင်းမှာ မဆန်းတော့။ အားလုံးနီးပါး ဒီလိုသာပင်။ သူ့ ဘဝတွင် မိန်းမတစ်ယောက်ယောက်ကို ချစ်မိလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိသည်မှာ လေးငုံကို မတွေ့ခင်က အထိပင်။

ဗိသုကာပညာရှင်ဖြစ်ပြီး အိမ်တွင်းအလှဆင်လုပ်ငန်း (interior design)ကို ကြီးကြပ်လုပ်ကိုင်သူ သူမနှင့် ဆုံတွေ့ပတ်သက်စရာ အကြောင်းဖန်လာသည်က သူ့ ရုံး ပြင်ဆင်ခြင်းအတွက်ကြောင့်ပင်။

သူမ၏ နာမည်ကိုသာ ကြားဖူးခဲ့သော်လည်း တကယ်တမ်း ဆုံတွေ့သောအခါတွင် သူ ထင်ထားသလောက် အသက်မကြီးဘဲ အင်္ဂလန်နိုင်ငံမှ ဘွဲ့လွန်ယူလာသော သူမ၏ အတွေးစိတ်ကူး လက်ရာ ဒီဇိုင်းများမှာ နာမည်ကြီးလှသည်။ မြင်လိုက်ရတိုင်း ရင်ဖုံးအကျင်္ ီနှင့် ချည်ချိတ်ထမီ၊ ပြည်တွင်းဖြစ် ချည်ထမီတို့ကိုသာ ဝတ်ဆင်လေ့ရှိပြီး ကတ္တီပါပုံတော်ဖိနပ်သာလျှင် စီးသော သူမသည် နိုင်ငံရပ်ခြားတွင် ပညာသင် ဘွဲ့ယူလာသည်ဟု ကျိန်ပြောရမလောက်ပင်။

သူမကို သူ စွဲလမ်းမိခြင်း အကြောင်းများထဲတွင် သူမ၏ အသံက ပထမဦးဆုံးဖြစ်လေသည်။

မဆိုစလောက်လေး ၀ဲသော သူမ၏ အသံမှာ ခပ်အက်အက် ဖြစ်ပြီး ကြားဖူးနေကျ အသံမျိုးမဟုတ်ဘဲ သူမထံ ဖုန်းဆက်ကာ အလုပ်ကိစ္စ ချိန်းသည့် အခိုက်မှာပင် သူမ၏ အသံကို သူ စွဲလမ်းခဲ့ရသည်။

လေးငုံကို သူ ချစ်သည်ဆိုတာ သေချာခဲ့ပြန်တော့ မြနှင်းသစ်ကို သူ ဇာတ်လမ်းဖြတ်ဖို့ အားလုံး စီစဉ်ခဲ့ရသည်။ အရာရာ ချောချောမွေ့မွေ့ဖြစ်လာစေရန် အကုန်လုံးကို အကွက်ချ စီစဉ်ပြီးကာမှပင် မြနှင်းသစ်က သူ ပေးသော လစာငွေကို ဒီအတိုင်း လစဉ် ရရှိနေလျက် ဘာ့ကြောင့်များ လေးငုံကို သွားတွေ့ခဲ့သည်ကို သူ မစဉ်းစားတတ်။

ဟားးးး

သူ စိတ်ညစ်ညူးစွာ ထိုင်ရာမှ ထကာ ဒီညတော့ သွားသောက်ဦးတော့မည်ဟုတွေးကာ သူငယ်ချင်းများထံ ဖုန်းဆက် ချိန်းလိုက်လေသည်။

………………………………………………………………………………………………

သူမ ကို့ ရုံးမှ ကားမောင်းကာ ပြန်လာတော့ အချိန်အတော် နောက်ကျနေလေပြီ။ အိမ်ရောက်လျှင် အငိုမျက်နှာ နှင့် အပြန် နောက်ကျသော သမီးကို စိတ်ပူပန်စွာ မေးမြန်းတော့မည့် မိဘ နှစ်ပါးကို ဘယ်လို ဆင်ခြေပေးရမည်ကို သူမ ခေါင်းထဲ အပြေးအလွှားစဉ်းစားရင်း မနက်က မိန်းကလေးကို မျက်စိထဲ ပြန်မြင်လာပြန်သည်။

အသားညိုညိုနှင့် မလတ်ဆတ်သယောင် အနည်းငယ် နွမ်းနေသည့် ပုံမှာ တစ်စုံတစ်ရာကို စိတ်ညစ်ညူးနေမှန်း သိသာလှသည်။ ဘာ့ကြောင့်များ သူမဆီကို လာသနည်းဆိုသည်ကို ဝေခွဲမရခဲေ့ပမယ့် သူမ တွက်ဆလို့ ရခဲ့သည်။ အပြင်အဆင်နှင့် အဝတ်အစားမှာ ရန်ကုန်သူ မဟုတ်မှန်းသေချာနေသည်။ သူမကို ငေးကြည့်သည့် မျက်ဝန်းများမှာ မှုန်ရီမှိုင်းနေပြီး သူမကို ကြောက်ရွံ့သည့် ဟန်လေးကြောင့် သူမ ဖေးဖေးမမ ပြောဆို ဆက်ဆံခဲ့လေသည်။ ဒီလို အဆင်အပြင်နှင့် မိန်းကလေးသည် ကို နှင့်ပတ်သက်နေသည်မှာ အနည်းငယ်တော့ အံ့သြစရာ ကောင်းလေသည်။

ကို့ကို သူမ သိပ်ချစ်ပါသည်။ ထို့အတူ ထိုမိန်းကလေးသည်လည်း ကို့ကို ချစ်ရှာလွန်းသည်ဟု သူမ မှန်းနိုင်ခဲ့ပါသည်။ သူမထံကို လိုက်လာတွေ့ဆုံခြင်းသည် သူတို့ အကြောင်းကို ပြောပြရန်ဖြစ်ပေလိမ့်မည်။ တကယ်တန်းတွင်မူ ဘာမှ မပြောသွားသော ထိုမိန်းကလေးကို သူမ စာနာ သနားမိလေသည်။

ကို…သူမကို သိပ်ချစ်မှန်းလဲ သူမ သိပေသည်။ သူမ ဘာဆက်လုပ်ရမည်နည်း။

ကိုနှင့် သူမ လွန်ခဲ့သည့်နှစ်လကပင် စေ့စပ်ကြောင်းလမ်းခဲ့သည်။စေ့စပ်ကြောင်းလမ်းပြီး ၃လအကြာတွင် လက်ထပ်မင်္ဂလာပွဲကျင်းပရန် အားလုံးစီစဉ်ပြီး ဖိတ်စာများတောင် ရနေပြီး၍ အချို့သော ဆွေမျိုးများထံ ဖိတ်စာဝေငှပြီးလေပြီ။ မင်္ဂလာပွဲကို ဖျက်ရမည်လား ..သူမတွေးလေတော့ နှစ်ဘက်မိဘများ မျက်နှာကို မြင်ယောင်မိလာသည်။ တကယ်ဆို သူမတို့ ကလေးတွေလည်း မဟုတ်ကြတော့ပါ။ စိတ်ဆတ်တတ်သော သူမသည် အခြား ကိစ္စများတွင် ယတိပြတ် ပြတ်သားသလောက် ယခု ကိစ္စတွင်မူ သူမ ကို့ကို အပြစ်လည်းမပြောရက်၊ ထားလည်း မထားခဲ့ရက်ပါ။ ကို့ကို ထားခဲ့မည်ဟု သူမ စဉ်းစားမိစဉ်တုန်းက နှစ်ဘက်လူကြီးများမျက်နှာ၊ ကို့ လုပ်ငန်းအသိုင်းအဝိုင်း၊ သူမ၏ လုပ်ငန်း အသိုင်းအဝိုင်းနှင့် သူမတို့ စေ့စပ်မင်္ဂလာအကြောင်း တခမ်းတနားဖော်ပြခဲ့လေသော ဂျာနယ်၊ မဂ္ဂဇင်းများကို သူမ မြင်ယောင်လာလေသည်။

တစ်ချိန်တည်းမှာပင် သနားဖွယ် မျက်နှာ ညိုညိုနွမ်းနွမ်းလေးနှင့် မြနှင်းသစ် ဆိုသူအားလည်း မြင်ယောင်လာပြန်သည်။

အားးးး

သူမ စိတ်ရှုပ်ထွေးစွာ နှုတ်မှ မြည်မိပြီး ခေါင်းတစ်ချက်ယမ်းလိုက်မိသည်။

တီ…….ဟူသော သူမ၏ ကားနောက်မှ ကား ဟွန်းသံကြောင့် မီးပွိုင့်မှာ မီးစိမ်းသည်ကို မထွက်သေးသော သူမ သတိပြန်ဝင်ကာ ကားမောင်းထွက်ခဲ့လေသည်။

သူမ၏ ကားထွက်သွားပြီး နောက်မှာတော့ ထိုမီးပွိုင့်လေးက မီးစိမ်းပြလျက်ပင် ကျန်ခဲ့လေမလား၊ မီးဝါ .. မီးနီ ... တမျိုးမျိုး ပြောင်းလဲ၍ ကျန်ခဲ့လေမလား ...

သူမ မစဉ်းစားမိတော့ပါလေ ... ။

ထိုင်နေချင်ရင်

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။

တောအုပ်တစ်ခုက သစ်ပင်တစ်ပင်ပေါ်မှာသိမ်းငှက်တစ်ကောင် ထိုင်နေတယ်တဲ့။ တစ်နေကုန် ဘာမှ မလုပ်ဘဲ သစ်ကိုင်းပေါ်မှာ ထိုင်နေတယ်တဲ့။

အဲဒီလို သိမ်းငှက် ထိုင်နေတုန်းမှာ သစ်ပင်အောက်ကို ယုန်ကလေးတစ်ကောင်ရောက်လာတယ်တဲ့။

ယုန်ကလေးက သစ်ပင်ပေါ်ကို မော့ကြည့်ပြီး သိမ်းငှက်ကြီးကို လှမ်းမေးလိုက်တယ်တဲ့။

ဗျိုး...ကိုသိမ်းငှက်...ခင်ဗျားဗျာ တစ်နေကုန် အဲဒီသစ်ပင်ပေါ် ထိုင်နေတာ...ကျွန်တော်ရော ခင်ဗျားလိုပဲ ဘာမှ မလုပ်ဘဲ ထိုင်နေလို့ ရမလား

လို့ မေးလိုက်တယ်တဲ့။

သိမ်းငှက်က ယုန်ကလေးကို ငုံ့ကြည့်ပြီးတော့

ရတာပေ့ါကွာ လို့ ပြန်ဖြေလိုက်သတဲ့။

အဲဒီမှာ ယုန်ကလေးက ဘာမှမလုပ်ဘဲ မြေပြင်မှာ ထိုင်နေသတဲ့ကွယ်။

အဲဒီလို ယုန်ကလေးထိုင်နေတာကို မြင်သွားတဲ့မြေခွေးတစ်ကောင်က ယုန်ကလေးဆီလာပြီးတော့ ဖမ်းဆီး စားသောက်လိုက်သတဲ့။



ကိုင်း ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဒီပုံပြင်လေးက ပေးတဲ့ သင်ခန်းစာကတော့ကွယ်

ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေချင်ရင် အမြင့်မှာ ထိုင်နေတာဖြစ်ဖို့ အရေးကြီးသတဲ့။



(အီးမေးလ်မှ ရရှိသော ပုံပြင်အား နားလည်သလို ဘာသာပြန်ဆိုပါသည်။)

မနော


အမိယုတ်တော့ နှုတ်ကြမ်း၏။ အဖယုတ်တော့ ကိုယ်ကြမ်း၏....ဆိုတဲ့လောကနီတိကျမ်းလာမြန်မာရှေးရိုးစကားကြောင့် ကျွန်မမှာ ဘာတစ်ခုပဲလုပ်ချင် လုပ်ချင် စဉ်းစား နေရပါတယ်။ ကိုယ့်ဘာသာလုပ်လိုက်ပေမယ့်လည်း ကိုယ့်မိဘ ကိုထိခိုက်မှာစိုးတာနဲ့ အနေအထိုင် ၊ အပြောအဆိုကစလို့ ဆင်ခြင်နေရပါတယ်။ ကိုယ့်ဘာသာကိုယ် လုပ်ချင်ရာလုပ် ၊ ပြောချင်ရာပြောတာကို ဘာမှမဆိုင်ဘဲ မိဘက အလကားနေရင်းကြားကနေ ယုတ်တယ် ဖြစ်သွားဦးမှာမို့ တစ်ခုခု ပြောတော့မယ် ဆိုတိုင်းလည်း စဉ်းစားပြီးမှပြောနေရပါတယ်။ 



      ကျွန်မအပေါ်ကြီးမားလှတဲ့ မိဘကျေးဇူးကို ကျွန်မပြန်လည်ဆပ်နိုင်ဖို့ဆိုတာ ဒီ

ဘဝတစ်ခုတည်းနဲ့လုံလောက်မှာမဟုတ်ပါဘူး။မိဘကျေးဇူးကိုမဆပ်နိုင်သေးတဲ့အပြင် မိဘကိုပါ အပြောခံရအောင်လုပ်မယ်ဆိုရင် ကျွန်မအင်မတန်မတရားတော့ဘုူးလေ။



        မိဘတွေရဲ့ မွေးကျေးဇူး ၊ ကျွေးကျေးဇူး နဲ့ ပြုစုစောင့်ရှောက် ပညာသင်ပေးခဲ့တဲ့ ကျေးဇူးတွေကို ကျွန်မ မဆပ်နိုင်ဘဲ မိဘတွေ အပြောခံရအောင်တော့ မလုပ်ပါဘူးလို့ ဆုံးဖြတ်မိပြီး ကျွန်မ တစ်ခုခုပြောမယ် လုပ်မယ်ရည်ရွယ်တိုင်း မိဘ နှစ်ပါးရဲ့ မျက်နှာ ကိုမြင်ပြီး ဆင်ခြင်မိပါတယ်။



      လူ့စိတ် ကိုလေ့လာတဲ့အခါမှာလည်း လူတွေဟာတစ်ခုခုကိုပြောလိုက်တာ မရည်ရွယ်ဘူးလို့ပြောလို့မရပါဘူး။ စကားတစ်ခွန်းကိုပြောလိုက်တယ်ဆိုရင် အဲဒီ စကားဟာသူ့စိတ်မှာကြိုတင်တွေးတောကြံစည်ပြီးသားမို့ပါ။ ဒေါသအလျှောက် ပြောမိတယ်။ မှားမိတယ်လို့ လူတွေဟာ ဆင်ခြေပေးတတ်ကြပေမယ့် တကယ်တန်း လူ့စိတ်သဘောမှာ တစ်ခုခုကိုပြောမယ်ဆိုတာ သူ့စိတ်မှာ နဂိုတည်းကရှိပြီးသားမို့ သူ့ပါးစပ်ကနေပြောထွက်သွားတာပါ။ ဥပမာ ဆိုရင် မင်းကဘာကောင်မို့လဲ လို့ မေးလိုက် ၊ ပြောလိုက်တဲ့ လူတစ်ယောက်ဟာ သူမေးလိုက်၊ ပြောလိုက်တဲ့ သူကို အဲလိုသူ့စိတ်ထဲမှာတွေးပြီးသားပါ။ သူကဘာကောင်မို့လဲ။ သူက ဘာမို့လို့လဲ ဆိုတာကို သူ့စိတ်မှာရှေးဦးမဆွတည်းက ကြံစည်တွေးတောမိပြီးသားမို့ သူမေးတာ ပြောတာပါ။ ရုတ်တရက်ဆိုတော့ ဒေါသအလျှောက် ပြောလိုက်မိတာပါ။ ဒေါသနဲ့ စကားတွေ မှား တာပါလို့ ဆင်ခြေ ဆင်လက်တွေ လူတွေကပေးတတ်ကြပေမယ့် ဘယ်စကား ၊ ဘယ်အရာမဆို လူ့စိတ်ကနေ ကြံစည်တွေးမိပြီးသားတွေဆိုတာ နက်နဲပြီး စိတ်ဝင်စား စရာကောင်းလွန်းလှတဲ့ သိမ်မွေ့လှတဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ လူ့စိတ် သဘော ဘာသာရပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။



     အဲဒါသူ့ ၀သီပဲလေ။ သူကဒီလိုပဲပြောတတ်တာပဲ ။ သူ့စိတ်မှာဘာမှ သဘော မရှိဘူး။  သူ့အကျင့်မို့လို့ သူဒီလိုပဲ ပြောတာ လုပ်တာလို့ လူကြီးသူမတွေက တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားမှာစိုးလို့ ဆင်ခြေတွေကြားထဲကနေ ပေးနေ တတ်ကြပါတယ်။ ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်ရင် အပြော အဆို အပြု အမူတွေဟာ လူ့စိတ်ကနေကြိုတင်မကြံစည်ထားဘဲ သူ့အလိုလိုဖြစ်မှမလာနိုင်တာပဲ။ လူကြီးတွေပြောတဲ့စကားကို ဒီနေရာမှာ ဆန့်ကျင်လိုပေမယ့် ဘာမှမပြောမိတော့ပါဘူး။ ဒါသူ့ဝသီပဲလေ ဆိုလည်း သူ့ဝသီပေပဲလို့ ထားလိုက်ရုံပဲရှိပါတော့တယ်။

အတွင်းကြေ

"မောင်က ငါ့ကို အရမ်းချစ်တာဟ"
ဇွန်းကို လက်ဖက်သုပ်ပန်းကန်ထဲ ပြန်ထားရင်း မျက်နှာလေးက
ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် နှင်းမာလာဆွေက ပြောလိုက်သည်။
"နင်..သိပ်ကံကောင်းတာပဲ"
"အေးနော်"
ထားဝတ်ရည်၏ ချီးမွမ်းစကားကို နွေးယုမြိုင်က ထောက်ခံလေသည်။
နှင်းမာလာဆွေကတော့ သူငယ်ချင်းများအလယ်မှာ မျက်နှာလေး ချီလို့။

အလှုရှင် မြတ်လေးငုံက သူတို့စားပွဲကို ရောက်လာပြီး နှင်းမာလာဆွေ၏
ဗိုက်ပေါ်ကို အသာ လက်လေးတင်ကြည့်ရင်း
"သားသားလေး ၊ မီးမီးလေး ရှိသေးဘူးလား"
ဟုမေးလေသည်။
" အေးလေ..ငါတို့အန်တီတွေ ဖြစ်ချင်လှပြီ"
ဟု ထားဝတ်ရည်က ဆိုပြန်သည်။
 "ဟယ်...အပျိုကြီးတွေ ကလေးချီချင်ရင်လည်း ကိုယ့်ဘာကိုယ်
ယောကျ်ားယူကြဟယ်...ငါ့မှာ မောင်က အိမ်မှာတောင်ရှိတဲ့ရက်က
ခပ်ရှားရှားရယ်...ခရီးမထွက်လို့ ရှိနေရင်လည်း သူ့ ရုံးနဲ့ သူ့
စီးပွားရေးအလုပ်တွေနဲ့ အားကိုမအားတာ"

နှင်းမာလာဆွေ့အပြောကိုကို မြတ်လေးငုံက
" အွန်...နင့်မောင် အိမ်မကပ်တာနဲ့ သားသားလေး၊ မီးမီးလေး မရှိတာနဲ့ ဘာဆိုင်လို့လဲ"
အူတူတူ နားမလည်ဟန်လေးလုပ်ပြီးမေးလေသည်။
"သိဘူးဟေ့...ဆိုင်တယ် ထင်တာပဲ၊ မောင်က
သူတော်ကောင်းကြီးဟဲ့...မင်္ဂလာဦးညမှာတောင် ငါ့ကို လွတ်လွတ်လပ်လပ်နေနော်ဆို
လက်ဖျားနဲ့တောင် မထိရှာဘူး"
နှင်းမာလာဆွေ၏ အပြောကို အားလုံးက ရယ်ကြလေသည်။

"မောင်ကလေ ငါ့ကို သိပ်ချစ်တာပဲ။ သိပ်ချုပ်ချယ်တာ။ အိမ်မှာလေ မောင်က
ငါ့ကို ဟိုဟာမစားရ၊ ဒီဟာမစားရနဲ့ သိပ်ချုပ်ချယ်တာပဲ။ ခုတောင် လေးငုံတို့
အလှုသွားမယ်ဆိုတာကို မတည့်တာတွေ မစားနဲ့လို့ မှာလိုက်သေးတယ်"
နှင်းမာလာဆွေက မျက်နှာလေးရှုံရင်း ညည်းပြောသလိုလေး ကြွားလိုက်သည်။
"နင့်မောင်တော်ဘုရားက ဘာလို့ လိုက်မလာတာလဲ"
ထားဝတ်ရည်၏ အမေးကို နှင်းမာလာဆွေက မျက်နှာတစ်ချက်ပျက်သွားသော်လည်း
ဟန်ဆောင်ထိန်းလိုက်ရင်း
"မိန်းမတွေကြားထဲ မလိုက်ချင်ပါဘူးတဲ့ဟယ်" ဟုပြောလေသည်။

"သူ လိုက်မလာတော့ ငါတို့ လွတ်လွတ်လပ်လပ် အတင်းတုတ်လို့ရတာပေ့ါ... ဟုတ်ဘူးလား"
မြတ်လေးငုံ၏ စကားကို အားလုံးက ရယ်မိကြလေသည်။
သက်လတ်ပိုင်း အမျိုးသမီးများ၏ စကားဝိုင်းသည် လုပ်ငန်းခွင်အကြောင်း၊
သူငယ်ချင်းများအကြောင်း၊ အမျိုးသမီးအဝတ်အထည်၊ ဖိနပ်၊ စိန်အကြောင်း၊ ကျောက်မျက်ရတနာအကြောင်းမှသည်
ကိုရီးယားဇာတ်လမ်းတွဲအကြောင်းထိ ခေါင်းစဉ် စုံလင်လှပေသည်။
မွေးနေ့အတွက် ရည်စူးကာ အရုဏ်ဆွမ်းကပ်လှုသည့် မြတ်လေးငုံ၏ အလှုသည်
နေ့လည်ချိန်ကို ကျော်လွန်ကာ ညနေစောင်းသို့ရောက်မှပင် သူငယ်ချင်းများမှာ
လူချင်းခွဲကာ ပြန်ကြဖို့ စတင် လောဆော်ဖြစ်ကြသည်။ တစ်မျိုးပြီး တစ်မျိုး
ကျွေးနေသော အိမ်ရှင်ဖြစ်သူ မြတ်လေးငုံမှာလည်း မောပန်းနွမ်းနယ်နေသော်လည်း
မျက်နှာမှာမူ စိတ်နှင့်အတူ ပြုံးပျော်ကြည်နူးနေလေသည်။

ကားပါ မလာသော နှင်းမာလာဆွေကို ခင်ပွန်းသည်ဖြစ်သူက လာကြိုမည်ဟု
ထင်ကြသော်လည်း အငှားကားဖြင့် ပြန်မည်ဆိုလာသည်။
"ဟယ်...ဘာလို့ တက်စီနဲ့ပြန်မှာတုံး။ ငါ လိုက်ပို့မယ်။ ခဏစောင့်ဦးနော်။
ငါ့ အမျိုးတွေကို အရင်ပြန်လိုက်ပို့လိုက်ဦးမယ်။ ကားက
မဆံ့လို့ဟ..နို့မို့ တစ်ခါတည်း ခေါ်သွားလို့ရတယ်"
မြတ်လေးငုံက ဆိုလေသည်။

"နေပါစေဟာ...နင်တို့ အိမ်ရှေ့ တက်စီတွေ ဖြတ်နေတာ ပေါမှပေါ။ ငါ့ဘာငါ ပြန်ပါမယ်"
"အဲဒါဆိုလည်း ငါ ကားလိုက်တား ငှားပေးမယ်"
မြတ်လေးငုံက စိတ်မချဟန်ဖြင့် နှင်းမာလာဆွေကို အငှားကားပေါ်
တင်ပေးလိုက်ပြီးနောက် ကားနံပါတ် မှတ်ထားမည်ကို နှင်းမာလာဆွေ သိလေသည်။
မောင်နှမများထဲတွင် အကြီးဆုံးဖြစ်သော မြတ်လေးငုံက သူငယ်ချင်းများ
အားလုံးထဲမှာလည်း အစစအရာရာ စိတ်ပူတတ်သဖြင့် မာမီကြီးဟု တစ်ခါတစ်ရံ
နောက်ပြောင်တတ်ကြသည်။

သူတို့တွေအားလုံး တက္ကသိုလ် ပထမနှစ်ကတည်းက သူငယ်ချင်းတွေ။ ကျောင်းပြီးလို့
လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက်
အဆက္အသြယ္မျပတ္ခဲ့။
အားလုံးထဲမှာမှ နှင်းမာလာဆွေတစ်ယောက်သာ  အသက် ၃၀ စွန်းစွန်းမှာ
အိမ်ထောင်ကျခဲ့သည်။ ကျန်သူများကတော့ အပျိုကြီးဘွဲ့ကို ခံယူထားကြဆဲ။
အငှားကားနောက်ခန်းတွင် တစ်ဦးတည်း အတွေးများဖြင့် ဒီနေ့အဖို့တော့
မောင်နှင့်ပတ်သက်ပြီး ကြွားလိုက်ရတာလေးတွေကို ကျေနပ်မိပြီး ပြုံးမိသည်။
သူတို့တွေက တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကြသော သူငယ်ချင်းများ
ဖြစ်သော်လည်း မိန်းကလေးတို့ သဘာဝ ကျောင်းကတည်းကပင် မသိမသာ
ပြိုင်ဆိုင်ကြွားဝါမှုလေးများလုပ်တတ်ကြသည်ပဲ။

"သူဝတ်တဲ့ စိန်နားကပ်က အနာပါတယ်။ ငါ့စိန်နားကပ်က အစင်"
" ငါ့စိန်က အမွေပစ္စည်းမို့ ပစ္စည်းမှန်၊ မန္တလေးကြိုက်မို့
ကြက်ဆီဝင်တဲ့အရည်နဲ့ နည်းနည်းဝါတာ"
စသည်ဖြင့် စိန်မှစကာ ဒေါက်ဖိနပ်၊ လက်ကိုင်အိတ်အဆုံး၊ နောက်ဆုံး ကိုယ့်ကို
ကြိုက်တဲ့သူကို ပြိုင်တတ်ကြသေးတာ။ အားလုံးက
ရုပ်ရည်များကြည့်ကောင်းကြသော်လည်း စံသတ်မှတ်ချက်တွေနဲ့မို့
ချစ်သူရည်းစားရယ်လို့ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ကြ။ အသီးသီး
လုပ်ငန်းခွင်တွင် အောင်မြင်နေကြသောကြောင့် စံသတ်မှတ်ချက်တွေကလည်း တရစ်ရစ်
တိုးလာလေသည်။

သို့ဖြင့် အသက်၃၀ စွန်းလာကြသောအခါတွင်မှ အိမ်ထောင်ပြုဖို့
စိတ်ကူးမိကြသောအခါ အရင်က မူထားသမျှတို့ကလည်း ဇွဲမကောင်းကြဘဲ အသီးသီး
အိမ်ထောင်ကျကုန်ကြပြီ။ ကိုယ့်ထက် ငယ်တဲ့သူကို အိမ်ထောင်ပြုဖို့ကလည်း
မမများက မဝံ့မရဲ။

သူမကတော့ ဖူးစာပါချင်တော့ ငယ်ငယ်တုန်းကတည်းက အဒေါ်၏ အိမ်နီးချင်းဖြစ်သူ
မောင်နှင့် ပြန်လည် ဆုံတွေ့ခဲ့ရသည်။ မောင်နှင့် သူ၏ အဒေါ်ဖြစ်သူကတော့
တကယ့်ဆွေမျိုးရင်းချာပမာ။ သူနှင့်လည်း ငယ်ငယ်ကတည်းက အကြောင်းသိတွေ။
မောင့်ကို အမှတ်တမဲ့ဖြင့် မေ့နေခဲ့ရာမှ အစ်ကိုဝမ်းကွဲ၏ မင်္ဂလာဆောင်တွင်
အမှတ်မထင် ပြန်လည်ဆုံဖြစ်ခဲ့သည်။ အောင်မြင်နေသော အင်ဂျင်နီယာကန်ထရိုက်တာ
တစ်ဦးဖြစ်သော မောင်သည် အသက် ၃၅ နှစ်အရွယ်ထိ အိမ်ထောင်မရှိသေး။
အသားဖြူဖြူ၊ အရပ်မြင့်မြင့်နှင့် ကြည့်ကောင်းလှသော မောင်သည် သူ့ကိုယ်သူ
ဂရုတစိုက်ရှိသည်။ သူနှင့်လိုက်ဖက်သော အဝတ်အစားကိုလည်း
ရွေးချယ်ဝတ်ဆင်တတ်သဖြင့် ချောမောပြီး ဝင်ငွေကောင်းသည့် လူပျိုကြီးဟု
မိန်းကလေးများအလယ်တွင် ရေပန်းစားနေလေတော့သည်။

 ဘာလို့ အိမ်ထောင်မပြုသေးတာလဲ ဟု အမေးစကားကို ဖူးစာရှင်နတ်သမီးလေးက
ရောက်မလာသေးလို့ ဟု ပြန်လည်ဖြေဆိုသည်ကို သူမ သဘောကျမိခဲ့သည်။
မောင့်နှုတ်ခမ်းတို့သည် ယောကျ်ားတစ်ဦး၏ နှုတ်ခမ်းနှင့်မတူလှစွာ
နီရဲရဲလေးဖြင့်တစ်မျိုးလေး ဆွဲဆောင်နေသလို။
ဆေးလိပ်မှ မသောက်တာပဲ ဟု သူမက မောင့်ကို စိတ်ထဲမှ အသာကျိတ် ချီးမွမ်းခဲ့မိသည်။
မောင့်ကို သူမက စပြီးစိတ်ဝင်စားခဲ့တာ။ မောင်နှင့်အတူတွဲသွားရတိုင်းမှာ
တခြားမိန်းကလေးတွေရဲ့ အားကျငေးမောတဲ့မျက်လုံးတွေ၊ မနာလို ဝန်တိုမှုနဲ့
မျက်နှာတွေကို သူမက အကျေနပ်ကြီး ကျေနပ်ခဲ့သည်ပဲ။
မောင်က လက်ထပ်ဖို့ တောင်းဆိုတဲ့နေ့က သူမ၏ ဘဝတွင် အပျော်ရွှင်ဆုံးနေ့ဖြစ်ခဲ့သည်။
မူဖို့တောင် မတွေးနိုင်အားဘဲ မောင့်ကိုချက်ချင်းပင် ခေါင်းညိတ်ခဲ့မိသည်။
သူငယ်ချင်းတွေအကြားတွင် မောင်သည် သူမအတွက် ကြွားစရာဖြစ်ခဲ့ပြန်သဖြင့်
သူမကိုယ် သူမ အကျေနပ်ကြီး ကျေနပ်မိပြန်သည်။
နှစ်ဘက်မိဘဆွေမျိုးများကလည်း ဝမ်းသာလှစွာ သဘောတူကြသဖြင့် သူတို့
မင်္ဂလာဆောင်သည်  ပြောစမှတ်ပြုရလောက်အောင် ပျော်စရာကောင်းခဲ့ပေသည်။
အမြို့မြို့ အနယ်နယ်အနှံ့၊ နေရာအနှံ့ မောင့်ဆောက်လုပ်ရေးလုပ်ငန်းများက
အလုပ်ရှိသဖြင့် မောင်သည် မကြာခဏ ခရီးထွက်လေ့ရှိသည်။ လက်ထပ်ပြီး
မကြာမီမှာပင် သူမကိုထားကာ စီးပွားဖက်များဖြင့် ခရီးထွက်သွားသော မောင့်ကို
သူမပါ လိုက်ချင်သည်ဟု မတောင်းဆိုဝံ့ခဲ့။ လက်ထပ်ပြီးမှပင် မောင်သည်
သူငယ်ချင်းအပေါင်းအသင်းကို အလွန်ခင်မင်တတ်ကာ သူငယ်ချင်းများကို
ဦးစားပေးလွန်းသူဖြစ်မှန်း သိခဲ့ရလေသည်။

အိုး...မောင်က သူ့ကို ချစ်လို့ မိန်းကလေးအချောအလှတွေအများကြီး
ရွေးစရာရှိတဲ့ထဲကနေ သူ့ကို လက်ထပ်ယူထားတာပဲလေ ဟု ကျေနပ်စိတ်တို့ဖြင့်
ဖြေသိမ့်မိသည်။
"အစ်မ ...ရှေ့ကလမ်းထဲ ချိုးရမှာလား"
အငှားကားမောင်းသမား၏ အမေးကြောင့်မှ သူမ စိတ်တို့ ပျံ့လွင့်နေရာမှ
ပတ်ဝန်းကျင်ကို သတိပြန်ဝင်ကာ
"အင်း..အင်း..ဟုတ်တယ်..ရှေ့ကျရင် ညာဘက်ချိုး"
ဟုဆိုလိုက်မိသည်။

.......................................................................

"မောင် ခဏ ခဏ ခုလိုပဲ အိမ်မကပ်ဘူးဆို နှင်း မေမေတို့အိမ်မှာပဲ သွားနေချင်တယ်"
"နှင်း သွားနေချင်ရင်နေလေ နှင်းရဲ့....မောင်က အပြင်ပဲ ထွက်နေရတော့
နှင်းကို ဂရုမစိုက်နိုင်အားဘူး။ နှင်း မေမေတို့ နဲ့ နေတယ်ဆို မောင်လည်း
စိတ်ချလက်ချခရီးသွားလို့ရတာပေါ့"
သူမ၏ စကားကို မောင်က ဝမ်းသာအားရ သဘောတူလေသည်။

"ဟင်...သွားဦးမှာလား...နှင်း အနားမှာနေမယ် မရှိဘူး"
နှုတ်ခမ်းစူကာ မကျေမနပ်ပြောမိသော နှင်းကို မောင်က
"မောင် အလုပ်တွေ လုပ်နေတာလေ...အိမ်မှာပဲနေလို့ ဘယ်ကနေ ပိုက်ဆံရမှာလဲ နှင်းရဲ့"
ဟုဆိုလေသည်။
အင်းလေ...ဟုတ်တာပဲ ဟု သူမ စိတ်ထဲမှာ သက်ပြင်းချမိသည်။
"မောင်က နှင်းကို မချစ်ပါဘူး။ မောင့်အလုပ်တွေနဲ့ မောင့် သူငယ်ချင်းတွေကိုပဲ ချစ်နေတာ"
သူမ၏ အပြောကို မောင်က
"ဟာကွာ ချစ်တာမှ တုန်နေအောင်ကိုချစ်တာ။ နှင်း ဘာလိုချင်လဲ ။
စျေးဝယ်ဦးမလား၊ ပိုက်ဆံလိုသေးလား" ဟုဆိုပြန်လေသည်။
"နှင်းလိုချင်တာ ပိုက်ဆံ မဟုတ်ဘူး မောင်ရေ...မောင့်ကို ..မောင့်ကို။
ခုတော့ မောင့်ကို လက်ထပ်ယူထားရပြီး လူကို မရဘူး။ မောင်ကလေ အိမ်မှာကို
မနေဘူး။ အိမ်မှာနေရင်လည်း မောင့်သူငယ်ချင်းတွေက လာခေါ်လို့
အပြင်လိုက်သွားတာနဲ့၊ ကျောင်းသားလေးတွေက စာမေးလို့ဆို ကျုရှင်ပြပေးဖို့
သွားတာနဲ့ ..နှင်းအနားမှာကို မနေဘူး ။ မောင်ကလေ အလုပ်ကိုချစ်တာ
လွန်လွန်းအားကြီးတယ်"

"နှင်းလေးဟာလေ သဝန်တိုစရာမရှိ ကြံဖန်ပြီးကို သဝန်တိုတယ်"

အဲဒီနေ့က မောင်က နှင်းအတွက်ဆို စိန်နားကပ်တစ်ရံ ဝယ်လာပေးပြန်သေးသည်။
ဒီလိုဆိုတော့လည်း မောင် အပြင်ထွက်လို့ ငွေရှာတာ နှင်းအတွက်ကြောင့်ပဲ၊
နှင်းကို ချစ်လို့ပေပဲဟု မောင့်ကို ပိုချစ်မိပြန်သည်။
မောင့်ဆီ စာလာမေးသော ကျောင်းသားလေးများကို ကော်ဖီဖျော်၊
လက်ဖက်သုပ်ပေးနှင့် နှင်းမှာ မောင့်မိတ်ဆွေများကို ကြည်ဖြူမိပြန်ရသည်။
မောင့် ကျောင်းသားလေးများကလည်း သူမကို အစ်မကြီးတစ်ဦးလိုပင်
ချစ်ခင်သည့်အတွက် မောင်က သူမအတွက် မိတ်ဆွေများကို ရရှိစေပြန်တာပါပဲ။
ဒါပေမဲ့လည်း တစ်ခါခါမှာ နှင်းနဲ့မောင် အတူရှိနေပေမဲ့ အဝေးကြီး
ဝေးကွာနေသလို နှင်းခံစားနေရတတ်ပြန်သည်။
ညနေစောင်းနေဝင်ချိန်များတွင် အိမ်တံခါးကို သော့အထပ်ထပ်ခတ်ကာ
မောင်ပြန်လာမယ့် လမ်းကိုပဲ မှန်းမျှော်မိရသည်။

နှင်းက အရွယ်ရှိသေးတဲ့ မိန်းမလေ..မောင်ရဲ့။ မောင့်မိန်းမကို တစ်ယောက်တည်း
ထား ထားသွားတာ စိတ်ချလက်ချ ရှိနေနိုင်သလား

ရင်တွင်းစကားကို ဆိုရင်းရင်ထဲမှာ နင့်ကနဲဖြစ်လာကာ မျက်ရည်တို့က ကျမိပြန်သည်။
အိပ်ရာတစ်ခုတည်းမှာ တစ်ဘက်စီလှည့်အိပ်ရင်း မောင်မသိအောင် တိတ်တိတ်
မျက်ရည်ကျနေသော နှင်းအဖြစ်ကို နှင်း ဘယ်သူ့ကိုမှ ပြန်မပြောချင်ပါ။
ဘာကြောင့် ငိုရတာလဲ လို့ မောင်ကသော်လည်းကောင်း၊ တစ်ဦးဦးကသော်လည်းကောင်း
မေးလာခဲ့ရင် နှင်းမှာ ဖြေစရာ အဖြေမရှိပါ။ ဖြေဖို့လည်း မသင့်သည်ပေပဲ။
.....................................................................

မေမေ နေမကောင်းဘူးဆိုတော့ နှင်းမှာ မေမေတို့အိမ်ကိုသွားနေဖို့ပိုသေချာသွားခဲ့ရသည်။
မောင်ကပင် နှင်းကို လိုက်ပို့ပေးခဲ့သည်။
ခုတစ်ခါတော့ နှင်းက မောင့်ကို ထားသွားရတဲ့အလှည့်မှာ အရက်မသောက်၊
ဆေးလိပ်မသောက်၊ မိန်းမ မရှုပ်ပွေသော မောင့်ကို နှင်းက
စိတ်မချဖြစ်နေပြန်သည်။
"ဘာ စိတ်မချစရာရှိလဲ...မောင်က ကလေးမှ မဟုတ်ဘဲ။ နှင်းမပါဘဲ အနယ်နယ်အရပ်ရပ်
ခရီးတွေ သွားသေးတာ"
"အင်းလေ...အဲဒါက မောင်က နှင်းကို ထားသွားတာ။ ခု နှင်းက မောင့်ကို
ထားသွားရမှာဆိုတော့ နှင်းစိတ်ထဲ တစ်မျိးပဲ"
နှင်းရဲ့ခေါင်းကို ဖွဖွထုကာ "အရူးမလေး နှင်း " ဟု မောင်က ပြုံးရယ်ဆိုပြန်သည်။
မောင်ရယ်လိုက်တိုင်း သွားတက်လေးနဲ့ သိပ်ချစ်စရာကောင်းတာ ဟု နှင်းက
မောင့်မျက်နှာကို ငေးမောရင်း မြတ်နိုးမှုတွေ ပိုခဲ့ရပြန်သည်။

.............................................................

"မိန်းမဆိုတာ လင်ယောကျ်ားကို ထားပြီး မသွားရဘူး။ ယောကျ်ားနဲ့ ငါး ဆိုတာ
ပြစ်ထားလို့ ရတဲ့အရာတွေ မဟုတ်ဘူး။ မေမေ နေမကောင်းတာ အသည်းအသန်ဖြစ်တာမှ
မဟုတ်တာပဲ။ ခု မေမေလည်း သက်သာလာပြီ...နှင်း အိမ်ပြန်ဖို့ သင့်တယ်"
ဟု မေမေရော၊ မမကြီးကပါ ဆိုသဖြင့် သူမ အိမ်ပြန်လာခဲ့ရသည်။
မောင်ကတော့ ထုံးစံအတိုင်း အိမ်မှာ ရှိမှာမှ မဟုတ်ဘဲဟု ထင်ခဲ့မိသော်လည်း
အငှားကားပေါ်မှ ဆင်းပြီးပြီးချင်းပင် အိမ်ရှေ့မှာ မောင့်ကားရော၊
မောင့်သူငယ်ချင်းကားကိုပါ တွေ့ရသည်။
အဝတ်အိတ်တစ်ဖက်နှင့် သူမမှာ လူခေါ်ခေါင်းလောင်းတီးသော်လည်း
မောင် ထွက်မလာခဲ့။
ပိုက်ဆံအိတ်ထဲမှာ အိမ်သော့အပိုအမြဲထည့်ထားတာကို သတိရမိပြီး
အိမ်တံခါးဖွင့်ဝင်လိုက်သည်။
ဟင်...ဘယ်သူမှလည်း မရှိပါလား
 အိမ်အောက်ထပ် တစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်လို့။
"မောင်ရေ...မောင်"
မောင့်ကို ခေါ်ရင်း အိမ်အပေါ်ထပ်ကို တက်သွားလိုက်သည်။
သူတို့ အိပ်ခန်းတံခါးကို ဘုလှည့်ကာ ဖွင့်အလိုက်မှာတော့
အိုး....
သူမ မမျှော်လင့်ထားသော၊ သူမ မယုံကြည်နိုင်လောက်သော မြင်ကွင်း။
ဟင်
သူမ ခေါင်းထဲ ချာချာလည်သွားသည်။ ချက်ချင်းပင် လှည့်ထွက်ကာ လှေကားမှ
ပြေးဆင်းလာမိသည်။
နှင်း...နှင်း
နောက်မှ မောင့်ခေါ်သံကို ကြားရသည်။
မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ ပြေးထွက်လာသော သူမ ဘယ်လို ဘယ်ပုံ
ကားလမ်းဘက်ဆီကို ရောက်လာသည် မသိတော့။
"မောင်..မောင်...ဒါကြောင့်...ဒါကြောင့် နှင်းထက်ပိုပြီး သူ့
သူငယ်ချင်းတွေ၊ ကျောင်းသားလေးတွေကို
ချစ်တာကိုး...ရက်စက်လိုက်တာ...မောင်..ရက်စက်လိုက်တာ...နှင်း ရှက်လိုက်တာ
မောင်ရယ်..နှင်း ရှက်တယ်"
သူမ ရင်ထဲ ဗြောင်းဆန်နေပြီး ဘာကိုမှလည်း မမြင်တော့သလို။
ဒုန်း
အိုး
ဟယ်....ကားတိုက်ပြီ။
..........................................................................

"နှင်း...နှင်း...နှင်းရေ...နှင်း"
သူမကို ပွေ့ချီထားတဲ့ အသိခံစားမှုမျိုးကို သိလိုက်သည်။
မောင် သူမကို ခေါ်နေတာပါလား။
သူမ အားယူကာ မျက်လုံးဖွင့်ကြည့်တော့ မောင်ရယ်လေ...
မောင် နှင်းကို ပွေ့ထားရင်း မျက်ရည်တွေလည်း စီးကျလို့။

"နှင်းရေ...နှင်း...နှင်း ..ဆောရီးပါ နှင်းရယ်... ဆောရီး... ဆောရီးပါ နှင်းရယ်... မောင့်ကို ခွင့်လွှတ်ပါ... အို... မောင့်ကို ခွင့်မလွှတ်ပါနဲ့ နှင်းရယ်... မောင့်ကို ခွင့်မလွှတ်ပါနဲ့... မောင့်ကို ခွင့်မလွှတ်ပါနဲ့.."

မောင့်အသံက ကျယ်လောင် အက်ကွဲလာလို့ အလန့်တကြား မော်ကြည့်လိုက်မိသည်။ မောင့်နှုတ်ခမ်းနီရဲရဲလေးများကိုသာ မြင်နေရသည်။
အဲဒီ နှုတ်ခမ်းလေးတွေပေါ့... နှင်း သိပ်ချစ်ခဲ့ဖူးတာလေ...
မောင့်မျက်နှာက တဖြည်းဖြည်းဝေဝါးလာပြီး မောင့်နှုတ်ခမ်းနီနီရဲရဲလေးတွေက နီစွေးသွားခဲ့လေသည်။

(ဟနစံ)

သင်္ကြန်၏ နောက်ဆုံး

“အမေ့ချွေးမ ပျောက်လို့ရှာ တွေ့ပြီ ...တွေ့ပြီ...သူပဲ...သူပဲ”

“တိုက်ကြီးပေါ်က အပျိုတွေ တို့ကိုလိုချင် ဒိုင်ဗင်ထိုးချ”

“အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး အီကြာကွေး”

လည်ချောင်းတွေနာလောက်အောင် ရေကစား မဏ္ဍပ်တစ်ခုရှေ့ရောက်တိုင်း အော်ရတာ အသံတွေပြာနေပေမယ့် အနောက်ရန်ကင်းဘက် ရောက်လာတော့ တိုက်ဝရန်တာတွေကနေ ရပ်ကြည့်နေကြတဲ့ ရန်ကင်းသူလေးတွေကို မြင်ရတော့လည်း ရေပက်ခံကားပေါ်ကနေ မအော်ဘဲ၊ မနောက်ဘဲ မနေနိုင်ပြန်။

“ဟေးးးး အဝါလေးကွ..အနီလေး ကိုကို့ချစ်ချစ် အနီလေး”

စက်မှု(၁) လမ်းမပေါ်က ရေကစားမဏ္ဍပ်တစ်ခု ရှေ့နားအရောက် သူတို့တွေ ပိုပျော်သွားသည်။ နွေပိတောက်ဟု အမည်ပေးထားသော ထိုမဏ္ဍပ်တွင် မိန်းကလေးဦးရေသာ များသည်။ ရေပက်ခံကားတွေကို ကားတွေကို ထွက်တားသော ကောင်လေး ၂ ယောက်ကလွဲလို့ မဏ္ဍပ်တစ်ခုလုံး မိန်းကလေးတွေချည်း။

“ရန်ကင်းသူလေးတွေ ချောတယ် လှတယ် ပူအိုက်လှတဲ့ ဌာနေဝယ်”

သူတို့ သူငယ်ချင်းတစ်သိုက် ရေပက်ခံကားပေါ်ကနေ မဏ္ဍပ်ပေါ်မှ အပျိုမလေးများ ရေပိုက်ကိုယ်စီနှင့် သူတို့ကို အငြိုးတကြီးရေပိုက်နဲ့ထိုးနေတာကို ကခုန် မြူးတူးခံယူရင်း မခံချင်အောင် စနောက်နေကြသည်။ နောက်ကကား မပါလာသဖြင့် ထိုမဏ္ဍပ်ရှေ့မှာ အတော်ကြာရပ်ပြီး ရန်ကင်းသူ အချောအလှလေးများ၏ ရေစိုနေသော အလှများကို ကောင်းကောင်း ရှုစားရင်း နောက်ပြောင်နေမိကြသည်။

ဟာ...
ဟု သူ့နှုတ်မှ ထွက်သွားလောက်အောင် လှသည့် နတ်မိမယ်လေး တစ်ပါးကို မဏ္ဍပ်ထောင့်မှာ မြင်လိုက်ရသည်။
အနက်ရောင် အကျင်္ီနှင့်အနက်ရောင်မှာ အဖြူပွင့်နုပ်နုပ်လေးတွေ အဆင်နှင့် ထမီကို ဝတ်ထားသော အလှမှာ ဂျင်းဘောင်းဘီ၊ တီရှပ်တို့ရေစိုနေသော အလှထက် တမူ ထူးခြားနေလေသည်။ ရေစိုနေသော အနက်ရောင်က သူမ၏ ပန်းနုရောင်ဘက်ပြေးသော အသားဖြူဖြူနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ သူမက ထင်ထင်ရှားရှား ပေါ်လွင်နေသလို။
သူ ကားပေါ်မှ ခုန်ဆင်းကာ မဏ္ဍပ်ဘေးမှ ရေစည်ပိုင်းပြတ်မှ ရေတစ်ခွက် ခပ်ယူပြီး ထိုဘလက်ခ်အိန်ဂျယ်လေးဆီ အပြေးလှမ်းသွားလိုက်သည်။

“ရေလောင်းမယ်နော် ...မမ”
သူ့ကို မော့ကြည့်သော မျက်နှာလေးမှာ ပြုံးယောင်ယောင်နှင့် ခေါင်းညိတ်ပြလေသည်။

“မမ လှတယ်ဗျာ။ နောက်နေ့လည်း ကျွန်တော် လာခဲ့ဦးမယ်။ မမ ဒီမှာ ရှိနေနော်”

သူ့စကားကို ထိုနတ်မိမယ်လေး အသံမထွက်ဘဲ ရယ်လေသည်။ ရယ်လိုက်တဲ့ မျက်နှာလေးက ပိုပြီး လတ်ဆတ်သွား သလို။ သူမ၏ မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်တဲ့ သူ့စကားတွေကို သာမန်မျှသာ သဘောထားပုံနှင့် ဘာအရိပ်အယောင်မှ ဖြတ်သန်းသွားခြင်း မရှိသော သူမ၏ မျက်နှာလေးကို သူ မကျေနပ်သလို ဖြစ်သွားမိသည်။
“ဟိတ်ကောင်...အောင်ကျော်...သိပ်ဖွန်မနေနဲ့ လာ တက် တက် ... သွားမယ်”

အော်ခေါ်နေသော သူ့သူငယ်ချင်းတွေကို လက်လှမ်းပြပြီး “မမ မနက်ဖြန်လည်း ဒီမှာ စောင့်နေနော်” ဟု သူပြောလိုက်တော့ ပိုပြီး ရယ်ပါလေသည်။

“တာ့တာ ...မမ ဘလက္ခ္အိန္ဂ်ယ္”

“နောင်နေ့ကိုလည်း လာပါမယ် မောင်ကြီးလာပါမယ်”
သူ ကားပေါ်ကို အပြေးလှမ်းတက်ကာ မဏ္ဍပ်ပေါ်က အပျိုမလေးများကို အော်နောက်ပြီး ကားထွက်လာခဲ့သည်။

ထိုညနေစောင်း အိမ်အပြန်မှာတော့ သူတို့တွေ အတော်လေးကို ပင်ပန်းနေကြတော့သည်။ အတုံးအရုံး အိပ်ပျော်ကုန်ကြသော သူငယ်ချင်းများကို ကျော်ခွကာ ဂီတာယူပြီး ၀ရန်တာကို ထွက်လာသည်။

~~ဒီကောင်ချစ်တာ ရင်ထဲက သိလား~~

“ဟိတ်ကောင် ...ငှက်ဆိုးထိုးသံနဲ့ ဆိုမနေနဲ့ကွ။ အိပ်ပျက်တယ်” ဟု နောင်နောင် ထအော်တော့ သူ ပိုလို့ အသံကျယ်ကာ သီချင်းအော်ဆိုတော့သည်။ အဲဒီညက အနက်ရောင် နတ်သမီးလေးက အိပ်မက်ထဲ ရောက်လာသည်။ အိပ်မက်ထဲမှာ သူက အနက်ရောင် နတ်သမီးလေးကို ပိတောက်ပန်းတွေ ပေးသည်တဲ့။

အကြတ်နေ့ မနက်ခင်း အိပ်ရာနိုးလာတော့ သူ့ အိပ်မက်ကို သူ သဘောကျကာ တပြုံးပြံုး ဖြစ်နေမိသည်။

“ဟာ...အောင်ကျော်...သူငယ်ချင်း... စိတ်ထိန်းပါကွာ”

ထမင်းစားခန်းထဲမှာ ကော်ဖီဖျော်နေသော စိုးထွဋ်က သူ့ကိုမြင်တော့ အလန့်တကြား ထအော်သည်။

“ဘာတုန်းကွ” ဟု သူ မျက်မှောင်ကုပ်ကာမေးလိုက်တော့

“မသိဘူးလေကွာ...မင်းမျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်နေလို့” ဟု စိုးထွဋ်က ဆိုသည်။

“ဒီနေ့ စောစောထွက်ရအောင် ဟိတ်ကောင်တွေ အနောက်ရန်ကင်းဘက်ကို အရင်သွားမယ်ကွာ”

“~~ေရာဂါ~~ေရာဂါ~~”

သိန်းထိုက်က ကော်ဖီသောက်နေရင်း ထ အော်သည်။

သူကတော့သူ့ဗိုက်ထဲမှာ ပျား၃ ကောင်လောက် တဝီဝီ ပျံနေသလို ခံစားရပြီး ပိတောက်ပန်း ဘယ်နားက ရမလဲ ဟု တွေးနေမိသည်။ အိပ်မက်ထဲကအတိုင်း ဘလက်ခ်အိန်ဂျယ်လေးကို ပိတောက်ပန်း ပေးချင်သည်။ ဒီနေ့ မဏ္ဍပ်မှာ ရှိမှ ရှိနေပါ့မလား ဟု တွေးပူလိုက်မိသည်။
.......... .......... ............ ............

“မောင်ကြီး လာပါပြီ လာပါပြီ ...”
“အချစ်ရေ ကိုယ်လာပြီ”

နွေပိတောက် မဏ္ဍပ်နားရောက်တော့ သူငယ်ချင်းတွေ အသံတွေပိုကျယ်လာကြတော့သည်။


အိန်ဂျယ်လေး ဘယ်မှာလဲ။ သူ မဏ္ဍပ်တစ်ခုလုံးကို မျက်စိကစားကာ ဟိုဟိုသည်သည်လျှောက်ရှာကြည့်မိသည်။ တွေ့ပါပြီ။ ဒီနေ့တော့ အဝါရောင် အိန်ဂျယ်လေးကိုး။
ပိတောက်ခြောက်ရောင် အခံမှာ အဝါနုရောင် အပွင့်လေးတွေအဆင်နှင့်ထမီ၊ အကျင်္ ီအဝါရောင်ကို ဝတ်ထားသော သူမထံ အပြေးလှမ်းသွားမိသည်။ လက်ထဲမှ နိုင်ငံခြားဘာသာ တက္ကသိုလ်ရှေ့က ခူးလာခဲ့သော ငုပန်းဝါဝါတစ်ခက်ကို သူမလေးကို လှမ်းပေးလိုက်သည်။

“ပိတောက်တွေတော့ မရှိဘူး ...မမဝါ။ ငုတွေပဲ ပန်ပါနော်”

သူ့ကိုမော့ကြည့်ပြီး သူမကရယ်နေသည်။ သူအတင်းဇွတ် ပေးတော့ ငုပန်းခက်ကို သူမ လှမ်းယူလိုက်လေသည်။

မျက်လုံးတွေပါရယ်တတ်တဲ့ သူမ ရယ်ဟန်လေးကို ငေးကြည့်ပြီး ရေလောင်းဖို့ သတိရကာ အနားမှ ချာတိတ်ကလေး တစ်ယောက်ဆီက ရေခွက်ကို လှမ်းတောင်းယူကာ ကလေးတချို့ ဆော့နေသည့် ရေပုံးထဲမှ ရေကို ခပ်ယူကာ လောင်းလိုက်သည်။ တင်ပါးထိ ရှည်သည့် ဆံပင်ရှည်တွေကို နဖူးပြောင်သိမ်းကာ အနောက်ဘက်မှာ စုချထားပုံက မဟာဆန်လွန်းလှပြီး မျက်နှာလေးမှာ ကြည်လင်နေသည့် သူ့ရဲ့ အဝါရောင်နတ်သမီးလေးမှာ သူ ပြောသမျှကို အမြဲ ရယ်သာ ရယ်နေသည်။

“ရယ်ပဲရယ်နေတာဗျာ...မမ နာမည် ဘယ်လိုခေါ်သလဲ”

သူမ ရယ်ပြန်သည်။

“သြော်...မမက ခုမှ သွားပေါက်ချင်လို့လား...ပြောပါဗျာ..မမနာမည် ပြောပြ”

သူမက ဘာမှ မပြောဘဲ ရယ်နေပြန်သည်။

“အောင်ကျော် ငဖွန် လစ်မယ်”

သူ့သူငယ်ချင်းတွေကို လက်လှမ်းပြကာ “ခဏလေး” ဟု သူအော်ပြောလိုက်သည်။

“မမ ပြော...မမ နာမည်ဘယ်သူလဲ ...မပြောရင် ကျွန်တော် မပြန်တော့ဘူး”

သူမ ရယ်ပြီး “ထွေးညို” ဟုပြောလေသည်။ တကယ့်နာမည်မဟုတ်မှန်း သူသိသော်လည်း မေးချိန် မရတော့။ သူငယ်ချင်းတွေက ကားပေါ်ကနေ တကျီကျီ အော်နေကြပြီ။

သူ ကားပေါ် အပြေးပြန်တက်ပြီး အဝါရောင် အိန်ဂျယ်လေးကို လက်လှမ်းပြကာ “မမထွေးညိုရေ ...မနက်ဖြန်ကျရင်လည်း စောင့်နေနော်” ဟုလှမ်းအော်ပြောခဲ့လေသည်။

.......... .......... ............ ............

အတက်နေ့မို့ သူတို့တွေ ပိုလို့ တက်ကြွကာ ပိုလို့ သောက်မိ၊ နောက်ပြောင်မိကြသည်။

စက်မှု (၁) လမ်းကို ကားအကွေ့မှာ ရင်က လှိုက်ကနဲ ဖြစ်သွားသည်။ အိန်ဂျယ်လေးကို တွေ့ရတော့မည်။
မဏ္ဍပ်ရှေ့ကားရပ်သည်နှင့် သူ ကားပေါ်က ခုန်ဆင်းကာ မဏ္ဍပ်ဘေး လှေကားကနေ မဏ္ဍပ်ပေါ်မှာ အရင်နေ့ကလို ရှာတော့ မတွေ့။ စိတ်ထဲ ပြာသွားကာ အိန်ဂျယ်လေး ဘယ်မှာလဲ ဟု စိုးထိတ်ကာ ရှာဖွေမိသည်။ တွေ့ပါပြီ။ မဏ္ဍပ်အနောက်ဘက်မှာ ၇ နှစ်အရွယ် ကလေးလေးတစ်ယောက်ကို ဂျင်းဘောင်းဘီ ဝတ်ပေးနေသော ခရမ်းရင့်ရောင် အိန်ဂျယ်လေး။ ကလေးလေးမှာ လက်ထဲမှာ ရေပြွတ်နှင့် မဏ္ဍပ်ဆီကို လှမ်း လှမ်းကြည့်ကာ ကစားချင်စိတ်က မျက်နှာမှာ အထင်းသား။ ကလေးလေးကို အိန်ဂျယ်လေးက ဘောင်းဘီ ဝတ်ပေးပြီးသွားတော့ ကလေးက ပြေးထွက်သွားတော့သည်။
“သားသား...လမ်းမပေါ် မထွက်နဲ့နော်”

သူမ လှမ်းအော်ပြောသည့် အသံလေးမှာ ချိုမြကြည်လင်နေသည်ဟု သူ့စိတ်ထဲ နှစ်သက်မိသလို ဖြစ်မိတုန်းမှာ

“ဟုတ္ကဲ့...ေမေမ”

ဆိုသည့် ချာတိတ်လေး ပြန်ပြောသည့် စကားကို ကြားတော့ သူ ဟိုက်ကနဲ ပြာဝေသွားသည်။

အနားကိုရောက်နေပြီးသော သူ့ကို မြင်တော့ သူမ က မှတ်မိသလို ပြုံးရယ်ပြလေသည်။

“မမ...အဲဒီ ကလေးလေးက”

သူ သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။

“ကိုယ့်သား အကြီးလေးလေ...ဟိုရေစည်မှာ ဆော့နေတာ ပန်းရောင်လေးနဲ့က သမီးငယ်လေ”

သူမ ပြသည့် ဘက်ကို ကြည့်လိုက်တော့ ရေစည်ပိုင်းပြတ်မှာ ရေခပ်ကာ ဆော့နေကြသော ကလေးတွေထဲမှ ပန်းရောင်ဂါဝန်လေးနှင့် မူကြိုအရွယ်ကလေးမလေး။

ဟိုက် ...သေပြီ ဆရာ။

ဘယ်လိုခံစားချက်တွေ ဖြစ်သွားမှန်း သူ မသိလိုက်။
ရောပြွန်းနေသော ခံစားချက်များဟု ခေါင်းစဉ်တပ်ရမည် ဖြစ်သော ခံစားချက်ပေါင်းစုံ။

သူ့မျက်နှာ ဘယ်လိုရှိနေမလဲ သူမသိ။ သူမကတော့ ရေကစားနေသော ကလေးတွေဆီ လှမ်း လှမ်းကြည့်နေသည်။
သူ ကားဆီကို ဘယ်လို လှမ်းပြီး ဘယ်လိုရောက်လာသလဲ မမှတ်မိ။
ကားဘယ်အချိန်က ထွက်ပြီး ဘယ်တွေ ရောက်လာလဲ သတိမထားမိတော့ဘဲ ...
“သွားပြီကွာ ...အပွဲပွဲ နွှဲလာသမျှ” ဟု ရင်ထဲမှာ အော်ဟစ်ရင်း သင်္ကြန်အတက်နေ့ကုန်လွန်ကာ သင်္ကြန်ပြီးဆုံးသွားခဲ့လေသည်။

လေယာဉ်ထဲမှာ

ရန်ကုန်မြို့ကို ချောချောမောမောရောက်ရှိလာပါပြီ။ အခြားခရီးများကိုသွားခဲ့တုန်းက လေယာဉ်မယ်လေးတွေချောတယ်၊ ဘိုးရင်းဂျက်လေယာဉ်ကြီးမောင်းတဲ့ လေယာဉ်မှုးလေးက ငယ်ငယ်လေး စတာတွေလောက်ပဲ ပြောစရာ ကျန်ရှိပေမဲ့ ရန်ကုန်ကို ပြန်လာတဲ့ခရီးစဉ်ကတော့ ပြောစရာတွေ၊ စိတ်ထဲမှာ မှတ်မိနေစရာတွေ ကျန်ရစ်ခဲ့တယ်။

ချောချောမောမောရောက်ရှိလာတယ်ဆိုတာက လမ်းခရီးမှာ ကွာလာလမ်ပူ Transist flight ဖြစ်ပြီး Check through ဖြစ်တာကြောင့် check in တစ်ခါတည်းဝင်ပြီး အိတ်၊ အထုပ်အပိုးတွေ ဘာကိုမှ စိတ်မပူရတော့ဘဲ စိတ်အေးလက်အေးရှိတာပါ။
 ကွာလမ်လမ်ပူကို အသွားလေယာဉ်ခရီးစဉ် ကနံနက် ၆ နာရီ ၂၀ မိနစ် ထွက်တာကြောင့် အိမ်ကနေ နံနက် ၄နာရီခွဲထွက်ဖို့ နံနက် ၃ နာရီတည်းက အိပ်ရာထ ပြင်ဆင် ၊ အလှပြင် ထွက်လာခဲ့တာ ကွာလာလမ်ပူကိုရောက်၊ ရန်ကုန်ကို သွားမယ့် လေယာဉ်ခရီးစဉ်အတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာကို တစ်ခါပြန်ဝင် ရပါတယ်။ boarding gate ကိုမဝင်ခင် Xray ဖြတ်တော့ လက်ဆွဲသယ်လာတဲ့ ကျောပိုးအိတ်၊ ကွန်ပျူတာ laptop နဲ့ လက်ကိုင်အိတ်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းမှန်သမျှ အကုန်ဖြတ်ပြီးတော့ လုံခြုံရေးရဲမေက ကျောပိုးအိတ်ထဲမှာ အသွားချွန်တဲ့သတ္တုပစ္စည်းပါတယ်။ ဖွင့်ပေးပါဆိုတော့ စဉ်းစားတာ ဘာပါလိမ့်ပေ့ါ။ ကျောပိုးအိတ်ကိုဇစ်လည်းဖွင့်ရော စီလွန်ချည်လုံးက ထွက်ကျလာမှ သတိရသွားတယ်။ သိုးမွေးထိုးအပ် တစ်ချောင်းထိုး crochet အပ်နဲ့ ချည်လုံးတွေကို လွယ်လွယ်ကျောပိုးအိတ်ထဲ ထည့်သိမ်းလိုက်မိတာ။ တစ်ချောင်းထိုးအပ်ထည့်ထားတဲ့အိတ်ထဲမှာ အပ်ချုပ်အပ်ဗူး၊ အပ်ချည်လုံး၊ ပေကြိုးစတာတွေ တွေ့တော့မှ ရဲမေ ရယ်တော့တယ်။  ရပါပြီဆိုတော့ ကျေးဇူးတင်ကြောင်း ပြောပြီး boarding gate မှာ ခေါ်မယ့်အချိန်ထိုင်စောင့်နေတော့တယ်။ သတိထားမိတာ ဥရောပစုံတွဲတစ်တွဲကလွဲလို့ ခရီးသည်အကုန်လုံးနီးပါး မြန်မာလူမျိုးတွေချည်းပါပဲ။

လေယာဉ်ထဲရောက်တော့ နေရာက ပြတင်းပေါက်ခုံဆိုတော့အတွင်းဆုံးမှာထိုင်ပြီး ခရီးသည်တွေအကုန်နေရာထိုင်ပြီးအတော်လေးကြာတော့မှ ဘေးက ၂ခုံကို သားအမိလို့ထင်ရတဲ့ အိန္ဒိယလူမျိုးနှစ်ဦးရောက်လာပါတယ်။ ဘေးကပ်လျက်မှာ ဆာရီဝတ်ထားတဲ့ အဒေါ်ကြီးဝင်ထိုင်တော့ မျက်လုံးချင်းဆုံမိလို့ ပြုံးပြလိုက်ပါတယ်။ အဒေါ်ကြီးဆီက ပြင်းပြင်းစူးစူးရေမွှေးနံ့နဲ့ ခေါင်းမှာပန်ထားတဲ့ ဇွန်ပန်းနံ့တွေကို ခရီးတလျှောက် အချိန် ၂နာရီ ၄၅ မိနစ်ကြာ ဒုက္ခခံရဦးမှာကို စိတ်မသက်မသာ ဖြစ်မိလိုက်ရတယ်။ ဇွန်ပန်းနံ့နဲ့ ယုဇနပန်းနံ့ကို ဘယ်လိုမှ မခံနိုင်လောက်အောင် ခေါင်းကိုက်တတ်တာ။ ဘေးခုံကအဒေါ်ကြီးက လက်ထဲမှာ ကွမ်းယာဗူးနဲ့ ကွမ်းယာလည်း ဝါးနေတာတွေ့တယ်။ ကြွပ်ကြွပ်အိတ်အထုပ်သေးသေးပေါင်း ဗြုတ်စဗျင်းတောင်းကို ခြေထောက်အောက် ကြမ်းပြင်မှာ ချထားတယ်။ သူ့အဖော် ဦးလေးကြီးနဲ့ အိန္ဒိယဘာသာစကားနဲ့ပြောနေကြတာ တကယ့်ကို နားမခံသာနိုင်စရာ။ ကွမ်းစားထားတဲ့ သွားနီနီတွေနဲ့ ပြံုးပြပြီး လူကို ခေါင်းကနေ ခြေထောက်ထိ ထိုင်ကြည့်နေတာနဲ့ စိတ်ကညစ်လာတယ်။ ဟုတ်တယ်လေ…အဲလို ထိုင်ကြည့်နေရလောက်အောင် လှတဲ့သူမဟုတ်မှန်း ကိုယ့်ဘာကိုယ် သိတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီခရီးဆုံးရင် ချစ်တဲ့အမိမြေကို ပြန်မြင်ရမယ်ဆိုတဲ့ ပျော်စရာစိတ်အတွေးနဲ့ မျက်စိမှိတ်လို့ တရားမှတ် ငိုက်လာလိုက်တယ်။

ကဏှာမငြိမ်ဘူးဆိုတဲ့ စကားကဘေးခုံက အဒေါ်ကြီးကို ရည်ညွှန်း ထားရှိခဲ့လေသလားပဲ။ ထိုင်ခုံခါးပတ်ဖြုတ်လိုက် ထလိုက်၊ ထိုင်လိုက်၊ သူ့ဘေးက ဦးလေးကြီးကိုကျော်ပြီး အလယ်လမ်းကြား တစ်ဘက်ခုံက သူတို့နဲ့ မျိုးတူ ဦးလေးကြီးတစ်ယောက်ကို သူတို့ဘာသာစကားနဲ့ပြောလိုက် နဲ့။ လေယာဉ်မယ်က နေ့လည်စာ ဘာစားမလဲလာမေးတော့မှ မျက်စိဖွင့်လိုက်မိတယ်။ ထမင်းနဲ့ ကြက်သားချိုချဉ်၊ ကြက်သားခေါက်ဆွဲနဲ့ အသီးအရွက်၊ အုန်းထမင်းနဲ့ ကြက်သား တစ်ခုခုရွေးဖို့ လာမေးတော့ ခေါက်ဆွဲစားမယ်လို့ ပြောလိုက်တယ်။ ဘေးက အဒေါ်ကြီးကတော့ စားနေပြီ။ ကိုယ် အိပ်ပျော်နေတယ်ထင်ပြီး လေယာဉ်မယ်ကလည်း ကိုယ့်ကို နောက်ဆုံးမှ လာမေးတာ။ အဒေါ်ကြီးဘေးခုံက လူကိုတော့မတွေ့ဘူး။ အိမ်သာတွေဘာတွေ သွားနေတာနေမယ်။ အဒေါ်ကြီးစားနေတုန်း တစ်ဝက်လောက်မှာ သူ့ဘေးက ဦးလေးကြီး ပြန်ရောက်လာပြီး နေ့လည်စာဗူးထဲက အချိုပွဲ သီးစုံကိတ်၊ ချော့ကလက်တို့ကို ယူပြီး ခြေထောက်အောက်မှာ ချထားတဲ့ ပီနန်အိတ်ထဲကို ထည့်တယ်။ လုပ်နေတာတွေကို ပျာယာပျာယာ ဟိုကြည့် ဒီကြည့်နဲ့။ အဒေါ်ကြီးစားနေတဲ့ နေ့လည်စာဗူးကို ဆွဲယူပြီး ကြမ်းပေါ်ကိုအတည့်လိုက်လေး ချလိုက်တယ်။ အဒေါ်ကြီးက သူတို့ ဘာသာစကားနဲ့ ဝူးဝူးဝါးဝါးပြောတယ်။ ဟိုလူကလည်း ဘာတွေလဲမသိ ပြန်ပြောတယ်။ ခဏနေတော့ လေယာဉ်မောင်ရောက်လာပြီး နေ့လည်စာဗူးက အောက်ပြုတ်ကျသွားတာလားဆိုပြီး အသစ်ယူလာပေးမယ်ဆိုပြီး ဘာနဲ့စားမလဲ မေးပြန်တယ်။ ကိုယ်စားနေတဲ့ ခေါက်ဆွဲဗူးကို ကြည့်ပြီး အဒေါ်ကြီးက “နူဒယ် နူဒယ်” လို့ ပြောတယ်။ အအေးဘာသောက်မလဲဆိုတော့ ကုတ်၊  ဆဲဗင်းအပ် နဲ့ တစ်ယောက်တည်းကို ရှုပ်နေတော့တာပဲ။ သူ့ကို ပေးတဲ့ နေ့လည်စာဗူးထဲက မုန့်တွေကို ခြေထောက်အောက်က အိတ်ထဲကို ထိုးထည့်နေပြန်တယ်။ ကိုယ့်ကိုလေယာဉ်မောင်ကလှမ်းမေးတော့ရေငတ်တာနဲ့ ရေပဲတောင်းလိုက်တယ်။ လေယာဉ်မောင်၊ လေယာဉ်မယ်တွေ အနားကထွက်သွားတော့ အဒေါ်ကြီးက ခုနက အောက်ကို ချထားတဲ့ စားလက်စ ထမင်းဗူးကို ပြန်ကောက်ယူပြီး အိတ်ထဲ ထည့်သိမ်းပြန်တယ်။ ကိုယ်ကတော့ နေ့လည်စာဗူးမှာပါတဲ့ လိမ္မော်ရည်ရယ် ၊ တောင်းသောက်ထားတဲ့ရေရယ်နဲ့ အိမ်သာကို ထသွားချင်ရင်တောင်မှ အောင့်ထားလိုက်တော့မယ်လို့ စိတ်ကူးလိုက်တယ်။ လွယ်ထားတဲ့အိတ်ကလည်း ကြီးကြီးမားမားနဲ့ လေးလည်းလေးတာကြောင့် အရင် flight မှာ အိတ်ကို ထားပြီး အိမ်သာ ထသွားပေမဲ့ ဒီflight မှာတော့ ဘေးကအဒေါ်ကြီး လုပ်ရပ်တွေကြောင့် စိတ်မချဖြစ်နေမိတယ်။

အဒေါ်ကြီး ထမင်းစားပြီးတော့ ဗူးအခွံတွေကို ကိုင်ပြီး ကိုယ့်ဘက်ကို တွန်းပေးတော့ အစားနှေးတဲ့ ကိုယ်က ခေါက်ဆွဲတွေ ဝါးနေတုန်းမို့ ကိုယ်က မျက်ခုံးပင့်ပြီး ဘာလဲဆိုတဲ့သဘောမျိုးလုပ်ပြလိုက်တော့ ဗူးခွံတွေကို လွှင့်ပစ်မယ့် ပုံမျိုးလုပ်ပြတယ်…ကိုယ့်ဘေးက ပြတင်းပေါက်ကို ဖွင့် ဆိုတဲ့ပုံမျိုးလုပ်ပြပြီး သူတို့ ဘာသာစကားနဲ့ပြောတယ်။ ကိုယ်လည်း air hostess will come and collect it , do not worry. လို့ပြောလိုက်တယ်။ အဒေါ်ကြီးက ဇွတ်ပုံစံကြီးရယ်။ လေယာဉ်မယ်က အဒေါ်ကြီးအမှိုက်တွေ လာသိမ်းသွားပြီးတော့ ကိုယ်ကလည်း ခေါက်ဆွဲစားပြီးသွားတယ်။ တစ်ထိုင်တည်း အများကြီး မစားနိုင်တဲ့ ကိုယ်က အချိုပွဲကမုန့်တွေစားဖို့ ဗိုက်မဆံ့တော့တာနဲ့ နောက်မှ စားမယ်ဆို စိတ်ကူးလိုက်တယ်။ အဲဒါကို အဒေါ်ကြီးက ကိုယ့်လက်မောင်းကိုတို့ပြီး မုန့်တွေကို လက်ညှိုးထိုးပြတယ်။ သူ့ကိုပေးပါဆိုတဲ့ ပုံမျိုးလုပ်ပြတော့ ကိုယ်က တကယ်တမ်း စေတနာနည်းသူ မဟုတ်ပေမဲ့ ဒီအဒေါ်ကြီးလုပ်ရပ်တွေကို မြင်ထားတာကြောင့် သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး
No! This is mine ! လို့ပြောလိုက်တယ်။ ကိုယ်လည်း ဗိုက်မဆံ့တော့ မဆာတော့တာကို အတင်းဇွတ်ဖျစ်ညှစ်ပြီး ကိတ်မုန့်နဲ့ချော့ကလက်ကို စားပစ်လိုက်တယ်။
စားပြီးတော့ ကိုယ်က မျက်စိ ပြန်မှိတ်လိုက်တယ်။ အဒေါ်ကြီးနဲ့ မျက်လုံးချင်းဆုံရင် သူက စကားပြောချင်ပုံပေါ်နေတာနဲ့။ အဒေါ်ကြီးက အလယ်လမ်းကြားတစ်ဘက်က သူတို့မိတ်ဆွေဘေးက ထိုင်ခုံကလူကို မြန်မာဘာသာနဲ့
သားက ရန်ကုန် ဘယ်မှာနေတာလဲလို့ လှမ်းမေးတာ ကြားတယ်။ ဒီအဒေါ်ကြီး မြန်မာပြည်ပေါက် ရေဝတီမျိုးနွယ်ပေပဲ။ ဟိုဘက်ကလူကလည်း အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီး ဘယ်မှာနေတယ် ဘာတွေလုပ်တယ် ဘယ်သွားတယ် ဇာတိမြို့က ဘာနဲ့ အဲဒီအဒေါ်ကြီးနဲ့ လှမ်းအော်စကားပြောကြတယ်။ ကိုယ်က ဘာမဆိုင် ညာမဆိုင် တခြားခရီးသည်တွေကို အားနာမိလိုက်တယ်။ ဘယ်ခရီးပဲသွားသွား ခရီးအတူသွားသူတွေ မျက်စိမှိတ်ထားရင် အိပ်နေတယ်လို့ယူဆပြီး စကားမပြောတာ၊ ပြောစရာရှိရင်လည်း လေသံလေးလောက်နဲ့ တိုးတိုးလေးပဲပြောတတ်တဲ့ တခြား နိုင်ငံသားတွေကို ကျေးဇူးတင်မိလိုက်တယ်။ ကိုယ်က မျက်စိမှိတ်ထားပေမဲ့ သူတို့ ပြောနေတာတွေအကုန်ကြားနေရတယ်။
အိပ်ပဲ အိပ်နေတာပဲလို့ ဟိုလူက ပြောတာကြားလိုက်တယ်။ အဲဒါကို ဘေးကို အဒေါ်ကြီးက ခွက်ထိုးခွက်လန်ရယ်တယ်။
ကိုယ့်အတင်းတုပ်နေကြတာကိုး။ ဗမာပဲနေမှာပါ လို့ ဟိုလူ ပြောတာကြားလိုက်တယ်။ အဒေါ်ကြီးက မသိဘူးလို့ပြောတယ်။
ဟိုလူက အသံကျယ်ကျယ်နဲ့
ကျွန်တော့် ညီမတစ်ယောက်ရှိတယ် ..နိုင်ငံခြားသွားတာဖြင့် ၆လပဲရှိသေးတယ်..မြန်မာစကားမတတ်တော့ဘူး။ မြန်မာလို မပြောတတ်တော့ဘူးနဲ့..အလကား စောက်ပိုတွေလုပ်တာ…သွားတာဖြင့် ၆လလေး။ သိလား အန်တီ… တဲ့။
ညွှတ်ချာဖျား…ကိုယ်က အဒေါ်ကြီးကို မြန်မာပြည်ပေါက်မှန်းမသိလို့ ဘိုလိုပဲပြောမိတာကို တစ်ဘက်ကလူက စောင်းပြောနေတာကိုး။ သြော်..သနားပါတယ်..သူ့မှာ ကိုယ့်ကို ခရီးစဉ်တလျှောက်လုံး ထိုင်ကြည့် အကဲခတ်လာပုံပဲ။
ကိုယ်ကတော့ မျက်စိမှိတ်ထားဆဲပဲ။ စိတ်ထဲမှာလည်း ပျံ့လွင့်နေတဲ့စိတ်နောက်ကို လိုက်မှတ်နေလိုက်တယ်။ အဒေါ်ကြီးက ဟိုလူကို ဗမာမဟုတ်ဘူးထင်တယ်လို့ လှမ်းပြောတာကြားတယ်။ သြော်…သူတို့မှာ ကိုယ် ဗမာလူမျိုး ဟုတ်၊ မဟုတ်က အလုပ်ကြီးတစ်လုပ်ပါလားလို့စိတ်ထဲရယ်လည်း ရယ်ချင်သွားတယ်။ မြန်မာ့လေပိုင်နက်ထဲရောက်တော့ လေယာဉ်မှုးက တိမ်ထူထူကို တိုးရမှာမို့ နေရာမှာ ထိုင်ပြီး ထိုင်ခုံ ခါးပတ် ပတ်ထားဖို့ကြေညာတယ်။ထိုင်ခုံခါးပတ်ဖြုတ်ထားတဲ့ အဒေါ်ကြီးကို သတိပေးမယ်လို့ပါးစပ်ပြင်ပြီးမှ လေယာဉ် အောက်ကို ကျတဲ့ချိန် ထိုင်ခုံခါးပတ် ပတ်မထားရင် inertia ကြောင့်အဒေါ်ကြီး ခေါင်းနဲ့ လေယာဉ်ခေါင်မိုးနဲ့ ဆောင့်ရင် အေးရောဆို စိတ်ထဲတွေးပြီး သတိမပေးလိုက်တော့ဘူး။ (စိတ်ပုပ်တာလေ)။ သူ့ဘေးခုံက ဦးလေးကြီး ပျာယာပျာယာနဲ့ပြန်ရောက်လာပြီး အဒေါ်ကြီးကို ထိုင်ခုံခါးပတ်ပတ်ခိုင်းတယ်။

မင်္ဂလာဒုံကွင်းကိုအဆင်းမှာ ရွှေရောင်ဝင်းနေတဲ့ စေတီတစ်ဆူကို ပြတင်းကနေ လှမ်းမြင်ပြီး အဒေါ်ကြီးက ရွှေတိဂုံဘုရား…ရွှေတိဂုံဘုရား ဆို ထအော်ပါလေရော။ ကိုယ့်လက်မောင်းကို ကိုင်လှုပ်ပြီး ရွှေတိဂုံဘုရား …ရွှေတိဂုံဘုရားဆိုပြီးဖင်တကြွကြွနဲ့ ခုန်နေတော့ ကိုယ်က သူ့ကို ရွှေတိဂုံဘုရား မဟုတ်ပါဘူး လို့ လှည့်ပြောလိုက်တော့
ဗမာ ဗမာ ဆို အဒေါ်ကြီးက ဟိုလူကို လှမ်းအော်ပြောပါလေရော။ ဆာယိုနာယာ ဘာဆိုလားပဲ ဟိုလူနဲ့ အဒေါ်ကြီးက ကိုယ်ပြောတဲ့ လေသံအတိုင်းလိုက်ပြောပြီး သူတို့အချင်းချင်း ရယ်နေကြတယ်။ သေချာတာကတော့ ကိုယ့် လေယူလေသိမ်းကို လှောင်နေကြတာ။ တိုင်းရင်းသားလူမျိုးနှစ်မျိုး ကပြားဖြစ်တဲ့အတွက် ကိုယ်ပြောတဲ့ ဗမာစကားက ဗမာလိုလေယူလေသိမ်း ပီပီသသထွက်မှာ မဟုတ်ဘူး။ လေယာဉ်ဆိုက်တော့ ကိုယ်လည်း အေးအေးဆေးဆေးပဲ ထိုင်စောင့်နေလိုက်တယ်။ ခရီးသည်အားလုံးကုန်မှ လေယာဉ်ထဲက အေးအေးဆေးဆေးထွက်ဖြစ်တယ်။ tube ထဲက အထွက်မှာ ဖိုးသူတော် စောင့်နေတယ်။ ဖိုးသူတော်နဲ့ စကားနည်းနည်းပြောပြီး အောက်ထပ်ကိုဆင်းတော့ လူဝင်မှုကြီးကြပ်ရေးကောင်တာနားမှာ စောင့်နေတဲ့ သူငယ်ချင်းက လျှောက်လာ လာကြိုပြီး အမ်မလေး..ရွှေမင်းသမီး ပါများမပါလာတော့ဘူးလားလို့ ..ခရီးသည်တွေ အကုန်ကုန်ပြီး ထွက်မလာလို့ အပေါ်ကို လှမ်းဆက်ခိုင်းတော့ လေယာဉ်ထဲမှာလည်း တစ်ယောက်မှ မကျန်တော့ဘူးတဲ့။ ခရီးသည်စာရင်းတောင်းကြည့်တော့လည်း နာမည်က ပါလာတယ်။ ဘယ်နားပျောက်နေတာလဲတဲ့။

မကြီး ဆိုလှမ်းခေါ်ပြီး ပြေးလာတဲ့  MAI မှာလုပ်တဲ့ အိမ်က ညီမလေး ယုနက တော်သေးတာပေါ့ မကြီးရာ..သမီးက departure မှာ ဂျူတီ၊ အမေက ဖုန်းလှမ်းဆက်ပြီး နင့်မကြီး လေယာဉ် ၁၁နာရီ ၂၅ မိနစ်တဲ့ ဆိုတော့မှ လေယာဉ်တောင်ဆင်းသွားပြီဆို အမြန်ပြေးလာတာတဲ့။ ကိုယ် ပြန်လာမယ်ဆိုတာကို ဘယ်သူ့ကိုမှ ကြိုမပြောထားတာလေ။ ကွာလာလမ်ပူလေဆိပ်ရောက်တော့မှ ရန်ကုန်ကို ဖုန်းလှမ်းဆက်ပြီး ပြန်လာပြီဆို ပြောတာ..လာကြိုနေရင်အလုပ်ရှုပ်နေကြမှာစိုးတာနဲ့။ လေဆိပ်မှာ တာဝန်ကျနေတဲ့ သူငယ်ချင်းတွေရယ်၊ ညီမလေး ယုနရယ်နဲ့ စကားတွေ ရေပက်မဝင်ပြောနေရတာနဲ့ ဟိုအဒေါ်ကြီးနဲ့အဖွဲ့ကိုတောင် မနှုတ်ဆက်ခဲ့မိဘူး။

ပုံပြောမယ်



သားတို့ သမီးတို့ ကျောင်းသွားကြတက်ကြတယ်မလား။

(သွားပါတယ်)

(တက်တယ်)

သားတို့ သမီးတို့ခု ဘယ်နှစ်တန်းတက်နေကြတာလဲ

( ၆ တန်း )

( ၇တန်း )

(၈ တန်း)

( ၉ တန်း )

(၁၀ တန်း)

ဟော...အတန်းတွေ အစုံပါပဲလား။

ကဲ...၆ တန်းတက်နေတဲ့သူတွေ လက်ညှိုးထောင်

တစ်ယောက်...နှစ်ယောက်...ဟော ၃ယောက်...၄ယောက်

၇ တန်းရော ...ဘယ်သူတွေတက်နေကြလဲ ...လက်ညှိုးထောင်

၇ တန်းက ၆ တန်းထက် ပိုများပါလား။

၈ တန်းတွေ လက်ညှိုးထောင်ပါဦး။

၈ တန်းက အများကြီးပါပဲလား။

၉ တန်း...လက်ညှိုးထောင်

ဟော...၉ တန်းကလည်း များတာပဲ။

ကဲ...ခု ..၁၀တန်းတွေလက်ညှိုးထောင်ပါဦး။

၁၀ တန်းတွေလည်း အများကြီးပါလား။

ဒေါ်လေး မေးမယ်။ သားတို့ သမီးတို့ ဘာကြောင့် ကျောင်းတက်ကြတာလဲ။

(ပညာသင်ဖို့)

ဟုတ်ပြီ။ တော်လိုက်တာ။ ဒါဆို ...ဘာကြောင့် ပညာသင်ကြတာလဲ။

(လိမ္မာရေးခြား ရှိဖို့)

ဟား..ဟုတ်တာပေါ့။ သမီးက တော်လိုက်တာ။

နောက် ဘယ်သူ ဖြေဦးမလဲ။ ဘာကြောင့် ပညာသင်ကြတာလဲ။

( အသိပညာဖွံ့ဖြိုးဖို့ )

ဟုတ်တာပေ့ါ။ မှန်လိုက်တာ။ ကဲ...နောက်ထပ် အဖြေတွေ ရှိဦးမယ်။ ဖြေပါဦး။ဘာကြောင့် ပညာသင်ကြတာလဲ။

ကဲ...မဖြေတော့ဘူးလား။ ဒေါ်လေး ဖြေမယ်။

ပညာသင်တာ ဒီကမ္ဘာကြီးမှာ ဖြစ်နေတာတွေ  ဒီကမ္ဘာကြီးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာတွေနဲ့ တစ်ကမ္ဘာလုံးက အကြောင်းတွေကို သိရတယ် ။ ဒါတင်မကဘူး အာကာသစကြဝဠာကြီးအကြောင်းလည်း သိရတယ် ..ဟုတ်တယ်မလား။ သိပံသင်ရတယ် မဟုတ်လား။

(သင်ရပါတယ်)

သမိုင်းကိုသင်တာ ဒေါ်လေးတို့နေတဲ့ ကမ္ဘာကြီးမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိရတယ်။ ပထဝီကိုသင်တာ ဒီကမ္ဘာမြေကြီးအကြောင်းသိရတယ်။ သချင်္ာသင်တာကရော...ဘာလို့ သင်တာလဲ။

(ကွန်ပျုတာ တတ်ဖို့)

အေးကွယ်...ဟုတ်တာပေ့ါ။ သားတို့သမီးတို့က သိပ်တော်တာပဲ။

ပညာသင်တယ်ဆိုတာ ကျောင်းစာအုပ်ထဲမှာရှိတဲ့ စာတွေတင်ကိုသာမကဘူး။ ဘဝအကြောင်းကို သင်ယူနေတာ ဖြစ်တယ်။

ကဲ…ဒါဆိုရင် ဘဝအကြောင်း ဘယ်လိုသင်ယူတာလဲ...ဘယ်သူသိလဲ။

(......)

ကဲ...ဒေါ်လေးပြောမယ်။

စာသင်တော့ ပညာတတ်ကြီးဖြစ်တယ်၊ ဘွဲ့ရတယ် ။

ဘွဲ့ရပြီး ပညာတတ်ကြီးဖြစ်တော့ အလုပ်လုပ်တဲ့ခါ လုပ်ငန်းခွင်ကိုရောက်တဲ့ခါ အရာရှိရာထူးကိုရတယ်။

လခကောင်းကောင်းရတယ်။ အလုပ်လုပ်တဲ့ခါ အလုပ်ရှင်တွေကလည်း ပညာတော်ပြီး ကျွမ်းကျင်တဲ့သူတွေကိုပဲ အလုပ်ခန့်တာ၊ လစာကောင်းကောင်းပေးတာလေ။ ကဲ..ဘာမှ မသိ မတတ်တဲ့သူကို အလုပ်ခန့်မလား။

(မခန့်ပါဘူး)

သက်ဆိုင်ရာဘာသာရပ်မှာ သိတတ်၊ တတ်တဲ့ ၊ ကျွမ်းကျင်တဲ့သူတွေကိုပဲ အလုပ်ရှင်တွေကလည်း အလုပ်ခန့်တာ။

အဲဒီတော့ သားတို့ သမီးတို့ ကြိုးစားပြီး စာကျက် စာသင်ယူလာတာတွေက သားတို့ သမီးတို့ ခု စိတ်ကူးယဉ်အိပ်မက်မက်နေတဲ့ ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်၊ အရာရှိကြီးဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေက တကယ် ဖြစ်လာတယ်။ သားတို့ ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ပေ့ါ။

ပညာတတ်တဲ့ခါ စာတွေဖတ်နိုင်တယ်။ မြန်မာဘာသာနဲ့တင် မကဘူး အင်္ဂလိပ်ဘာသာနဲ့လည်း စာတွေဖတ်နိုင်တယ်။တခြား ဘာသာစကားတွေကိုလည်း သင်ယူလေ့လာပြီး ဖတ်နိုင်တယ်။ အဲဒီခါ အကြားအမြင်ဗဟုသုတတွေတိုးလာတယ်။

အဲဒီတော့ သူများတွေက သားတို့ သမီးတို့ကို လိမ်ညာတာကို မခံရတော့ဘူး။ သူများတွေ အနိုင်ကျင့်တာကို မခံရတော့ဘူး။ ဘာလို့လဲဆိုတော့ သားတို့ သမီးတို့မှာ စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ်ပညာရှိလို့။

ဒေါ်လေး ပုံပြင်တစ်ပုဒ်ပြောပြမယ်။ ပုံပြင် နားထောင်ကြမလား။

(နားထောင်ပါမယ်)

ဟိုးရှေးရှေးတုန်းက

တောအုပ်တစ်ခုမှာ တိရိစ္ဆာန် အကောင်လေးတွေနေထိုင်ကြတယ်တဲ့။

အကောင်ငယ်လေးတွေ မှီခိုအားထားပြီး ရေသာက်နေရတဲ့ ရေကန်ကြီးတစ်ကန်လည်း ရှိတယ်။ ရေအသက် တစ်မနက် တဲ့။ သားတို့ သမီးတို့ သိတယ်မဟုတ်လား။

အကောင်ငယ်လေးတွေက အဲဒီရေကန်ကြီးကို နေ့တိုင်း ရေလာသောက်တာပေ့ါ။ အဲဒီမှာ တစ်နေ့မှာတေ့ာ

 ခြင်္သေ့ကြီးတစ်ကောင်က ရေကန်အနားမှာ လာနေပြီးတော့ အကောင်ငယ်လေးတွေကို နေ့တိုင်း ဖမ်းဆီး သတ်စားတယ်တဲ့။



အဲဒီခြင်္သေ့ကြီးကခွန်အားဗလကြီးပြီး အကောင်ငယ်လေးတွေကိုဖမ်းစားလို့



တောအုပ်ထဲကအကောင်ငယ်လေးတွေက ခြင်္သေ့ကြီးကိုကြောက်ရွံ့ပြီး



ခြင်္သေ့ကြီးတွေ့မှာစိုးလို့ ပုန်းအောင်းနေကြရတယ်တဲ့။



ခြင်္သေ့ကြီးက သူ့ကိုအားလုံးကကြောက်ကြတယ်၊



သူသာလျှင်တောဘုရင် ၊ တောထဲမှာသူသာခွန်အားဗလအကြီးဆုံးဆိုပြီး



မာန်မာနဝံ့ကြွားနေတာပေ့ါ။



တောအုပ်ထဲကအကောင်လေးတွေအားလုံးကို တဖြည်းဖြည်းမျိုးပြုန်းလာမယ့်



သူတို့ရဲ့ မျိုးဆက်တွေအကြောင်းတွေးပူတယ်။ ဒီလိုသာ ခြင်္သေ့ကြီးက သူတို့လိုအကောင်ငယ်လေးတွေဖြစ်တဲ့ ယုန်၊ သမင်၊ ချေ၊ ဆတ်၊ ဒရယ်လေးတွေကို သတ်ဖြတ်စားသောက်နေရင် ကြာရင် သူတို့တွေတော့မျိုးတုန်းပါပြီ ဆိုပြီးတွေးလန့်နေရတာပေ့ါ။



ခြင်္သေ့ကြီးရေသောက်ဖို့ ရေကန်ကိုလာရင် အကောင်ငယ်လေးတွေမှာခြင်္သေ့ကြီး



မမြင်အောင်ပုန်းအောင်းနေကြရတာပေ့ါ။



တစ်နေ့မှာတော့ ခြင်္သေ့ကြီးကရေကန်ကိုလည်းရေသောက်ဖို့လာရော ရေကန်ထဲက ကြာရွက်ပေါ်မှာထိုင်နေတဲ့ ဖားလေးကိုမြင်တယ်တဲ့။



ခြင်္သေ့ကြီးကစိတ်ဆိုးသွားတာပေါ့။ သူလိုတောဘုရင်ကိုမြင်ရင် အကောင်ငယ်လေးတွေကကြောက်လို့ထွက်ပြေးပုန်းအောင်းနေကြတာ။



ဒီလိုအကောင်သေးသေးဖားကလေးကကြာရွက္ပေါ်အခန့်သားထိုင်နေတယ် ..



သူ့ကိုမခန့်လေးစားပြုမူတယ်ဆိုပြီး စိတ်ဆိုးသွားတာပေ့ါ။



ဖားကလေးကို ခြင်္သေ့ကြီးကမေးတယ် ။



“  မင်း က ငါ့ကိုမကြောက်ဘူးလား” လို့မေးတော့ ဖားကလေးက



“ မကြောက်ပါဘူး ”လို့ပြန်ဖြေတယ်ကွယ်။



ခြင်္သေ့ကြီးကပိုလို့စိတ်ဆိုးသွားပြီး



“ မင်းလိုအကောင်သေးသေးလေးကများ ငါလို ခွန်အားဗလကြီးတဲ့ တောဘုရင်ကို ပမာမခန့်လုပ်ရလား ..သယ်..”



လို့ဆိုပြီး ဒေါသကြီးနေတော့ ဖားကလေးက



“ မင်းကခွန်အားကြီးတယ်ဆိုရင်မင်းနဲ့ ငါနဲ့ အအော်ပြိုင်မလား” လို့ မေးတယ်။



ခြင်္သေ့ကြီးက



“အောင်မာ..မင်းကများ...မင်း အသံလေးညှောင်ညက်ညက်နဲ့



ငါ့လို အသံအောင်မြင်တဲ့တောဘုရင်ကိုများ လာပြိုင်ချင်သေးတယ်။



ကောင်းပြီ..ပြိုင်မယ်” လို့ပြောလိုက်တယ်တဲ့။



ဖားကလေးက “ငါကအကောင်သေးတော့ဦးစားပေးပေ့ါ။ ငါအရင်အော်မယ်” လို့ပြောတယ်တဲ့။



ခြင်္သေ့ကြီးက “ အေး ...ကောင်းပြီ” ဆိုပြီးသဘောတူလိုက်တယ်။



အဲဒီမှာ ဖားကလေးကစလို့ ကွပ်ကွပ် ဆိုပြီး သူ့အသံသေးသေးလေးနဲ့



အော်တယ်တဲ့။ ခြင်္သေ့ကြီးကလှောင်ရယ်ရယ်တာပေ့ါ။



ဖားကလေးအလှည့်လည်းပြီးရော ခြင်္သေ့ကြီးက



“ ကဲ..ဒီတစ်ခါ ငါ့အလှည့်” ဆိုပြီး အော်မယ်ဆိုတော့ ဖားကလေးက ကြာရွက်ပေါ်ကနေခုန်ဆင်းပြီးရေကန်ထဲမှာ ရေငုပ်နေတာပေ့ါ။



ခြင်္သေ့ကြီးက ဝေါင်း ဆိုပြီးလည်း ဟိန်းဟောက်ရော ဖားလေးက



ရေအောက်ထဲရောက်ပြီလေ။ သူမကြားတော့ဘူးပေ့ါ။



ခြင်္သေ့ကြီးလည်း ဟိန်းဟောက်ပြီးရော ဖားကလေးက ရေပေါ်ပြန်တက်လာပြီး



ကြာရွက်ပေါ်မှာပြန်ထိုင်နေတာပေ့ါ။



ခြင်္သေ့ကြီးကဖားလေးကိုလည်းတွေ့ကရော.. “ အံမာ ..ငါဒီလောက်အော်တာတောင် သူကဘာမှမဖြစ်ဘူး” ဆိုပြီး အံ့အားသင့်ပြီး ဒေါသဖြစ်သွားတယ်တဲ့။



ဖားကေလးက



“ ကဲ..မင်းအလှည့်ပြီးပြီ။ ဒီတစ်ခါ ငါ့အလှည့်” ဆိုပြီး



ကွပ်ကွပ်ဆိုပြီးအော်ပြန်ရော။ ပြီးတော့ ခြင်္သေ့ကြီးအလှည့်လည်းကျရော



အရင်အတိုင်း ရေအောက်ထဲပြန်ဆင်းငုပ်နေတယ်တဲ့။



အဲလိုနဲ့ ဖားကလေးကအော်လိုက် ၊ ခြင်္သေ့ကြီးကအော်လိုက်နဲ့ တစ်လှည့်စီအော်နေကြပေမယ့် ဖားကလေးမှာတော့ ခြင်္သေ့ကြီးအော်သံကိုရေအောက်ထဲ ငုပ်နေတာကြောင့်မကြားရတော့ နားလည်းမကွဲဘူးပေ့ါ။



ခြင်္သေ့ကြီးမှာတော့ ဖားလေးက သူ့ဟိန်းသံကိုဘာမှမဖြစ်တာ စိတ်တွေဆိုးပြီး



တစ်ခါထက်တစ်ခါ ပို ပိုပြီး အသံကျယ်ကျယ်ဟိန်းဟောက်တာ နောက်ဆုံးမှာတော့



ခြင်္သေ့ကြီးကမောလာပြီး ရင်ကွဲပြီး သေသွားရောတဲ့။



အဲဒီတော့မှ တောထဲကအကောင်ငယ်လေးတွေအားလုံးပုန်းနေရာကနေ ထွက်လာကြပြီး



ပျော်ပျော်ရွှင်ရွှင်နေကြရတယ်တဲ့။



ဖားကလေးက အကောင်သေးပေမယ့် ဉာဏ်ပညာရှိတယ်။ ဒါကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ရုံတင်မကဘူး တခြား တိရိစ္ဆာန်တွေရဲ့ အသက်ကိုလည်း ကာကွယ်ပေးလိုက်နိုင်တယ်။ အဲဒီလိုပဲသားတို့ သမီးတို့ ပညာတတ်ဖြစ်လာရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ ကောင်းကျိုး ကိုယ့်ရပ်ရွာ ကိုယ့်မြို့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်နိုင်ငံသားအချင်းချင်းအတွက် ကောင်းကျိုးအကျိုးပြုတဲ့ လူတစ်ယောက်လည်း ဖြစ်လာမယ်။

ပညာတတ်တော့ လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်တဲ့ဝန်ထမ်းဖြစ်လာတယ်။ ဒီလို ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ၊ ကျွမ်းကျင်တဲ့ လုပ်သားတွေ အများကြီးဖြစ်လာရင် အများကြီးရှိရင် လူတွေတစ်ဦးချင်းစီ စု စုထားပြီးအများကြီးဖြစ်လာတဲ့ တိုင်းပြည်မှာရော ကျွမ်းကျင်တဲ့သူတွေအများကြီးရှိတော့ တိုင်းပြည်ရဲ့ စီးပွားရေးလည်းကောင်းမွန် တိုးတက်လာပြီး တိုင်းပြည်ကလည်း ကြွယ်ဝချမ်းသာလာမယ်။ ဟုတ်ပြီလား။ ဒေါ်လေးပြောတာကို သဘောတူလား။

(တူပါတယ္)

သဘောတူတယ်ဆိုတဲ့သုူ လက်ညှိုးထောင်

ဟာ...အကုန်လုံးပါပဲလား။ သားတို့ သမီးတို့က တော်လိုက်တာ။



ပညာသင္တဲ့ခါမွာ ရွက္စရာမလိုဘူး ။

ကိုယ်မသိတာ မတတ်တာကို သူများက သိတယ် တတ်တယ်ဆိုရင် မေးရမှာ ရှက်စရာမလိုဘူး။

လူတစ်ယောက်က အကုန်လုံး မတော်နိုင်ဘူး။ ဒီသမီးက သချင်္ာတော်တယ်၊ ဒီသားက အင်္ဂလိပ်စာမှာတော်တယ်။

အဲဒါမျိုး ဆိုရင် ကိုယ်က သချင်္ာမတွက်တတ်ဘူးဆိုရင် သချင်္ာတော်တဲ့ သူငယ်ချင်းကို ဒီပုစ္ဆာလေးရှင်းပြပါဆိုတာ မေးရမှာကို ရှက်စရာမလိုဘူး။

ဒီလိုပဲ အင်္ဂလိပ်စာတော်တဲ့ သူငယ်ချင်းကိုလည်း ကိုယ်က အင်္ဂလိပ်စာတွေ မရဘူး နားမလည်ဘူးဆိုရင် မေးရမှာကို ရှက်စရာမလိုဘူး ။ လူတိုင်းလူတိုင်းက အကုန်လုံးမှာလည်း မတော်နိုင်ဘူး ။ အကုန်လုံးမှာလည်း မညံ့နိုင်ဘူး။

စာသင်တဲ့ခါမှာ ကိုယ် ဘာကိုတော်တယ်၊ ဘာကို ညံ့တယ်ဆိုတာကိုတော့ သိရမယ်။

ကိုယ်ညံ့တဲ့ဘာသာကို အောင်အောင်လို့ ပိုပြီးတော့ ကြိုးစားရမယ်။

ကိုယ်မှားနေတာကို သူများက အမှန်ပြောပြ ပြင်ပြပေးရင်လည်း ကျေးဇူးတင်ရမယ် ။ ကိုယ့်အမှားကို ပြောပြ ပြီး အမှန်ကို ပြင်ပြပေးတယ်ဆိုတာ ကိုယ့်ကို တကယ်စေတနာရှိလို့။  သူများက အမှန်ကိုပြောပြတာကိုလည်း လက်ခံရမယ်။

ဒေါ်လေး ပုံပြင်တစ်ပုဒ်ပြောပြဦးမယ်။ ပုံပြင်နားထောင်ချင်သေးလား။

(နားထောင်ချင်ပါတယ်)

ပုံပြင် နားထောင်ချင်တဲ့သူ လက်ညှိုးထောင်

ဟော...ဆရာမနေနေလည်း လက်ညှိုးထောင်တယ်။ ဆရာမနေနေလည်း ပုံပြင်နားထောင်ချင်တယ်တဲ့။

ဟိုးရှေးရှေးတုန်းက မြက်ရိတ်သမားတစ်ယောက်ရှိတယ်။မြက်ရိတ်သမားက မြက်တွေရိတ်ပြီး မြက်ထုံး ထုံးထားတာပေ့ါ။

မြက်ရိတ်ပြီး အိမ်ပြန်တော့ တံပိုးမှာ မြက်ထုံးကိုချည်ပြီး ထမ်းပိုးထမ်းပြီး ပြန်မှာ။ အဲဒါ မြက်ထုံးကို တံပိုးတစ်ဖက်မှာ ချည်လိုက်တော့ တံပိုးကတစ်ဘက်စောင်းဖြစ်နေပြီး သူ ထမ်းလို့ အဆင်မပြေတော့ အဲဒီမြက်ထုံးနဲ့ အလေးချိန်တူလောက်တဲ့ ကျောက်တုံး တစ်တုံးကိုရှာပြီး တံပိုးတစ်ဘက်မှာ ချိတ်ပြီး ထမ်းလာတယ်တဲ့။ တံပိုးတစ်ဘက်စွန်းမှာ ကျောက်တုံး၊ တစ်ဖက်စွန်းမှာ မြက်ထုံး ကိုထမ်းလာတဲ့ မြက်ရိတ်သမားကိုမြင်တဲ့ သူတောင်းစားတစ်ယောက်က

“ဟေး လူ..ဟေး လူ..ခင်ဗျားဗျာ ..မြက်ထုံးကို နှစ်ခုခွဲပြီး တံပိုးတစ်ဘက်စီမှာချည်လိုက်ရင် ခင်ဗျားအခုထမ်းနေသလို ကျောက်တုံးကြီးကိုပါမထမ်းရတော့ဘူးပေ့ါဗျ။ ခင်ဗျား သက်သာတာပေ့ါ။ အခုတော့ဗျာ ပင်ပန်းလိုက်တာဗျာ”

လို့ ပြောတယ်တဲ့။

အဲဒီမှာ မြက်ရိတ်သမားကစဉ်းစားတယ်။

အင်း..ဟုတ်သားပဲ။ သူပြောတာ။ သူပြောသလို မြက်ထုံးကို နှစ်ထုံးခွဲပြီးထမ်းလိုက်ရင် တံပိုးလည်းခုထက်ပိုပေ့ါသွားမယ်။ ငါ လည်း ဘာမှမသုံးမဝင်တဲ့ကျောက်တုံးကို အိမ်အထိအလေးခံ ထမ်းစရာမလိုတော့ဘူး။

အဲလိုတွေးမိပေမယ့်...

အာ...မဖြစ်သေးပါဘူး။ သူက သူတောင်းစားပဲ။ သူတောင်းစားပြောတာတော့ ငါ လိုက်မလုပ်နိုင်ဘူး။

ဆိုပြီး ထမ်းမြဲတိုင်း ကျောက်တုံးတစ်ဘက် ၊ မြက်ထုံးတစ်ဘက် တံပိုးကိုထမ်းသွားတယ်..တဲ့။

လောကမှာ လူတွေဟာသူ့နေရာနဲ့ သူ Óဏ်စွမ်းရှိကြပါတယ်။

ကိုယ့်ထက်နိမ့်ကျတဲ့သူက ဟုတ်နေတာကို ပြောတာကို နားမထောင်ဘူးဆိုရင်

မြက်ရိတ်သမားလိုပဲ ပင်ပန်းကြမှာပေ့ါကွယ်။



သူတောင်းစားက သူ့ဘဝအကျိုးပေးကြောင့် ဒုက္ခိတဖြစ်နေလို့ သာမန်လူတွေကို မစွမ်းဆောင်နိုင်လို့ အလုပ်မလုပ်နိုင်လို့ တောင်းစားရတယ်။ သူ့မှာ ခြေလက်အင်္ဂါ အစုံပါမလာတာကတော့ သူ့ဘဝအကျိုးပေးကြောင့်ပေ့ါ။ ဒါကို သူတောင်းစားက ပြောတာပဲ နားထောင်စရာမလိုဘူးဆိုတော့ မြက်ရိတ်သမားလိုပဲ ပင်ပန်းကြမှာပေ့ါ။

ကိုယ့်ကို အကောင်းဖြစ်စေချင်လို့ ပြောတာကို နားထောင်ရမယ်။ ဟုတ်တယ်နော်။ဒေါ်လေးပြောတာကို သဘောတူလား။

(တူပါတယ္)

လောကမှာ လူအမျိုးမျိုးရှိတယ်။ ကိုယ့်ကိုကောင်းစေချင်လို့ စေတနာနဲ့ ပြောတဲ့သူ ရှိသလို ကိုယ့်ကို ကြိုးစားချင်စိတ်တွေ မရှိတော့အောင် စိတ်ပျက်အားလျော့အောင် စိတ်ဓာတ်ကျအောင် ပြောတတ်တဲ့သူတွေလည်းရှိတယ်။

ကဲ...ဒီတစ်ခါလည်း ပုံပြင်ပြောပြဦးမယ်။ ပုံပြင်နားထောင်ချင်သေးလား။

(နားထောင်ချင်ပါတယ်)

ဟိုးရှေးရှေးတုန်းက

ဟိုးရှေးရှေးတုန်းက တောအုပ်တစ်ခုထဲမှာ ဖားလေးတွေ စုပေါင်းနေထိုင်ကြသတဲ့။ တစ်နေ့ကျတော့ ဖားလေးတွေ အပြေးပြိုင်ပွဲရှိသတဲ့။

ဖားလေးတွေရဲ့ အပြေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေက ဖားအရွယ်ပျိုတွေပေါ့ကွယ်။

ပြိုင်ပွဲကိုလာရောက်အားပေးတဲ့ ဖားပရိသတ်တွေ အများကြီးပေ့ါ။

ပန်းတိုင်ကတော့ မျှော်စင်အမြင့်ကြီးရဲ့ ထိပ်ဆုံးပေ့ါ။

မျှော်စင်အမြင့်ကြီးရဲ့ ထိပ်ဆုံးကိုအရင်ဆုံးရောက်တဲ့သူက အနိုင်ရရှိမှာပေ့ါ။

တာလွှတ်လို့ အပြေးပြိုင်ပွဲစတယ်ဆိုရင်ပဲ ပြိုင်ပွဲဝင်ဖားလေးတွေက

အားသွန်ခွန်စိုက်ပြေးကြတာပေ့ါ။

ပွဲကြည့်ပရိသတ်ကလည်း အော်ဟစ်ဆူညံလို့ အားပေးတယ်။

ပရိတ်သတ်ထဲကအော်ကြတဲ့အသံတွေက

“ရောက်အောင်ပြေးနိုင်မှာ မဟုတ်ပါဘူးကွာ။ မျှော်စင်ကအမြင့်ကြီးပဲ။

ဒီလောက်မြင့်တဲ့မျှော်စင်ပေါ်ကို ဘယ်သူမှရောက်မှာ မဟုတ်ပါဘူးကွာ...”

ဆိုတဲ့ စကားတွေက မကြာခဏ ထွက် ထွက်လာတယ်လေ။

ဟုတ်တယ်... မျှော်စင်ကအမြင့်ကြီးပဲ။

မျှော်စင်ကိုရောက်အောင် ပြေးကြရင်း လမ်းမှာ ဖားလေးတွေလည်း

မောလို့ ပြိုင်ပွဲကနေထွက်ပြီး အရှုံးပေးတဲ့သူကလည်းပေးကြတယ်။

ပရိတ်သတ်ကြီးကတော့ “ရောက်မှာမဟုတ်ပါဘူးကွာ။

ဘယ်သူမှ အနိုင်ရမှာမဟုတ်ပါဘူးကွာ” လို့ ပြောကြတုန်းပေ့ါ။

အရှုံးပေးပြီး ထွက်သွားတဲ့ ဖားလေးတွေလည်း

များသည်ထက်များလာတယ်။

နောက်ဆုံးမှာတော့ ဖားပိန်ပိန်လေးတစ်ကောင်ပဲ ကျန်တော့တယ်။

အဲဒီဖားလေးက မျှော်စင်မြင့်ပေါ်ကိုတက်ပြီး ထိပ်ဆုံးကို

ရောက်ရှိအောင်မြင်သွားတာပေ့ါကွယ်။

အဲဒီမှာ ပရိတ်သတ်တွေက ဖားလေး ဘယ်လို ဘယ်ပုံနဲ့

ဘယ်လို စိတ်ဓာတ်နဲ့ ကြိုးစားအောင်မြင်သလဲ ဆိုတာ

သိချင်ကြလို့ မေးကြတာပေ့ါ။

နောက်ဆုံးမှာ ဘာကြောင့် ဖားလေး အောင်မြင်လဲဆိုတာကို

တွေ့ရှိသွားကြတယ်။

အဲဒီဖားလေးက မွေးတည်းက နားမကြားဘူးတဲ့ကွယ်။

အဲဒီတော့ သူများတွေ ဝေဖန်ပုတ်ခတ်ပြောဆိုတာတွေကို

သူမကြားဘူးပေ့ါ။ သူများတွေ ဝေဖန်ပြောတဲ့ စကားတွေကြောင့်

သူ့မှာ စိတ်ဓာတ်ကျသွားဖို့မရှိဘူးလေ။

ဘယ်သူတွေ ဘာပြောပြော အဆိုးတွေကို သူ မကြားရလေတော့

အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိသွားတာပေ့ါကွယ်။ ‘ဒီလိုပဲပေ့ါ..လောကမှာ လူတွေဟာ သူတစ်ပါးကို အဆိုးတွေ ဝေဖန်တတ်ကြတဲ့သူတွေလည်း ရှိတယ်။ သူများတွေဝေဖန်တာတွေကို နားထောင်စရာပြီး စိတ်ပျက်အားငယ်စရာလည်း မလိုဘူးလေ။ ကိုယ့် ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်ဖို့ အားသွန်ခွန်စိုက်ပဲ ကြိုးစားကြရမယ်ကွယ့်။

သားတို့ သမီးတို့ ဘာဖြစ်ချင်လဲ ဖြစ်ကိုဖြစ်ရမယ် အဓိကကတော့ သားတို့ သမီးတို့ရဲ့ စိတ်ပဲ။

စိတ်မှာ ဖြစ်ချင်တယ်ဆိုရင် ဖြစ်အောင် ကြိုးစားရမယ်။

ဆရာဝန်ကြီးဖြစ်ဖို့၊ အင်ဂျင်နီယာကြီးဖြစ်ဖို့၊ ကွန်ပျူတာပညာရှင်ကြီးဖြစ်ဖို့ ကျောင်းတက်ဖို့ ပိုက်ဆံမတတ်နိုင်ပါဘူး၊ ြဖြစ်မှာ မဟုတ်ပါဘူးဆိုပြီး စိတ်ပျက်အားလျော့ပြီး စာမကြိုးစားဘဲ မနေရဘူး။

သားတို့သမီးတို့က စာတော်တယ်ဆိုရင် ကျောင်းတက်ဖို့ ပညာသင်ဆုတွေကို ပေးတဲ့သူတွေ ရှိလာမှာပဲ။

ပညာသင်ဆုတွေပေးတဲ့သူတွေကလည်း စာတော်တဲ့သူတွေကိုမှပဲ ပေးတာ။

စာညံ့တဲ့သူတွေ စာမကြိုးစားတဲ့သူတွေကို မပေးဘူး။

ဘယ်သူပြောနိုင်မှာလဲ...သားတို့ သမီးတို့ဆီကို သားတို့သမီးတို့ပညာသင်ဖို့အတွက် ကျောင်းစရိတ် ထောက်ပံ့ပေးမယ့်သူတွေက ရောက်လာမယ် ဆိုတာ ခု ကြိုမြင်ရတာမှ မဟုတ်တာ။ အချိန်တန်ရင် ဖြစ်လာမှာပေ့ါ။

အရေးကြီးတာက သားတို့ သမီးတို့ စာကြိုးစားဖို့စာတော်ဖို့ ။

ကြိုးစားရမှာက သားတို့သမီးတို့ လုပ်ရမယ့် တာဝန်။ ကြိုမသိရသေးတဲ့ အနာဂတ်ကို ကြိုပြီးတော့ စိတ်ပူ မနေရဘူး။

အခု လက်ရှိအချိန်မှာသားတို့သမီးတို့ လုပ်နေတဲ့အလုပ်တွေ၊ ပညာသင်ယူနေတာတွေကိုအကောင်းဆုံး၊ အတော်ဆုံးဖြစ်အောင် ကြိုးစားရမှာက သားတို့သမီးတို့ရဲ့ အပိုင်း။ ကိုယ့်မှာ အဆင်သင့်ဖြစ်နေမှ အခွင့်အရေးပေါ်လာတဲ့အခါမှာ ကိုယ်က အခွင့်အရေးရမှာ။ လူဖြစ်လာတယ်ဆိုတည်းက လူ့တာဝန်တွေရှိတယ် ။

ကျောင်းသားဆိုရင် ကျောင်းတက်ရမယ် စာကျက်ရမယ် စာကြိုးစားရတဲ့တာဝန်တွေရှိတယ်။

ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ရမှာက သားတို့ သမီးတို့ အပိုင်း။

သားတို့ သမီးတို့က ပညာတတ်ကြီးတွေဖြစ်မှ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေဖြစ်လာမယ်။ သိနားလည်တတ်ကျွမ်းတဲ့ ဝန်ထမ်းတွေ တစ်ဦးချင်းစီ စုစည်းထားတဲ့ ဒေါ်လေးတို့ တိုင်းပြည်ဟာလည်းတိုးတက်ပြီး ကြွယ်ဝလာမှာ။ ဒေါ်လေးပြောတာ သဘောတူလား။

(တူပါတယ္)

ဒါဆိုရင်...သားတို့ သမီးတို့ စာကြိုးစားပါမယ်။ အချင်းချင်းရိုင်းပင်းကူညီပါမယ်လို့ ဒေါ်လေးကို ကတိပေးလား။

(ေပးပါတယ္)

ဟုတ်ပြီ...ဒါဆို သားတို့သမီးတို့ ကတိ တည် မတည်၊တကယ် လုပ် မလုပ်ကို ဘယ်တော့ ဒေါ်လေး ပြန်လာ ကြည့်ရမလဲ။ ဘယ်နှစ်နှစ်ကြာရင် ပြန်လာ ကြည့်ရမလဲ။

(တစ်နှစ်)

( ၃ နှစ်)

( ၄ နှစ်)

ဟားဟား...ဟုတ်ပြီ။ ခု ၆ တန်းတွေလည်း ရှိတယ်ဆိုတော့ နောက် တစ်နှစ်ကနေ ဆက်တိုက် ၄ နှစ် လာပြန်ကြည့်ရမှာပေ့ါ။ တကယ်နော်...ဒေါ်လေး ပြန်လာကြည့်မယ်။

ကဲ...အခု ဒေါ်လေးက ဒေါ်လေးပြောချင်တာတွေ ပြောပြီးသွားပြီ။ သားတို့ သမီးတို့ကရော ဒေါ်လေးကို ဘာမေးချင်လဲ။

ဒေါ်လေး ဖြေမယ်။ ဒေါ်လေး သိတာဆို ဒေါ်လေးဖြေမယ်။ ဒေါ်လေး မသိတာ မတတ်တာ ဆိုရင်တော့ ဒေါ်လေးလည်း မသိဘူး ၊ မဖြေနိုင်ဘူးလို့ ပြောမယ်။ ဒေါ်လေး မသိတာကို ဒေါ်လေးက မသိဘူးလို့ ပြောတာ ရှက်စရာမှ မဟုတ်တာ။ မရှက်ပါဘူး။ ကဲ...ဘာမေးမလဲ။ မေးချင်တဲ့သူ လက်ညှိုးထောင်။

ဟော..ဘယ်သူမှ မရှိဘူးပေ့ါ။ ကဲ...ဒါဆို သားတို့ ၊သမီးတို့ နားကြတော့ ။သွားနိုင်ပါပြီ။